Thursday, September 12, 2013

ဆန်ဖရန်စစ္စကိုရောက် မြသီတာသို့ပေးစာ ရေးသူ-ဒဂုန်တာရာ




ဆန်ဖရန်စစ္စကိုရောက် မြသီတာသို့ပေးစာ



တို့မှာ ပြောစရာတွေ ရှိတယ်....။
ပြောစရာတွေ ရှိတယ်ဆိုလို့ အထင်တော့ မကြီးနဲ့။ တို့မှာ ဘာပြောစရာ ရှိမှာလဲ။ တို့က အခုမှ ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာ။ ပြီးခဲ့တဲ့လကမှ ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့လုပ်ခဲ့တာကို။ "ကံ့ကော်ရိပ်" က မလေးရှားခေါက်ဆွဲနဲ့ စင်ကာပူ ကြာဆံကြော် မှာကျွေးတယ်။ ကရ၀ိတ်ကရေခဲမုံ့၊ နေ့လည်ကျတော့ သမ္မတက ဂျပန်ကား သွားကြည့်ကြတယ်။ ရောင်စုံဓာတ်ပုံတွေ ရိုက်ကြတယ်။ အမှတ်တရပေါ့။ မေမေက ပိုက်ဆံကုန်မှာစိုးလို့ အိမ်မှာ မှာကျွေးတာ။ တို့က အင်းလျားလိတ်တို့၊ ကရ၀ိတ်တို့မှာ လုပ်ချင်တာ။ ဖေဖေက အင်းလျားလိတ်တောင် သွားမေးပြီးပြီ။ အလကားပါ။ နောက်ဆုံးကျတော့ ဖေဖေက မေမေ့ကို ကြောက်ရတာပါပဲ။ တို့မွေးနေ့ကို အချစ်ဆုံး သူငယ်ချင်းတွေပဲ ရွေးချယ်ဖိတ်ပါတယ်။

တို့မွေးနေ့ကို ဒေ၀စ္ဆရာဘဂျမ်းရယ်၊ ဖြူပြာညိုလဲ့စိမ်းရယ်၊ အေမီနုရယ်၊ သင်းမြမြစိုးရယ်၊ ၀င်းပပလှမောင်ထွန်းရယ်၊ ခင်ထားအိရယ်၊ ချောချောရယ်၊ ယောက်ျားတွေကတော့ အောင်အောင်ရယ်၊ နန္ဒာမင်းခေါင်နဲ့ စိုင်းသီဟတို့ပဲ။
တို့သူငယ်ချင်းတွေကို နင်သိပါတယ်။ လူသစ်ဆိုလို့ အေမီနုရယ်၊ စိုင်းသီဟရယ်ပဲ ပါတယ်လေ။
အေမီနုက ပြည်နယ်တခုက ပြောင်းလာတာ။ သူ့အဖေက ပြည်နယ် အရာရှိကြီးလေ။ စိုင်းသီဟ ဆိုပြီး ရှမ်းတယောက်လို့တော့ မထင်လိုက်နဲ့၊ သူ့နာမည်ရင်းက သီဟ။ စိုင်းထီးဆိုင်ကို သဘောကျ တာနဲ့ စိုင်းသီဟလို့ လုပ်လိုက်တာ။ သီဟ ဆိုပေမယ့် သိပ်ကြောက်တတ်တာ။ ညအမှောင်ထဲဆို တယောက်တည်း မထွက်ရဲဘူးတဲ့ကွ။
တို့အကြောင်းက ဒါလောက်ပဲ ပြောစရာရှိတာ။ တို့ပြောချင်တာက တို့ဖေဖေ၊ မေမေအကြောင်း၊ တို့ အဖိုးလေးအကြောင်း၊။ တို့ အဖိုးလေးဆိုတာက တို့မေမေရဲ့ အမေရဲ့ မောင်။ ဦးမှိုင်းမြ၊ ဥပဒေ ပါမောက္ခ အငြိမ်းစားဆိုလား။ ပင်စင်လခတော့ ရနေတာ သိတယ်။ တို့ခြံထောင့်က အိမ်ကလေး မှာ နေတယ်လေ။ ၀ါးပင်လေးတွေ ကြားထဲမှာ သူ့ပုံစံ သူရေးပြီးဆောက်ထားတာ။ အိမ်ပတ်ပတ် လည်မှာ ၀ရန်တာက အစိမ်း။ မှန်တံခါး ဘောင်တွေက ဆေးရောင်အဖြူ၊ အတွင်းမှာတော့ အဖြူရောင် သုတ်ထားတယ်။
ဘိုးလေးကပြောတော့ "တောအိမ်" တဲ့။ နာမည်နဲ့လဲ မလိုက်ပါဘူး။ တံခါးတိုင်းမှာ ပန်းပွင့် ခန်းဆီးတွေနဲ့။ နော... ဒါ "တောအိမ်" ဘယ်ဟုတ်မှာလဲ။ အိမ်ထောင် ပရိဘောဂ တွေကတော့ ရှေးက ပုံတွေ ချည်းပဲ။ ပန်းအလိမ်တွေ၊ ပန်းအကြွေတွေနဲ့။ ကုလားထိုင် ခြေထောက်တွေ၊ စားပွဲ ခြေထောက် တွေမှာဆိုရင် ခြင်္သေ့ရုပ်တွေ၊ ကြာပွင့်တွေ ခံထားတယ်။ ခေတ်ဆန်တဲ့ ပစ္စည်းဆိုလို့ ရေဒီယို ကက်ဆက်ရယ်၊ ဓာတ်ပြားဖွင့်တဲ့ စက်ရယ်၊ ဒါပဲ။ တခန်းလုံး စာအုပ်တွေ ချည်းပဲ။ ဘိုးလေးက ဖီလိုဆိုဖီမှာ ဂုဏ်ထူးနဲ့ အောင်လာတာ ဆိုလား။ တို့လည်း ကောင်းကောင်း မသိပါဘူး။
သူ့အခန်းမှာလည်း စာအုပ်တွေနဲ့ ပြည့်နေတာပဲ။ အင်္ဂလိပ်စာအုပ်တွေက များတယ်။ တို့ စိတ်မ၀င်စားတဲ့ စာအုပ်တွေက များပါတယ်။ ဘောဂဗေဒ၊ ဒဿန၊ သမိုင်းတွေ၊ အင်္ဂလိပ်ဝတ္ထု တွေလည်း ရှိတယ်။ တို့ကတော့ အရုပ်ပါတဲ့ စာအုပ်တွေ ရှာတာ၊ စာအုပ်ဖုံးဖို့လေ။ ရှေးက အင်္ဂလိပ်မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေတောင် ရှိတယ်။ မြန်မာဝတ္ထုတွေလည်း ရှိတယ်။ တို့ခေတ်က ၀တ္ထုတွေ မဟုတ်ပါဘူး။ မစ္စတာမောင်မှိုင်းတို့၊ လယ်တီပဏ္ဌိတဦးမောင်ကြီးတို့၊ ပီမိုးနင်းတို့၊ နာမည်တွေ မကြားဖူးပါဘူး၊ အောက်ပါတယ်။ သိတယ်မဟုတ်လား။ တို့ဖတ်တာတွေက ခုခေတ်ဝတ္ထုတွေ၊ အမျိုးသမီးစာရေးဆရာမတွေပေါ့။ ၀တ္ထုတွေ၊ ရုပ်ပြဇာတ်လမ်းတွေ။ တို့က ဇာတ်လမ်းကောင်းမှ ဖတ်တာ။ အဖုံးတွေဆို တို့စိတ်ကူးထဲက ကောင်လေးတွေ၊ ကောင်မလေးတွေမှ ကြိုက်တာ။
တို့ဘိုးလေး အခန်းထဲရောက်သွားရင် ၁၈ ရာစု ပြန်ရောက်သွားသလို၊ ခေတ်ဟောင်းတေး နားထောင်ရသလို။ သိတယ်မဟုတ်လား။ တို့က နှစ်ဆယ်ရာစုနှစ်က လူ။ နည်းနည်းပါးပါးတော့ ကွာရမှာ ပေါ့နော်။ တို့ပြောစရာရှိတယ်ဆိုတာ အဲတာတွေ။
တို့မွေးနေ့ပါတီ လုပ်တာ ဘာပြောတယ် မှတ်သလဲ။ မြန်မာမှာ မွေးနေ့လုပ်တာ မရှိဘူးတဲ့။ အနောက်နိုင်ငံ ယဉ်ကျေးမှုတဲ့။ သူ့လောက် ခေတ်ဆန်တာလည်း မရှိဘူး။ ရေဒီယို နားထောင်ရင်လည်း အင်္ဂလိပ်ဘာသာနဲ့ အသံလွှင့်တဲ့ ကမ္ဘာအရပ်ရပ်က အသံလွှင့်တာတွေ အကုန်နားထောင်တယ်။ ဒါတောင် မွေးနေ့ပါတီလုပ်တာ ပြောချင်သေးတယ်။ တို့တော့ ဘိုးလေးပြောတာ နားကို မလည်ဘူး။ တခု ချစ်စရာကောင်းတာ ရှိတယ်။ သူက ပြောရုံသာပြောတာ အပြစ်မပြောတတ်ဘူး။ တို့ မွေးနေ့လုပ်တာ မလုပ်နဲ့ မပြောဘူး။ သူ့မှာရှိတဲ့ ကက်ဆက်ခွေတောင် ငှားသေးတယ်။ သူ့မှာ ခေတ်ပေါ် သီချင်းတွေ ရှိတယ်။ တို့အံ့သြတာက သူ ရှေးသီချင်းကြီးတွေလည်း ကြိုက်တယ်။ ခေတ်ဆန်ပေ့ ဆိုတာလည်း ကြိုက်တယ်။ တို့တော့ နားလည်လို့ကို မရဘူး။
တို့ဆိုရင် နင်လည်း သိသားပဲ။ ရှေးသီချင်းဆိုရင် ပိတ်လိုက်တာပဲ။ နားထောင်လို့ကို မရဘူး။ တို့ ဘိုးလေးက မြန်မာရှေးသီချင်းကြီးတင်မဟုတ်ဘူး၊ အင်္ဂလိပ် ရှေးသီချင်းကြီးတွေလည်း ကြိုက်တယ်။ အထူးသဖြင့် စန္ဒယားတီးလုံးတို့၊ တယောတို့၊ သံစုံတီးဝိုင်းတို့ပေါ့။ မြန်မာ ဆိုင်းဝိုင်းတွေ ဆိုလည်း သိတ်ကြိုက်တာ။ ဖေဖေတို့ မေမေတို့ကျတော့ တမျိုး။ သူတို့က မေရှင်၊ ဘိလပ်ပြန်သန်း၊ တင်တင်မြ၊ စန္ဒယားချစ်ဆွေ၊ ကိုသန်းလှိုင်တို့ဆို သိတ်ကြိုက်။ တို့က တာတွေ အောက်တယ်ထင်တာ။
တို့ အကြိုက်က နင်လည်းသိတယ် မဟုတ်လား။ ခုခေတ် ပေါ်တာတွေမှ၊ အော်ဂင်တို့၊ ဒရမ်တို့၊ ဂစ်တာတို့မှ။ မြူးမြူးကြွကြွမှ ကြိုက်တာ။ အပူမှ ကြိုက်တာ။ စောင်းကောက်တို့၊ ပတ္တလားတို့ဆို နားထောင်လို့ကို မရဘူး။
တို့က မြန်မာအသံဆို ဘယ်တော့မှ နားမထောင်ဘူး။ စတီရီယိုသီချင်းမှ နားထောင်လို့ရတယ်။ ရုပ်မြင်သံကြားတော့ ရတယ်။ ဖေဖေ မေမေတို့က ရာစုတခေတ်လောက် နောက်ကျတယ်။ ဘိုးလေးတို့ ကတော့ ရာစု နှစ်ခေတ်လောက် အောက်တယ်။
နင်ကော ဘယ်လို သဘောရသလဲ။ တို့တော့ ဟားနေရတာပဲ။ ပျော်တော့ အပျော်သားပဲ။
တို့ထဲမှာ တယောက်တမျိုးတော့ ၀ါသနာတွေ ရှိတယ်။ တို့က ၀တ္ထုဖတ်တယ်၊ ရုပ်ရှင်ကြည့် တယ်။ အေမီနုက လမ်းစဉ်လူငယ် သင်တန်းတက်ဖူးတယ်။ ဒေ၀စ္စရာဘဂျမ်းက ကုက္ကိုင်းရေကူးကလပ် မှာ ပါတယ်။ ဖြူပြာညိုလဲ့စိမ်းက ကားမောင်းရင်း စီးကရက်ဖွာတယ်။ သင်းမြမြစိုးက တရုတ်သိုင်းကား ဆိုရင် မလွတ်တမ်း ကြည့်တယ်။ ၀င်းပပလှထွန်းမောင်ကတော့ ကရ၀ိတ်က ရေခဲမုန့် စားရမှ။ ချောချောကတမျိုး ပြိုင်စက်ဘီး စီးတယ်။ ယောက်ျားရှပ်အင်္ကျီဝတ်တယ်။ ခင်ထားအိက သင်္ကြန်ဆို လျှောက်လည်ရမှ။ ၀င်ကလိုက်ရမှ။ ဒါကြောင့် တယောက်တမျိုးစီလို့ ပြောတာ။ ခြုံလိုက်ရင် အကြိုက်အားလုံး တူကြတယ်။ တို့အထဲ ပြောနေတာက တယောက်စီ တယောက်စီမှာ ရှိကြတဲ့ အကြိုက်ကလေးတွေကိုသာပြောတာ။ ယောက်ျားလေးတွေ အကြောင်းတော့ တို့မသိဘူး။ ဂစ်တာ တော့ ခေါက်တတ်ကြမှာပေါ့။ ပြောစရာတခု ကျန်နေတယ်။ တို့ဖေဖေက အလုပ်ကထွက်ပြီး အခု နိုင်ငံခြားကုမ္ပဏီတခုမှာ ကိုယ်စားလှယ် လုပ်နေတယ်။
တို့အကြိုက်တော့ သိတယ်မဟုတ်လား။ ချော့ကလက်ရယ်၊ ဒစ္စကိုရယ်၊ ရုပ်ပြဇာတ်လမ်းရယ်၊ ချောကလက်ကတော့ ဘယ်လောက်ပေးရ ပေးရ စားတာပဲ။ တရာပေးရတာတောင် ရှိတယ်။ တို့ဘိုးလေးက ဘာပြောတယ်မှတ်သလဲ။ သူတို့ ကျောင်းသားဘ၀က ရုပ်ရှင်ကြည့်ရင်း အပြင်းပြေ စားတာတဲ့။ တို့ နေကြာစေ့စားသလို နေမှာပေါ့။ နက်စလေကုမ္ပဏီလုပ် နို့ချော့ကလက်အပြားကြီးမှ တမတ်တဲ့။ ခေတ်ဟောင်းက ရွှေထီးဆောင်းရတာပဲ ပြောလို့ မဆုံးနိုင်ဘူး။ ဒစ္စကို ဆိုင်းချက်မျိုးဆိုတာ တို့ မြန်မာမှာလည်း ရှိတာပဲတဲ့။ တို့တော့ တခါမှ မကြားဖူးပေါင်။ ရုပ်ပြဇာတ်လမ်း ပန်းချီရေးတဲ့ ကောင်လေးတွေကတော့ သိတ်တော်တာပဲတဲ့။ ဇာတ်လမ်းကောင်းတာတော့ ထည့်မပြောဘူး။ ဒါကြောင့်ပြောတာ။ ရာစုနှစ်ခေတ်လောက် နောက်ကျနေပါတယ်လို့။

xxxx xxxx xxxx xxxx xxxx

တိုခြံနဲ့ ကပ်လျက် လမ်းထောင့်က အိမ်ရှေ့မှာ နတ်ပွဲ ကတယ်။ မဏ္ဌပ်ထိုးကတည်းက တို့က စိတ်ပျက်နေတာ။ တနေ့လုံး ဆူနေမှာ။ ပွဲ စကတည်းက ဆူလဲ ဆူတော့တာပါပဲ။ လူတွေကတော့ အုံနေတာပဲ။ စဲတယ်ကို မရှိဘူး။ မနက်ကတည်းက မိုးချုပ် ရှစ်နာရီလောက်ထိပဲ ဆိုပါတော့။ စည်တော့ အရမ်းစည်။ ကြိတ်ကြိတ်တိုး။ တို့အိမ်က အိမ်ဖော်ဆိုတာလဲ လစ်တာနဲ့ နတ်ပွဲ ရောက်နေတာပဲ။ အလုပ်တောင် ပျက်တယ်။ သူတို့က တောက မဟုတ်လား။ ဒါမျိုး ကြိုက်တာပေါ့။ တို့က နားညည်းတာနဲ့ သွားမကြည့်ပါဘူး။ တို့ ဘိုးလေးကတော့ တနေ့လုံးလိုလို နတ်ပွဲမှာချည်းပဲ။ ပြန်လာရင် အတီးက သိတ်ကောင်းတာပဲ၊ အက ကသိတ်ကောင်းတာပဲနဲ့။ တို့မြို့ထဲထွက်ရင် နတ်ပွဲကို ဖြတ်သွားလို့ လှမ်းမြင် ရပါတယ်။ ကိုယ်တွေ လှုပ်ယမ်းနေတာ တွေ့ရပါတယ်။ အောက်ပါတယ်ကွာ၊ သေသေချာချာတောင် မကြည့်မိပါဘူး။
တို့ သူငယ်ချင်းတွေထဲက ခင်ထားအိက နတ်ပွဲ သိတ်ကြိုက်တာပဲ။ အခုမှ တို့လည်း သိရတာ။ သူက ရောက်ကတည်းက အိမ်မှာကို မထိုင်ဘူး။ နတ်ပွဲ ရောက်သွားတာပဲ။ တို့ ကို အဖော်ခေါ်လို့ မရတော့ သူတယောက်တည်း သွားတယ်။ သူငယ်ငယ်က မန္တလေးမှာ အက သင်ဖူးသတဲ့။ ခုမှ သိရတာလေ။ အက သိတ်ဝါသနာပါတာကိုး။ တို့က "နင် သိပ်အောက်တာပဲ" ပြောရင် ပြုံးပြီး ကြည့်နေတယ်။ သူ့ကို မဏ္ဌပ်အ၀ လိုက်ပို့ရင်း ကိုယ်ကိုတုန်ပြီး ယိမ်းလှုပ်ကနေတာ တွေ့တာချည်းပဲ။ ဆိုင်းကလည်း မြည်လိုက်တာ ရင်ပွင့်မတတ်ပဲ။ ခင်ထားအိကတော့ "ဒါမှ ကလို့ကောင်းတာ" တဲ့။ သူတောင် ကချင်သတဲ့။ တို့လည်း သူ့အနားက ထွက်ပြေးခဲ့ရတယ်။
တတိယနေ့မှာ တို့ ဘိုးလေး ဦးမှိုင်းမြက သူ့မိတ်ဆွေ နိုင်ငံခြားသား ဧည့်သည်တဦး ဧည့်ခံချင် လို့တဲ့။ တို့က စားစရာ သောက်စရာ လာပြင်ပေးပါတဲ့။ မွန်းလွဲ လက်ဖက်ရည်ပွဲတဲ့။ ဘာတွေနဲ့ ဧည့်ခံတယ်ထင်သလဲ။ ရွှေချီမုံ့၊ ငှက်ပျောကြော်၊ မန္တလေးထိုးမုံ့၊ မုန့်ကြာစေ့၊ မုန့်ဟင်းခါး၊ ကရေကရာ၊ အဲဒါကို လက်ဘက်ရည်ကြမ်းနဲ့ တိုက်မတဲ့။ သူ့မိတ်ဆွေ တရုတ်တယောက်က လက်ဆောင်ပေးထားတဲ့ စံပယ် လက်ဖက်ခြောက် ခတ်ရမတဲ့။ ကြည့်စမ်းပါဦး ဘယ်လောက်တုံးသလဲလို့။ တို့က မနေနိုင်တာနဲ့ ကော်ဖီဖျော် ထားပေးတယ်။ သူ မကြိုက်လည်း မတတ်နိုင်ဘူး။ သူ့ စာရေးစပွဲပေါ်က ပုဂံမနူဟာမင်း ဘုရားပုံ အသေးရုပ်တုဆိုလား အဲဒါကို ဖုန်သုတ်ပေးထားရသေးတယ်။ ဘာမှန်းလည်း မသိပါဘူး။
တို့က မွန်းလွဲ နှစ်နာရီလောက် ကတည်းက အဆင်သင့် ပြင်ပေးထားတယ်။ ကိုယ်တော်ချော တွေက လေးနာရီကျော်မှ အိမ်ထဲ ၀င်လာကြတယ်လေ။ တို့ပြောဖို့ ကျန်နေသေးတယ်။ ဘိုးလေးက နိုင်ငံခြား တော်တော်များများ ရောက်ဖူးတယ်။ အခုလာတာ သူ့မိတ်ဆွေ ပါမောက္ခတယောက်တဲ့။ အာရှ၊ အာဖရိကတိုင်းပြည်တွေက ရိုးရာတေးဂီတတွေကို လေ့လာသုတေသနပြုဖို့ လာတာတဲ့။ မြန်မာပြည်က အစ ခရီးလေ။ သူတို့နှစ်ယောက်က နတ်ပွဲမှာ အချိန်ကုန်နေကြတာ။ အိမ်ထဲ ၀င်လာတော့ ကင်မရာတွေ၊ ကက်ဆက်တွေ တလွယ်တပိုးကြီး။
ငှက်ပျော်ကြော်နဲ့ မုန့်ကြာစေ့ကိုတော့ ပူအောင် နွှေးပေးရတာပေါ့။ စားရင်းသောက်ရင်း ရယ်ကာမောက စကားပြောကြတာ၊ ဘာအကြောင်း မှတ်သလဲ။ နတ်ပွဲအကြောင်းလေ။ ဘိုကြီးက နတ်ပွဲတီးတာ၊ အကတွေကို သိပ်သဘောကျနေတာ။ ဆိုင်းဝိုင်းက တူရိယာသမားတွေ စိတ်လှုပ်ရှားပြီး ကိုယ်ကို ယိမ်းလှုပ် တီးနေတာကို သူက "သိပ်ဂီတဆန်တာပဲ" တဲ့။ က တာတွေ၊ တီးတာတွေကို ရုပ်ရှင်ဓါတ်ပုံ ရိုက်ထားတယ်။ အသံသွင်းထားတယ်။ သူသုတေသနပြုစုပြီး ရေးမဲ့ကျမ်းမှာ အကိုးအကား လုပ်ရမယ်တဲ့။
ပါမောက္ခက ငှက်ပျောကြော်ကို စားပြီး "သိပ် အရသာရှိတာပဲ" လို့ပြောရင်း၊ "ဒစ္စကိုတို့၊ ရော့အင်ရိုးတို့ အစရှိတဲ့ ဆိုင်းချက် (ရစ်သမ်ပုံစံ) မျိုးတွေဟာ ခင်ဗျားတို့ တိုင်းပြည်မှာ ကျွန်တော်တို့ အနောက်ထက်စောပြီး၊ ရှိနေတာပဲ၊ နတ်သီချင်းတွေ ဘယ်ခေတ်လောက်က ပေါ်တယ်ထင်သလဲ" လို့ မေးတယ်။
"၁၅ ရာစုနှစ်လောက် ကတည်းက ရှိမယ်ထင်တယ်။ ကျွန်တော်က ဂီတ သမိုင်းဆရာ မဟုတ် တော့ အတိအကျ မပြောနိုင်ဘူးဗျာ၊ ကျွန်တော်တို့ဆီမှာ သုတေသန လုပ်ငန်းက သိပ်မဖွံ့ဖြိုးသေးဘူး"
" နတ်ရဲ့ ၀ိဥာဉ်က ၀င်ပြီး သီဆို ကခုန်တယ်ဆိုတာ ဟုတ်ပါသလား"
ဘိုးလေးက ခေတ္တ ငြိမ်သက်နေတယ်။ ပြီးနောက် တို့ နားမလည်တဲ့ စကားလုံးတွေနဲ့ ပြောကြတယ်။ ပြောဟန်အမူအရာကို ကြည့်ရတာတော့ ဘိုးလေးက သူနားမလည်ကြောင်း ပြောတာနဲ့ တူတာပဲ။
"တီးဟန် ကဟန် တွေကတော့ ကျွန်တော် သိတ်ကြိုက်တာပဲ၊ သိတ်စိတ်ဝင်စားမိပါတယ်"
ပါမောက္ခက သူတခြားက သွင်းလာတဲ့ အိုးစည်သံ၊ ဒိုးပတ်သံတွေလဲ ဖွင့်ပြသေးတယ်။ အားလုံး ပါမောက္ခက ရုပ်ရှင် ရိုက်ကူးထားတယ်။ ဘိုးလေးက သူမသိရင် မသိဘူးပြောတယ်။ သိတယ်ဆိုရင်လည်း သူပိုင်ပိုင်နိုင်နိုင် သိမှ သိတယ်ပြောတယ်။ ဒါတော့ တို့ နားလည်တယ်လေ။ တို့လည်း ဘိုးလေးပြောတာတွေ နည်းနည်း စဉ်းစားချင်လာတယ်။ အခုတလော အင်္ဂလိပ်စာ ကြိုးစား ကျက်မှတ်နေလို့ တို့ကို သဘောကျနေတာ။ အင်္ဂလိပ်စကားကတော့ သတ်သတ် သင်စရာမလိုဘူးတဲ့။ ကိုယ်တိုင်ပြော၊ သူများပြောတာ နားထောင်ရင် တတ်လာမှာတဲ့။ ဒါကြောင့် ဧည့်သည်လာတုန်း သူ့နား ခေါ်ထား တာလေ။ သူတို့ နှစ်ယောက် စကားကောင်းနေကြတာ မှောင်ရော။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီညက ရုပ်မြင်သံကြား အစီအစဉ်မှာ စတူဒီယိုဘီ (အသံလွှင့်ခန်း ၁) က တေးဂီတ ကြည့်ရတယ်။ ဘိုမက စန္ဒယားအဖြူကြီးမှာ ထိုင်တီးပြီးဆိုတယ်။ ကိုယ်ယိမ်းလှုပ်ပြီး အမူအရာနဲ့ ဆိုတယ်။ တို့ သူငယ်ချင်းတွေလည်း ရောက်နေတယ်။ များများတော့ မဟုတ်ပါဘူး။ ခင်ထားအိနဲ့ ဖြူပြာညိုလဲ့စိမ်း၊ အလည်လာရင်း ကြုံလို့ ၀င်ကြည့်တာပါ။ ယိမ်းပုံ၊ လှုပ်ပုံ တုန်ခါပုံက နတ်ပူးသလိုပဲ တကယ်ပါပဲ။ တို့ နတ်ပွဲမှာ ကိုယ်ခါပြီး တုန်ကသလိုပါပဲ။ အဲဒီတော့ တို့လည်း ဘိုကြီး နတ်ပွဲကို သဘောကျနေတာ ကောင်းကောင်း သဘောပေါက်သွားတယ်။
ခင်ထားအိက တို့နားမှာ ထိုင်နေတာ၊ တို့က ပြောပြတော့ သူက "ဟုတ်တယ်ကွ၊ နတ်ကတာနဲ့ တထေရာထဲပဲ" တဲ့။ ခင်ထားအိလည်း ကြည့်ရင်း ကိုယ်လှုပ်တယ်။ သူက သိပ်အက ၀ါသနာပါတာလေ။ ဘိုမ ဆိုတာ၊ လှုပ်တာ ကြည့်ရင်း တို့လည်း စိတ်လှုပ်ရှားလာတယ်။ တို့ ကြိုက်တဲ့ အဆိုတွေ၊ အတီးတွေ၊ အကတွေပဲ။ တို့ အိပ်ရာဝင်တော့ စဉ်းစားစရာတွေ ရလာတယ်။
ဖေဖေ မေမေတို့နဲ့ ဘိုးလေးနဲ့ တို့နဲ့ အယူအဆချင်း၊ အကြိုက်ချင်း၊ ခံစားမှုချင်း မတူတာ၊ ကွာဟနေတာတော့ အမှန်ပဲ။ ဘိုးလေးစကားနဲ့ ပြောရရင်တော့ သဘာဝကျပါတယ်ပေါ့။ ခေတ်ချင်း ကတော့ ဘယ်တူနိုင်ပါ့မလဲနော်။
ဘိုးလေးတို့ ကြီးလာရတာက အင်္ဂလိပ် ကိုလိုနီခေတ်။ ဖေဖေ မေမေတို့ ကြီးလာရတာက ဖဆပလခေတ်။ အခုခေတ်က တို့ခေတ်။ ဘိုးလေးတို့ ခေတ်က ဘတင့်၊ ခင်မောင်ရင်။ ဖေဖေ မေမေ တို့ခေတ်က ကော်လိပ်ဂျင်နေ၀င်း၊ တို့ခေတ်က ကျော်ဟိန်း၊ ဘယ်တူပါ့မလဲနော်။
အခုလေ ပြောရဦးမယ်။ ပြောစရာရှိတယ်ဆိုတာလဲ ဒါပါပဲလေ။ တခု တို့ ဘိုးလေးနဲ့ တူတာ သွားတွေ့တယ်။ စိတ်တောင်မကောင်းဘူး။
တနေ့က တို့ အင်္ဂလိပ်စာ လေ့ကျင့်ခန်း လုပ်နေတုန်း၊ ဘိုးလေး တို့စပွဲနား ရောက်လာတယ်။ တို့က အပြင်ဆရာတယောက်ဆီမှာ ကျူရှင်ယူနေတယ်လေ။ ဘိုးလေးက အင်္ဂလိပ်ဘာသာ သင်ခန်းစာများ ဆိုတဲ့စာအုပ်က " ဗြိတိသျှဘားမား စာပုံနှိပ်တိုက်တွင် ရိုက်နှိပ်သည်။ ၁၉၂၃" ဆိုတဲ့ စာလုံးကို ဖတ်ပြပြီး "အဲဒါ ဘိုးလေးတို့ ငယ်ငယ်က သင်တဲ့ စာအုပ်ပေါ့၊ ကောင်းတယ်၊ ကြိုးစား" လို့ ပြောပြနေတယ်။ ခါတိုင်း ဘိုးလေးတို့ခေတ်က၊ ဘိုးလေးတို့ခေတ်ကလို့ ပြောရင် တို့ကလည်း "(၁၈) ရာစုနှစ်က ဟာတွေပါ၊ ခုခေတ်က (၂၀) ရာစုခေတ်" လို့ ချက်ချင်း ပြန်ချေပလိုက်တာပဲ မဟုတ်လား။ အခုတော့ တို့ ဘာမှ ပြန်မပြောနိုင်ပဲ ငြိမ်နေတုန်း။ အပြတ်ချေဖို့ စကားလုံး ရှာနေတုန်းပေါ့လေ။
စိတ်တောင် မကောင်းပါဘူး...။
တို့ကပဲ ဘိုးလေးတို့ (၁၈) ရာစုခေတ် ရောက်သွားပြီလား... ဒါမှမဟုတ်၊ ဘိုးလေးကပဲ တို့ (၂၀) ရာစုခေတ် ရောက်နေပြီလား၊ တခုခုတော့ တခုခုပဲ။
တို့ အကြောင်းပြောစရာရှိတယ် ဆိုတာ ဒါပါပဲ။ သူငယ်ချင်းရေ။ လူကြုံ ကောင်းရင် တို့ကို ချော့ကလက်နဲ့ စပို့ရှပ် ပို့လိုက်စမ်းပါနော်။

ရှုမ၀ မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၁၉၈၂။

Monday, March 18, 2013

ဒဂုန်တာရာနှင့်တွေ့ဆုံခြင်း-အချစ်ဆိုသည်မှာ..... တွေ့ဆုံမေးမြန်းသူ- မိုးဇံ




{ဆရာဒဂုန်တာရာကို ၁၉၁၉၊ မေလ (၁၀)၊ စနေနေ့မှာ ဖွားမြင်ပါတယ်။ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ ထိုင်ကူမြစ်တန်းရွာ ဇာတိဖြစ်ပါတယ်။ ဆရာဟာ ခေတ်ဆန်းစာပေလှုပ်ရှားမှုရဲ့ နောက်မှာ စာပေသစ် ကြွေးကြော်သံနဲ့ တာရာမဂ္ဂဇင်းကို ထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။ အတွေးအခေါ် အယူအဆ တင်ပြပုံ အဖွဲ့အနွဲ့ ဆန်းသစ်တဲ့ ကဗျာ၊ စကားပြေများကို ရေးသားသူအဖြစ် ထင်ရှားပါတယ်။ စန္ဒရား အတီးကောင်းသူ၊ ငြိမ်းချမ်းရေးကို မြတ်နိုးသူ အဖြစ်နဲ့လည်း လူသိများလှပါတယ်။ ဂျာနယ်ကျော်မမလေးက သူ့ကို- "သူသည် သာမန်လူများလို ချစ်ခြင်း၊ မုန်းခြင်း၏ လွှမ်းမိုးခြင်းကို မခံ၊ ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ၊ ယုံကြည်မှုဝါဒအတိုင်းသာ ဖြေင့်မတ်စွာ လုပ်သူ ဖြစ်ပေသည်။ သူ့စိတ်ထဲတွင် ယုံကြည်သည့် အချက်ကိုသာ လုပ်သည်၊ ပြောသည်၊ ရေးသည်။ ဤအချက်ကား အမှန်စင်စစ် သူ့အပေါ်တွင် သူအလွန်ရိုးသားသော အချက်ဖြစ်သည်။"
"သူသည် ထူးချွန်ထက်မြက်လှစွာသော အနုပညာသည် ဖြစ်လေသည်။ စာပေတွင် စကားလုံးများကို စပ်ဟပ်သီကုံးသကဲ့သို့ပင် စန္ဒရားတွင်လည်း စပ်ဟပ်သီကုံး တီးလေသည်။
အဘက်ဘက်မှ ပြည့်ဝခြင်း ပါရမီမှာ မယုံနိုင်လောက်အောင်ပင် ဖြစ်ရလေသည်။" လို့ 'ဒဂုန်တာရာ၏ ဒဂုန်တာရာ' ရဲ့ အမှာစာမှာ ရေးသားခဲ့ဖူးပါတယ်။ ဆရာဒဂုန်တာရာနဲ့ ၂၈ စက်တင်ဘာ ၂၀၀၀ နဲ့ ၂၉ စက်တင်ဘာ ၂၀၀၀ နေ့များက ယခု ဆရာနေထိုင်ရာ အောင်ပန်းမြို့ က နေအိမ်မှာ အချစ်ဆိုတဲ့ ခေါင်းစဉ်နဲ့ စကားအတန်ကြာအောင် ပြောဆိုဆွေးနွေးဖြစ်ခဲ့ ပါတယ်။ -ဗြူတီမဂ္ဂဇင်း-}


မိုး။ ။ ကျွန်တော်ဒီကို လာခါနီးမှာ ဆရာပါရဂူနဲ့ တွေ့တယ်ဆရာ။ ဗြူတီ မဂ္ဂဇင်း အမှတ်(၇) မှာ ပရဟိတဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာပါနဲ့ ကျွန်တော်နဲ့ အင်တာဗျူးတဲ့အကြောင်း ပြန်ပြောဖြစ်တယ်။ အဲဒါကို အကြောင်းပြုရင်း ကျွန်တော်က အောင်ပန်းသွားပြီး ဆရာဒဂုန်တာရာနဲ့ အင်တာဗျူး သွားလုပ်မလို့ ဆိုတဲ့အကြောင်း ပြောမိတယ်။ ပြီးတော့ ပြောမယ့်ခေါင်းစဉ်က 'အချစ်' လို့ပြောလိုက်တော့ ဆရာပါက ရယ်တယ်။ နောက်ဆရာဒဂုန်တာရာကို စကားကြုံ ပါးလိုက်ချင်တယ်လို့ပြောတယ်။ "ဒဂုန်တာရာ၊ ခင်ဗျားဘာမှ ဝေ့လည်ကြောင်ပတ်တွေ မဖြေပါနဲ့ တည့်တည့်ပြောပါ" လို့ ကျွန်တော့်ကို စကားပါးလိုက်ပါတယ်။

တာရာ။ ။ ဟား...ဟား...ဟား... (ခပ်ဖွဖွ ရယ်ပါတယ်) ဟုတ်တယ်။ ပါရဂူက 'စ' တတ်တယ်ဗျ၊ ကျွန်တော်ကတော့ မေးတာကို ဖြေလို့ရသမျှ ဖြေမှာပါ။

မိုး။ ။ ဆရာ အချစ်ဆိုတာကို ဘယ်လို နားလည်သလဲ၊ ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုပါသလဲ။

တာရာ။ ။ နေဦး၊ ကျွန်တော်က မေးတဲ့သူကို မေးခွန်းပြန်မေးရလိမ့်မယ်။ ကိုမိုးဇံက ဘယ်လို နားလည်ထားသလဲ။ ဒါဟာ ကျွန်တော်နဲ့ သဘောချင်း တူချင်လည်း တူမယ်။ တူချင်မှလည်း တူမယ်ပေါ့ဗျာ။

မိုး။ ။ ဟုတ်ကဲ့။ ကျွန်တော်ရဲ့ ယေဘူယျအမြင် ပြောရရင်တော့ အချစ်ဆိုတာဟာ ဒြဗ်မဲ့ကိစ္စ၊ နူးညံ့သိမ်မွေ့တဲ့ ကိစ္စပါ။ ရင်ခုန်ပြီး ပေါက်ဖွားလာတာလို့ ယူဆပါတယ်။ ဒါဟာ ကျွန်တော်က ကောင်မလေးတယောက်နဲ့ တွေ့ဆုံစကား ပြောလိုက်တဲ့အခါမှာ ရင်ခုန် ပေါက်ဖွား လာတာမျိုးချည်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ဥပမာ ဆရာရယ်၊ ကျွန်တော် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကသာ ရွှေကူဘက်ကို ရောက်တယ်။ အဲဒီမှာ၊ ရွှေကူမှာ ဧရာဝတီမြစ်ထဲ ရေဆင်းချိုးတော့ အဲဒီမြစ်ကမ်းစပ်မှာ မှောက်အိပ်ရင်း၊ ဧရာဝတီမြစ် ရေစီးသံကို နားထောင်ရင်း၊ ဒီမြေကြီးနဲ့ ဒီမြစ်ရေတွေကို ထိထားရင်း ကျွန်တော့်ရင်ထဲမှာ တဒိတ်ဒိတ်နဲ့ ကိုယ့်ပြည်ကိုယ့်မြေ ကိုယ့်ရေဆိုတာကို ချစ်ခင်တွယ်တာစိတ် ကျကျနနကြီး ပေါ်လာဖူးတယ်ဆရာ။ အဲဒါမျိုးလည်း အကျုံးဝင်မှာပေါ့။

တာရာ။ ။ အင်း....၊ ကျွန်တော်ကလည်း အချစ်ဆိုတဲ့ စကားလုံး သုံးဖူးပါတယ်။ ဥပမာ တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားတို့ နှစ်ငါးဆယ်လောက် ရန်ဘက်ပြု ဆက်ဆံခဲ့ကြ တယ်။ အခု ပြန်ပေါင်းကြပြီ၊ သမတနှစ်ယောက်လည်း တွေ့ပြီးဆိုတော့ ကျွန်တော်က ဆောင်းပါးတပုဒ် ရေးတယ်။ တောင်နှင့် မြောက်ကိုးရီးယားတို့၏ ချစ်ရနံ့။ အဲဒီတော့ ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်က ကျွန်တော့်အတွေ့အကြုံအရပေါ့ဗျာ၊ ပြီးတော့ စာထဲမှာ ဖတ်ထားတာ အရကတော့ စာထဲပေထဲတော့ ဘာသာရေးဆိုတော့ ပါဠိလိုပေါ့ဗျာ၊ မေတ္တာဆိုတာ။ ကျွန်တော်တို့ ဘာသာစကားမှာတော့၊ ချစ်တယ်ရယ်၊ ကြိုက်တယ်ရယ် နှစ်မျိုး သုံးလို့ရတယ်။ ယောက်ျလေးတယောက်နဲ့ မိန်းကလေးတယောက် လူငယ်ဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ်ပေါ့။ သူတို့ကြားထဲမှာ ကြိုက်တယ်ဆိုတာ သုံးတယ်၊ ချစ်တယ်လို့လည်း သုံးကြတယ်။
ကျွန်တော်ကတော့ ချစ်တယ်ဆိုတာကို ခုနက ကိုမိုးဇံပြောသွားတဲ့ အထဲမှာလဲ ပါပါတယ်။ ချစ်တယ်ဆိုတာ ပန်းတပွင့် လှတယ်၊ မွှေးတယ်၊ ဒါ အာရုံငါးပါးထဲမှာ မျက်စိအမြင်၊ အကြည့်၊ ရနံ့တို့ပေါ်တယ်။ ဒါလည်း အချစ်ပဲလို့ ကျွန်တော်ယူဆတယ်။ တောင်နဲ့မြောက် ကိုးရီးယားတို့ ချစ်တယ်ဆိုတာဟာလည်း ငြိမ်းချမ်းရေးလို့ အဓိပ္ပါယ်ထွက်တယ်။ ကျွန်တော်က တော့ အချစ်နဲ့ ငြိမ်းချမ်းရေးဆိုတာ စာလုံးချင်းကွဲပေမယ့် အဓိပ္ပါယ်သက်ရောက်မှုချင်း အတူတူပဲလို့ ခံယူထားတယ်။
ငြိမ်းချမ်းရေး မြတ်နိုးတယ်ဆိုတာ ငြိမ်းချမ်းရေး လိုအပ်တာပဲ။ ဘာကြောင့် ငြိမ်းချမ်းရေး ဆိုတာ ရှိသလဲ။ ကိုယ့်ပြည်တွင်းမှာပဲ ဖြစ်ဖြစ်၊ ကမ္ဘာမှာပဲ ဖြစ်စေ၊ အားလုံးပေါ့။ တလောကလုံး သုံးတဲ့ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးဆိုတာ ခွဲခြားမှု မရှိပါဘူး။ ငြိမ်းချမ်းရေးဆိုတာ တယောက်နဲ့တယောက် ချစ်တာပဲ။ တပြည်နဲ့တပြည် ချစ်တာပဲ။ အယူအဆ၊ နိုင်ငံရေး အယူအဆ မတူရင်လဲ ချစ်တာပဲ။ ချစ်တယ်ဆိုရင် ဘာတွေပါသလဲဆိုတာကို ကြည့်တော့ ခွင့်လွှတ်ခြင်းဆိုတာ ပါတယ်။ အမှားအမှန်ဆိုတာကတော့ ကိုယ့်အမြင်နဲ့ ကိုယ်ပြောကြတာပဲ။ ကိုယ်ကြိုက်တာနဲ့ ပြောတာပဲ။ အလင်းနဲ့အမှောင်၊ အရောင်၊ မွှေးရနံ့ အဲဒါတွေကလည်း တယောက်နဲ့တယောက်၊ သဘောကျတာချင်း၊ ကြိုက်တာချင်း မတူကြဘူး။ ကိုယ်ကြိုက်တာ ကိုယ်ပြောကြတာပဲ။ ဒါပေမယ့် မတူပေမယ့် ခွင့်လွှတ်နိုင်တယ်။ ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်မှာ ခွင့်လွှတ်တယ်၊ ပြီးတော့ လိုလားတယ်ဆိုတာ ပါတယ်။ ချစ်တယ်ဆိုရင် လူ တယောက်နဲ့ တယောက်ဖြစ်စေ၊ တဖက်နဲ့ တဖက်ဖြစ်စေ၊ အဖွဲ့အစည်း တခုနဲ့တခုဖြစ်စေ၊ လိုလားတယ်။ သူကောင်းဖို့ကို ကြည့်တယ်။ အပြန်အလှန် ကြည့်ကြတယ်ဗျာ။ ပြီးတော့ သည်းခံတယ်။ ဒါတွေဟာ အချစ်ထဲမှာ ပါတယ်။ လောကမှာ မတူနိုင်ဘူးလေ။ ခေတ်ကလည်း အမျိုးမျိုး ပြောင်းလဲနေတယ်။ အတွေ့အကြုံကလည်း အမျိုးမျိုး ရှိတယ်ဗျာ၊ အသက်အရွယ်လည်း မတူကြဘူး။ သူ့ရဲ့ ပညာရေး မတူကြဘူး။ ဒါပေမယ့် မတူပေမယ်လို့ ဘာကြောင့် မချစ်နိုင်ရမှာလဲ။ ချစ်လို့ ရတယ်ပေါ့ဗျာ။ ဒီအချစ်ဆိုတာ မွန်မြတ်တယ်။
ကျွန်တော့ အတွေ့အကြုံအရ ကျွန်တော် ချစ်တာတွေ အများကြီးပဲ။ ပန်းတပွင့်၊ အရောင်လေးတွေ ကျွန်တော်ချစ်တယ်ဗျာ။ နှင်းဆီ အနီ၊ အ၀ါ အဲဒါ ကျွန်တော် ချစ်တယ်။ ပန်းရနံ့ ကျွန်တော် ချစ်တယ်။ ရနံ့သင်းသင်းလေး ကျွန်တော်ချစ်တယ်။ ကြိုင်နေတာမျိုးလည်း ကျွန်တော် ချစ်တယ်။ စာလည်း ဒီလိုပဲ ရသရှိတဲ့စာတွေ ကျွန်တော်ချစ်တယ်။ လူသားတွေကိုလဲ ဒီသဘောမျိုးပဲ။ တယောက်နဲ့တယောက် ချစ်တယ်ဆိုတာမျိုး ရှိတယ်။ သို့သော်လည်းပဲ ကမ္ဘာမှာကတော့ဗျာ၊ အချစ်နဲ့ ဆန့်ကျင်ဘက် အမုန်းဆိုတာ ရှိတယ်။ ဒါကလည်း ဆန့်ကျင်ဘက်အကြောင်း ထည့်ပြောမှ ပြည့်စုံမယ်။ အဲဒီအထဲက အမှန်တရားကို ရှာမယ်ဆိုရင် အများအကျိုးကို ကြည့်ရင်၊ ချစ်တာဟာ ကမ္ဘာကြီးအတွက် ဖြစ်စေ၊ မိမိတို့ လူသားတရပ်လုံးအတွက်ဖြစ်စေ၊ ပတ်ဝန်းကျင်အတွက်ဖြစ်စေ ကောင်းတဲ့ကိစ္စပဲ၊ မုန်းတယ် ဆိုတာက မကောင်းတဲ့ဘက်၊ အကျိုးမပြုတဲ့ဟာပဲ။ ဆန့်ကျင်ဘက်ကကြည့်ရင်း၊ သည်းမခံဘူး။ အကျိုးကို မလိုလားဘူး။ ခွင့်မလွှတ်ဘူးပေါ့။ ဒါတွေဟာ အမုန်းနဲ့ ပတ်သက်တာတွေပေါ့။ ဒီတော့ အချစ်ဆိုတဲ့ အဓိပ္ပါယ်မှာ လူသားတွေ အားလုံးအတွက် ဆိုတာပါပဲ။ ကျွန်တော်ထင်တယ်။ ဗုဒ္ဓရဲ့ တရားတော်ဟာလည်း အချစ်တရားပဲဗျ။ ပါဠိဆိုရင်တော့ မေတ္တာ ပေါ့ဗျာ။ ကိုယ့်ဘာသာစကားနဲ့ ပြောရင် အချစ်ပေါ့။ ငြိမ်းချမ်းရေးပဲပေါ့။ ငြိမ်းချမ်းရေးဆိုတာ ညီညွတ်တာပေါ့။ မတူတာတွေရှိတယ်။ ဒါပေမယ့် မတူတာတွေက ပေါင်းစပ်လို့ ရပါတယ်။ ညီညွတ်ရေးရှိမှ ငြိမ်းချမ်းရေး ရှိတယ်။ ဒါဟာ ချစ်တဲ့တရားပဲ။ ချစ်အောင်လုပ်တဲ့ တရားပဲ။ ငြိမ်းချမ်းရေး၊ အချစ်၊ အလှအပ ဆိုတာတွေဟာ တကယ်တော့ အတူတူပါပဲ။

မိုး။ ။ အဲဒါဆိုရင် ဆရာရယ်၊ အချစ်ဆိုတာဟာ နှလုံးသားထဲက ကိစ္စလား၊ ဦးဏှောက်ကကိစ္စလား။

တာရာ။ ။ ဒါက မေးသင့်မေးထိုက်တဲ့ မေးခွန်းပဲ။ နှလုံးသားနဲ့ ဦးဏှောက်ဆိုတာ လည်း မူရင်းအားဖြင့်တော့ ဆက်စပ်တယ် ထင်တာပဲ။ ဦးဏှောက်ထဲမှ အာရုံငါးပါး၊ အာရုံခြောက်ပါးရဲ့ တည်ရာပဲဗျ။ နှလုံးသားဆိုတာက နှလုံးသားထဲက ချစ်တယ်၊ အလှအပကို သဘောကျတယ်။ ရနံ့ကိုကြိုက်တယ်။ အာရုံငါးပါး ခံစားမှုပေါ့ဗျာ။ အဲဒါတွေကို သတင်းပို့တာ က ဦးဏှောက်ကပါ။ ဒီတော့ ဦးဏှောက်ရဲ့ အလုပ်ထဲမှာ ခံစားမှုဆိုတဲ့ နှလုံးသားလဲ ပါတယ်။ အဲဒီလို ပါပြီးတော့မှ အမှတ်အသား လုပ်တဲ့အခါမှာ ခွဲလိုက်တာနဲ့ တူပါတယ်။ အဲဒီအခါမှာ ဦးဏှောက်ရဲ့ အလုပ်ပေါ့ဗျာ။

မိုး။ ။ ကျွန်တော် ဆိုလိုတာက သင်္ကေတသဘောနဲ့ တင်စားပြောတဲ့ နှလုံးသားနဲ့ ဦးဏှောက်ပါ။ တကယ့် အလုပ်ကတော့ ဆရာပြောသလိုပါပဲ။ တင်စားတဲ့အနေနဲ့ကတော့ နှလုံးသားကို ခံစားမှု၊ အာရုံပေါ့လေ၊ ဦးဏှောက်ကိုတော့ တွေးတောဆင်ခြင်ဥာဏ်နဲ့ တင်စားတာပေါ့။

တာရာ။ ။ တင်စားပြောတာကတော့ နှလုံးသားဆိုတာက ခံစားမှု အာရုံပေါ့ဗျာ။ ဦးဏှောက်ကတော့ တွေးတာခေါ်တာပေါ့။ ဒါပေမယ့် ဒါဟာ တခြားစီတော့ မဟုတ်ဘူး ထင်တယ်။ ဒါက ဆက်စပ်တယ်။ ဒဿနဗေဒမှာလည်း ဒါဟာ ဆက်စပ်မှု ပါတယ်ထင်တယ်။ အသိပေါ့။ ဟို..... အလှအပတခုကို မြင်တယ်ဆိုပါတော့ဗျာ။ မိန်းကလေးတယောက်ဖြစ်စေ၊ ပန်းတပွင့် ဖြစ်စေ၊ ကောင်းကင်ပြာလဲ့လဲ့ ဖြစ်စေပေါ့။ မြင်ကွင်းတွေ မြင်တဲ့အခါ ဒါကို ခံစားလိုက်တာပဲ။ ဒါကို နှလုံးသားလို့ ဆိုတာပဲ။ ဒါ ဘယ်ကတဆင့် သွားသလဲဆိုရင် အာရုံငါးပါးကသွားတယ်။ အဲဒီက သွားပြီးမှ သိရတယ်။ အဲဒီကမှ မှားတယ်၊ မှန်တယ်၊ ယုတ္တိရှိတယ်၊ မရှိဘူး၊ လုပ်သင့် မလုပ်သင့် ဆိုတဲ့ ဟာတွေကျတော့ ဆုံးဖြတ်တယ် ဆိုတဲ့အခါကျတော့ ဒီနှစ်ခုကို ပေါင်းစပ်ပြီးတော့ လုပ်နေတာပေါ့။ ဒါကို အာရုံသိလို့ ခေါ်နေတာပေါ့ဗျာ။ စာပေ၀တ္ထု တွေမှာတော့ နှလုံးသားလို့ သုံးတာပေါ့။ ကျွန်တော်ကလည်း သုံးဖူးပါတယ်။ ရင်ခုန်သံလို့။ ရင်ခုန်သံဆိုတာ ဒါပဲ၊ သီချင်းတပုဒ် ကြိုက်တာလေး ကြားရတဲ့အခါမှာ၊ လှတာလေး တွေ့တဲ့အခါမှာ ရင်ခုန်တယ်ပေါ့။ ဒါဟာ နှလုံးသားရဲ့ အမူအယာလေ။ နှလုံးသားကို ကျွန်တော်တို့က မြင်ရတာ မဟုတ်ဘူးလေ။ နှလုံးသားကို ရင်ခုန်သံကတဆင့် သိရတာပေါ့။ ရင်ခုန်သံက နှလုံးသားရဲ့ ရုပ်အမူအယာပေါ့။ အဲဒီလို နှစ်ခုကတော့ ဆက်စပ်နေတာပါပဲ။

မိုး။ ။ ဆရာ့စာတွေကို ဖတ်ပြီး ဆရာ့ကို အကဲခတ်ရတဲ့အခါမှာ ဆရာဟာ အင်မတန် နူးညံ့တယ်ဆိုတာ ပေါ်လွင်ပါတယ်။ ပြီးတော့ သဘာဝကြီးကို တွေ့ထိခံစားမိတဲ့အခါမှာ ဆရာဟာ ရင်ခုန်လာပြီး ချစ်စိတ်တွေ ပေါ်နေတယ်ဆိုတာမျိုးကိုလည်း ခန့်မှန်းလို့ ရပါတယ်။ နေရောင်၊ လရောင်၊ ပန်းပွင့်၊ လေညှင်းပေါ့။ ဆရာ့ရဲ့ အချစ်က ပေါ်လွင်တယ်လို့ ထင်တယ်။ လူသားတွေ အပေါ်မှာလည်း ငြိမ်းချမ်းရေး၊ လူမျိုးစုံ ချစ်ကြည်ရေးဆိုတဲ့ အခြေခံနဲ့ ဆရာ့ရဲ့ အချစ်မေတ္တာတရား ဆိုတာတွေကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ ဆရာက မိန်းကလေးတယောက်ကို၊ အမျိုးသမီးတယောက်ယောက်ကို ချစ်တယ်ဆိုတာမျိုးရော ရှိပါသလား။

တာရာ။ ။ ကျွန်တော့် ၀တ္ထုတွေ ကဗျာတွေမှာ ပါပါတယ်။ သေသေချာချာ ဖတ်ပြီး စာလုံးတွေရဲ့ နောက်ကွယ်မှာရှိတဲ့ ဘယ်လိုဇာတ်လမ်း၊ ဘယ်လိုခံစားမှု၊ ဘယ်လိုအဖြစ်အပျက် တွေ ပါတယ်ဆိုတာကို တွေးရင် တွေ့နိုင်ပါတယ်။ ချစ်ရနံ့ရနိုင်ပါတယ်ဗျာ။

မိုး။ ။ ဆရာဟာ နှလုံးသား အလွန်နူးညံ့သူဆိုတော့ မိန်းကလေးတွေ အများကြီးကို ချစ်မိခဲ့ဖူးမှာပဲ ထင်တယ်။ မချစ်မိဘူးလား။

တာရာ။ ။ ချစ်မိနိုင်တာပေါ့ဗျာ၊ ချစ်မိတာတွေလည်း ရှိကောင်း ရှိမယ်ပေါ့ဗျာ။ ဒါကလည်း နှစ်ဖက်ပေါင်းမှ ဖြစ်နိုင်တာကိုး။

မိုး။ ။ ဒီလို နှစ်ဖက်ပေါင်းသွားတဲ့ အချစ်မျိုး မပေါ်ဘူးလား။

တာရာ။ ။ ပေါ်ရင်လည်း ပေါ်ဖူးမှာပေါ့ဗျာ။ ဒါက သိပ်အရေးမကြီးပါဘူး။ အချစ်ဝတ္ထုတွေ ဆိုပြီး ၀တ္ထုရေးဆရာတွေ ရေးကြတာရှိတယ်။ အချစ်အကြောင်းဆိုပြီ သူတို့ ရေးရာမှာ ဘယ်တကွက်ပဲ ရေးသလဲဆိုတော့ မိန်းကလေးနဲ့ ယောက်ျားလေး။ အဲဒါကိုပဲ ရေးတယ်။ ဒါက အချစ်ဆိုတာဟာ လောကမှာတော့ ဒါဟာ ကြီးကျယ်တယ်ပေါ့ဗျာ။ လူတိုင်း မကင်းကြဘူးကိုး။ ချစ်တယ်ဆိုတဲ့ ကိစ္စကတော့ ဒီလောက်မကဘူး။ ကျယ်ပြန့်တယ်ပေါ့ဗျာ။ ငြိမ်းချမ်းရေးကို ချစ်တယ်။ အလှအပကို ချစ်တယ်။ ငြိမ်းချမ်းရေးဆိုတာ လူသားအချင်းချင်းကို ချစ်တာပေါ့။

မိုး။ ။ ဟုတ်ကဲ့။ အဲဒီလိုချစ်တဲ့ နေရာမှာ လူတွေထဲမှာပေါ့။ သိသိမှတ်မှတ်ချစ်တာ။ ဥပမာ ဆရာဆိုရင် ဆရာချစ်တဲ့ မိတ်ဆွေတွေအကြောင်းကို ရေးဖူးပါတယ်။ အဲဒီလို သိသိမှတ်မှတ် စွဲပြီး ချစ်တဲ့သူတွေအကြောင်း ပြောပြပါလား။

တာရာ။ ။ အဲဒါကတော့ ချက်ချင်းပြောလို့ ရချင်မှ ရမယ်။ ကိုယ်စွဲစွဲ၊ မြဲမြဲ ဒီအသက် အရွယ်ထိပေါ့ဗျာ။ ချစ်တယ်ဆိုတာ ခုပြောရင်းမှ ပေါ်လာတယ်။ မပြောင်းလဲဘဲ စွဲစွဲမြဲမြဲရှိတာလည်း အချစ်မှာ အရေးကြီးတယ်။ ကျွန်တော် အနုညာ၊ သဘာဝအလှ၊ ရေမြေတောတောင်၊ နေလ၊ ကြယ်တာရာ၊ ပန်းချီပေါ့ဗျာ။ ဒါတွေကို ချစ်တယ်။ ဟိုတုန်းကလည်း ချစ်တယ်။ ခုလည်းချစ်တယ်။ မထူးပါဘူး။ တခါတလေမှာ ကျွန်တော်က မေးရတယ်။ ကျွန်တော်က မျက်စိမကောင်းတော့ဘူးလေ။ မိုးလင်းခါနီးနေပြီ။ ပြာလဲ့လဲ့ရှိလား၊ ကလေးကို မေးရတယ်။ ပန်းတပွင့်ဆိုရင်လည်း ကျွန်တော် သေသေချာချာ ကိုင်ကြည့်တယ်။ စမ်းကြည့်တယ်။ အနံ့ခံကြည့်တယ်။ မေးတယ် ဘာအရောင်လဲ။ ဖြူလား နီလားပေါ့။ ကျွန်တော်မနေနိုင်ဘူး။ ဆိုတော့ ချစ်တဲ့ စိတ်က ပြောင်းမသွားဘူး။ ကိုယ်အာရုံခံစားမှု၊ အာရုံရုပ်က မျက်စိမကောင်းဘူးဆိုတော့ လျော့သွားတာ ရှိမယ်။ ကျန်တာကတော့ စန္ဒရားတီးတယ်။ ခုလည်း ကီးဘုတ်ပေါ့ဗျာ။ တီးတယ်။ လျော့မသွားဘူး။ ကဗျာလည်း ဒီလိုပဲ။ ကျွန်တော်ရေးတယ်၊ လျော့မသွားဘူး။ ဒါကျွန်တော်ချစ်တဲ့ ဟာတွေပဲ။ ဒါတွေ မပြောင်းလဲသွားဘူး။ အဲဒါမှ တကယ့်အချစ်ပေါ့။ ဒါမှ အချစ်စစ်၊ လျော့သွား ပြောင်းလဲသွားရင် တကယ့်အချစ် မဟုတ်ဘူးလို့ ထင်တာပဲ။

မိုး။ ။ သဘာဝ၊ ဂီတ၊ ကဗျာ၊ အနုပညာ၊ ငြိမ်းချမ်းရေး ဒါတွေကို ဆရာ မြတ်နိုးတယ်။ ချစ်တယ် မပြောင်းလဲဘူးပေါ့။

တာရာ။ ။ ဟုတ်တယ်၊ ငြိမ်းချမ်းရေးဆိုရင် ကျွန်တော် အဖွဲ့အစည်းနဲ့ သေသေချာချာ လုပ်ဖူးတာ ဒီတခုပဲ ရှိတယ်။ ဒါ ချစ်တာပေါ့။ ဒီနေရာမှာ အချစ်ဆိုတဲ့ စကားလုံးသုံးရတာ စကားလုံးရဲ့ အဓိပ္ပါယ်သက်ရောက်မှုက ပေါ့ချင်တယ်။

မိုး။ ။ ဒါပေမယ့်လည်း တခြားစကားလုံးလည်း အစားထိုးစရာ မရှိဘူးထင်တယ်။

တာရာ။ ။ မရှိဘူး။ ဟုတ်တယ်။ ကျွန်တော်ကတော့ သုံးတယ်။ ပန်းလေးချစ်တယ် ကွာ။ ဒီလို သုံးတတ်တယ်။

မိုး။ ။ လူတွေကို ချစ်တယ်မဟုတ်လား။

တာရာ။ ။ ချစ်တာပေါ့။ ငြိမ်းချမ်းရေးဆိုတာ လူသားတွေကို ချစ်တာပေါ့။ လူတွေထဲမှာလည်း ဆန့်ကျင်ဘက်ကတော့ ရှိတာပေါ့။ ဒါပေမယ့် ဆန့်ကျင်ဘက်ရဲ့ အတင်းမာဆုံး ပုံစံနဲ့ မပြနဲ့ပေါ့။ မတူတာက အရေးမကြီးပါဘူး။ မတူဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူနေနိုင်တယ်ဆိုတာက အချစ်တရားပဲ။ အချစ်တရားက တူရမယ်လို့ မဆိုလိုဘူး။ ကောင်လေးနဲ့ ကောင်မလေး ချစ်တယ်ဆိုတာ မတူတာချင်း ပေါင်းတာပဲ။ ဒီသဘောတရားကို ကျွန်တော် ရေးဖူးပါတယ်။ ဆန့်ကျင်ဘက်တို့၏ ညီညွတ်ခြင်းပေါ့။ ကျွန်တော် ခရမ်းရောင် ကြိုက်တယ်။ ခရမ်းရောင်ဟာ အနီနဲ့အပြာ ပေါင်းစပ်ထားတာ၊ အနီနဲ့ အပြာဆိုတာ ဆန့်ကျင်ဘက်၊ အနီက အပူရောင်၊ အပြာက အအေးရောင်၊ ဒါဟာ ဆန့်ကျင်ဘက်ကနေ ထွက်လာတာ ခရမ်းရောင်က ပိုတောင်လှသေးတယ်။ ငြိမ်းချမ်းရေး ဆိုတာလည်း ဒါပဲ။ ငြိမ်းချမ်းရေးလုပ်ငန်းဆိုတာ မတူတာတွေကို ပေါင်းစပ်ပေးတာပဲ။ အမုန်းနဲ့ မဖြေရှင်းနဲ့ပေါ့။ အမုန်းရဲ့ အမူအယာတွေကတော့ စစ်တို့၊ အကြမ်းဖက်တာတို့ပေါ့။ ဒါကြောင့် ကျွန်တော်က ရေးတယ်။ ရန်သူမရှိ မိတ်ဆွေသာရှိလို့။

မိုး။ ။ ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့်သူကျတော့ ရန်သူ ဖြစ်မလာဘူးလား။

တာရာ။ ။ ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့်လူက ဒီနေရာမှာ ရန်သူဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူး။ ရန်သူဆိုတဲ့ စကားလုံးက တဖက်နဲ့တဖက် အပြတ်ချေမှုန်းဖို့ သုံးတာကိုး။ တကယ်က အဲဒီလို အပြတ်ရှင်းလို့ မရဘူး။ ကမ္ဘာကြီး မငြိမ်းချမ်းတာ အဲဒါကြောင့်ပါတယ်။ အပြတ်ရှင်းချင်ကြတာကိုး။ အခုတော့ အဲဒီခေတ်က လွန်စပြုပြီ ထင်တယ်။ တယောက်နဲ့ တယောက် အပြတ်ရှင်းစရာ မလိုဘူးလို့ ထင်ပါတယ်။ အခုတော့ စစ်အေးခေတ် လွန်လာပြီ။ ခု ဆိုဗီယက်အုပ်စု မရှိတော့ဘူး။ တဖက်ကအေးပြီလို့ ဆိုနိုင်တာပေါ့။ ဒါပေမယ့် တဖက်က အေးပြီဆိုပြီး တဖက်ကလည်း အားလုံးကို လွှမ်းမိုးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး မရနိုင်ဘူးပေါ့။

မိုး။ ။ ဟုတ်ကဲ့ပါ။ ဒါဟာ ဆရာရဲ့ အချစ်နဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောထားပါ။ ဆရာချစ်တဲ့ လူပုဂ္ဂိုလ်တွေအကြောင်း ပြောပါဦး။ ဒါက နည်းနည်းတော့ ပုဂ္ဂိုလ်ရေးဆန်မှာပေါ့လေ။

တာရာ။ ။ ခုထိပေါ့ဗျာ။ ပျက်မသွားပါဘူး။ ပြောင်းမသွားပါဘူး။ သူတို့ကတော့ လူ့ပြည်မှာ မရှိတော့ဘူး။ ကျွန်တော် စွဲစွဲမြဲမြဲ ရှိတာကတော့ ကိုဗဟိန်းနဲ့ ဗန်းမော်တင်အောင်ပဲ။ ခုနပြောတဲ့ ခွင့်လွှတ်သည်းခံတာ၊ လိုလားတာ။ နှစ်ယောက်စလုံးက ကျွန်တော့်ကို နားလည်တယ်၊ လိုလားတယ်၊ ချစ်တယ်ပေါ့ဗျာ။ သူတို့က ကျွန်တော့်ကို ချစ်တယ်။ ကျွန်တော်လည်း သူတို့ကို ချစ်တယ်။ ပြီးတော့ မုဒိတာပေါ့။ ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ ပြိုင်ဘက်အချင်းချင်းထဲမှာ တယောက်ကြီးပွါးသွားတယ်၊ နာမည်ကြီးသွားတယ်၊ အောင်မြင်သွားတယ်ဆိုရင် ကိုယ်က ၀မ်းသာသွားတယ်။ တချို့က အဲဒီလို မရှိဘူး။ နေရာမပေး ချင်ဘူး။ အဲဒါတွေက မုဒိတာပဲ။ ကိုဗဟိန်းတို့ ဗန်းမော်တင်အောင်တို့ ဆိုတာ အမြဲလိုလား တယ်။ ၀မ်းသာတယ်။ အဲဒါဟာ မုဒိတာပဲ။ အဲဒီလူတွေကို အချစ်မပျက်ဘူးဆိုတာ ဒါပဲ။ အဲဒါ မုဒိတာဆိုတာ အချစ်နဲ့ ဆက်စပ်နေတာပေါ့။ ပါဠိလိုဆိုရင်တော့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာပေါ့။ ချစ်တာပဲ။ ကြင်နာတာပဲ။ လိုလားတာပဲ။ အဲဒီ တရားတွေဟာ ငြိမ်းချမ်းရေးကို ဖြစ်စေတဲ့ အကြောင်းရင်းတွေပဲ။
ကိုဗဟိန်းဆိုရင် ကျွန်တော့်ကို နိုင်ငံရေးထဲမှာ ဖြစ်စေချင်တယ်။ နိုင်ငံရေးခေါင်းဆောင် တွေနဲ့ မိတ်ဆက်ပေးတယ်။ သူ့ကို သခင်ဗစိန်က ဖိတ်တယ်ဆိုရင် ကျွန်တော့်ကို ခေါ်တယ်။ သူတို့ နှစ်ယောက်ဟာ ကျွန်တော်ကို နေရာပေးချင်တယ် လိုလားတယ်ပေါ့ဗျာ။ သူတို့ဆုံးတဲ့ အထိပဲ။ မပြောင်းလဲဘူး။

မိုး။ ။ ချစ်တယ်ဆိုတာ နှစ်ဖက်သွားလား၊ တဖက်သွားလားဆရာ။

တာရာ။ ။ ၀တ္ထုတွေထဲမှာတော့ တဖက်သတ်အချစ်ဆိုတာ ရှိတာပေါ့ဗျာ။ ဒါပေမယ့် နှစ်ဖက်အပြန်အလှန်ရှိမှ တည်တံ့နိုင်တာပေါ့။ အချစ်ဟာ အသွားအပြန်တော့ ရှိတာပေါ့။ ပြည့်စုံသွားဖို့က နှစ်ယောက်အသွားအပြန် ရှိမှ ဖြစ်တာပေါ့။ တဖက်တည်းဆိုရင်တော့ တည်တံ့ဖို့ ခက်တာပေါ့။ အချစ်ဆိုတာ မပြောင်းလဲရဘူး။ လျော့မသွားရဘူး၊ ဆုံးရှုံးမသွားရဘူး။ ပျက်မသွားရဘူး။ တည်မြဲရမယ်ပေါ့။ နောက်ပြီးတော့ ကိုအောင်ဆန်း။ သူနဲ့ကတော့ အထိအတွေ့ နည်းသွားတယ်။ သူလည်း ချစ်တဲ့အထဲမှာ ပါတယ်။ ဒါပေမယ့် သူက နိုင်ငံရေးသမား သက်သက်ဖြစ်သွားတာကိုး။ ဒီတော့ ကျွန်တော်နဲ့ အထိအတွေ့ နည်းသွား တယ်။ ဒါပေမယ့် ထိတွေ့ရသလောက်ကတော့ ဆိုပါတော့ဗျာ။ ဥပမာလေးတခု။ ဗမာ့ လွတ်လပ်ရေးတပ်မတော်မှာ ဂျပန်ဝင်စက သူနဲ့သွားတွေ့တယ်။ အဲဒီမှာ သူ့ရဲ့အပါးတော်မြဲ ကိုထွန်းလှက သီချင်းဆိုတယ်။ ထိုသီချင်းမှာ "ချစ်ကြင်စ ချစ်မှာလား ကြင်မှာလား... ခင်ရယ်" သီချင်းနာမည်တော့ မေ့နေပြီ။

မိုး။ ။ 'ဇွတ်ချစ်မယ်' ထင်တယ်။ ဆရာရေးဖူးတယ်။

တာရာ။ ။ ဟုတ်တယ်။ ကျွန်တော်ရေးဖူးတယ်။ အဲဒီမှာ ကိုအောင်ဆန်းက လာပြီးတော့ ဒေါက် ဒေါက် ဒေါက် ဆိုပြီး ဒီလိုအခါမျိုးမှာ ဗျာတဲ့။ ဒီလို စစ်ရေး အရေးကြီးတဲ့ အချိန်မှာပေါ့။ ဒီ အချစ်သီချင်းတွေက မဟန်ဘူးဗျဆိုပြီး ပြောပြီး ထွက်သွားတယ်။ သူ့အကြောင်းကို ပေါင်းဖူးမှ သိတာ။ ဒီလိုပြောတော့ သူက အချစ်သီချင်း မကြိုက်ဘူးလားပေါ့ မဟုတ်ဘူး။ ဒီလိုပြောလို့မရဘူး။ ကိုလှမောင် မင်္ဂလာဆောင်ကျတော့ စိန်ဝေလျံဆိုတာ နာမည်ကြီး စန္ဒရားဆရာ၊ အင်္လကာကျော်စွာတွေ ဘာတွေ ရတာ။ သူက စန္ဒရားတီးနေတာ၊ အဲဒါ ကျွန်တော်ရောက်သွားတော့ ကျွန်တော့်ကို ကိုဌေးမြိုင် လာ လာ ဆိုပြီး အတင်းခေါ်ပြီး စန္ဒရားတီးခိုင်းတယ်။ ကျွန်တော်က ကိုအောင်ဆန်း မကောင်းဘူးဆိုတာ မရဘူး။ ဟိုလူက ထပြီး ဖယ်ပေးရတယ်။ ဘာတီးခိုင်းလဲဆိုတော့ ကဉ္စန၊ ကဉ္စန လုပ်စမ်းပါဗျာတဲ့။ ဒီလိုဆိုတော့ သူက သီချင်းကို ချစ်တတ်တာပေါ့ဗျာ။ ပြီးတော့ ကျွန်တော့်လည်း ချစ်လို့ပေါ့။ သူလည်း ကျွန်တော့စာရင်းထဲ ထည့်ရမှာပဲ။ အထိအတွေ့တော့ ဟိုလူတွေလောက် မများဘူးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်က ချစ်တာပေါ့။

မိုး။ ။ တယောက်နဲ့ တယောက်ကြားမှာ ရှိတဲ့ နားလည်မှုဆိုတာပေါ့။

တာရာ။ ။ ဟုတ်တယ်။ နားလည်းမှု၊ အပြန်အလှန်နားလည်မှု၊ အချစ်ရဲ့ သက်တမ်းကို ပိုရှည်နိုင်တဲ့ ဟာတခုပဲ။ နားလည်ရင် ပိုခွင့်လွှတ်နိုင်တာပေါ့။

မိုး။ ။ ဘာသာစကားချင်း တူတာ။ မီဒီယမ်ချင်းတူတာပေါ့။ ဒါလည်းပါမယ်ထင်တယ်။

တာရာ။ ။ ပါတာပေါ့။ ဒါက ပိုပြီး နီးစပ်သွားတာပေါ့။ ပိုပြီး နားလည်သွားတော့ ပိုနီးစပ်သွားတာပေါ့။

မိုး။ ။ အဲဒီလို နားလည်မှုရပြီး နီးစပ်ချစ်သွားတဲ့ ငယ်ငယ်က ကောင်မလေး တွေအကြောင်း ပြောပါဦး။ ဖျပ်ခနဲ ရင်ခုန်သွားရတာမျိုးတွေ ရှိမှာပေါ့။ မှတ်မှတ်ရရ ရှိတဲ့အထဲက။

တာရာ။ ။ ဖျပ်ခနဲ ရင်ခုန်သွားရတာမျိုးက တည်ချင်မှ တည်မယ်ဗျ။ ဒါမျိုးက ဖျတ်ခနဲတော့ ချစ်သွားမယ်။ ဒါပေမယ့် နောက် သိပ်မကြာခင် ကွဲသွားမျိုးတွေက ဒါမျိုး ဖြစ်တယ်။
ကျွန်တော့်မှာတော့ အဲဒါမျိုးထဲက မှတ်မှတ်ရရတော့ မရှိနိုင်ဘူးဗျ။ ပြန်ပြောလောက် အောင်၊ စာတင်နိုင်လောက်အောင် မရှိဘူးဆိုပါတော့။ မဖွဲ့လောက်ဘူးပေါ့ဗျာ။ အာရုံခံစားမှု ကလည်း နုသက်၊ ရင့်သက် ရှိတယ်ဗျ။ စာဖတ်ခါစ အကြိုက်နဲ့ စာဖတ်သက် ရင့်လာတဲ့အခါ အကြိုက်နဲ့ မတူနိုင်ဘူး ဆိုတာမျိုး။

မိုး။ ။ အချစ်မှာတော့ ငယ်နုစဉ်မှာ ရင်ခုန်ရတာမျိုးက ပိုပြီး စွဲထင် မကျန်ရစ်ဘူးလား။

တာရာ။ ။ ဖြစ်နိုင်တာပေါ့။ သူက သီချင်းရှိပါတယ်။ အချစ်ဦးကို မမေ့ဘူးဆိုတာ။ ကိုယ်ကြိုက်တဲ့ သီချင်း၊ စာအုပ်၊ ပန်းချီကား တော်တော်စောစောက ဟာတွေက ပိုပြီး မှတ်မိ နေတာပေါ့။ အခုပြန်ဖတ်ရင်တော့ မပြောနိုင်ဘူး။ ကြိုက်ချင်မှ ကြိုက်တော့မယ်။ ငယ်ငယ်က သိတ်ကြိုက်လို့ မှတ်မိနေမယ် ဆိုပေမယ့် အခုပြန်ဖတ်တော့ တမျိုး ဖြစ်နိုင်တယ်။

မိုး။ ။ ငယ်ငယ်က ချစ်ရတဲ့ ကောင်မလေးမျိုး၊ မှတ်မှတ်ရရ မရှိဘူးဆိုတော့ နောင်တော့ရော..... ဆရာချစ်တဲ့ အမျိုးသမီးတယောက်ယောက်ဆိုတာ....။

တာရာ။ ။ မဖြေတတ်ဘူးဗျာ။ ဒါက အရေးလည်း မကြီးပါဘူး။ (တိုးတိုး ညင်းညင်းလေးပဲ ရယ်မောနေပါတယ်။)

မိုး။ ။ အချစ်နဲ့ အိမ်ထောင်ရေးဆိုတာကရော ဆက်စပ်နေသလား။
တာရာ။ ။ အဲဒါကျတော့လည်း အခြေအနေ အမျိုးမျိုး ရှိတာပေါ့။ တချို့လည်း ချစ်ကြပြီး အခြေအနေကြောင့် အိမ်ထောင်မပြုဖြစ်တာလည်း ရှိမယ်။ တချို့လည်း ချစ်တယ်။ အိမ်ထောင်ပြုကြတယ်။ နောက်တော့ မချစ်တော့ဘူးပေါ့ဗျာ။ အိမ်ထောင်ကွဲသွားတာမျိုး ရှိတယ်။ မကွဲတောင် မချစ်တော့ဘူးဆိုတာမျိုးလည်း ဖြစ်နိုင်တာပဲ။
ပြီးတော့ အချစ်နဲ့ အိမ်ထောင်ရေးက မဆက်စပ်ဘူးလို့လည်း ပြောလို့မရဘူးလေ။
နောက် လူ့သဘာဝက ရှိတယ်။ လူ့သဘာဝအရ တချို့က ကြင်နာယုယတာ ခံချင်တယ်။ တချို့က မဟုတ်ဘူး။ ကြင်နာယုယတာ ခံချင်သူက မယုယတတ်တဲ့သူနဲ့ တွေ့ရင်ခက်မယ်။ နောက်ပြီးတော့ ချစ်တယ်ဆိုတာကို ဘာနဲ့ပြမလဲ။ ရုပ်နဲ့ ပြရမယ်လေ။ စိတ်ထဲက ချစ်တယ်ဆိုတာလည်း မရဘူး။ ဒီတော့ ကြင်နာမှုနဲ့ ပြမယ်ပေါ့၊ အများကြီးပေါ့။ တခုခုနဲ့ ပြရတယ်။ အဲဒီလို ပြမှ ပေါ်လာမယ်။ ဒီတော့ ခံယူတဲ့ သူကလည်း ရှိသေးတယ်။ ဒီမှာ သဘောချင်းမကိုက်လျင် မရဘူး။ စိတ်နေစိတ်ထားက အမျိုးမျိုးရှိတယ်။ အံမကိုက်ရင် မဖြစ်ဘူး။ တယောက်နဲ့တယောက် နားမလည်ဘူးဆိုရင် ကွာထွက်တတ်တာပဲ။ အိမ်ထောင်ရေး အဆင်မပြေဘူးပေါ့ဗျာ။ မချစ်ဘူးလို့တော့လည်း ပြောလို့ မရဘူး။

မိုး။ ။ ဆရာကတော့ အိမ်ထောင်မပြုဘူးနော်။

တာရာ။ ။ အင်း.... ကျွန်တော်ကတော့ အိမ်ထောင်မရှိဘူးပေါ့ဗျာ။

မိုး။ ။ အိမ်ထောင်ပြုဖို့လည်း အစီအစဉ်လည်း မရှိဘူးထင်ပါတယ်။

တာရာ။ ။ နေဦး၊ နယ်လ်ဆင်မင်ဒဲလားက အသက် ၈၀ ဗျာ၊ အခု အိမ်ထောင်ထပ် ပြုတာ။ (ဆရာက ရယ်မောရင်း ဖြေပါတယ်) သူက သူ့ရဲ့ အချစ်ကို တွေ့တယ်နဲ့ တူတာပဲ။ သူ့ရည်းစားက ဆုံးသွားတဲ့ သမ္မတရဲ့ ဇနီးမဟုတ်လား။ ဒါ သူ့ အချစ်ပဲ။ အချစ်စစ်ပဲ ထင်တယ်။ ခု လက်ထပ်လိုက်တယ်ဗျာ။

မိုး။ ။ ဟုတ်ကဲ့ဆရာ။ အဲဒီတော့ ဆရာပြောခဲ့တဲ့ အချစ်နဲ့ ပါတ်သက်တဲ့ သဘောတရားပေါ့။ ဆရာဟာ သဘာဝကြီးကို ချစ်တယ်။ ပန်းပွင့် လေညှင်း လရောင်ပေါ့။ ဆရာ့ ရဲဘော် ရဲဘက် သူငယ်ချင်း မိတ်ဆွေတွေကို ချစ်တယ်။ ကမ္ဘာသူ ကမ္ဘာသားတွေကို ချစ်တယ်။ ငြိမ်းချမ်းရေးကို ချစ်တယ်ပေါ့။ အဲဒီမှာ ဘာကို တွေ့ရလဲဆိုတော့ အချစ်ဆိုတာဟာ တိုးတက်ရေး ပိုမိုကောင်းမွန်ရေးကို ရှေးရှုတယ်လို့ မြင်တယ်။ အချစ်ဟာ လောက သာယာ ငြိမ်းချမ်းဖို့ တွန်းအားတရပ်လို့ ဆရာပြောတဲ့အထဲကနေ မြင်လာတယ်။ ဟုတ်သလား။

တာရာ။ ။ ကျွန်တော်လည်း ငယ်ငယ်ကဆို ဒီလို ပြောနိုင်ချင်မှ ပြောနိုင်မယ်။ အတွေ့အကြုံပေါ့။ ပြီးတော့ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ သမိုင်းခေတ်နဲ့လည်း ဆိုင်တယ်။ ကျွန်တော်တို့ခေတ်ရဲ့ ရိုက်ခတ်မှုပေါ့လေ။ မိတ်ဆွေတွေ ရဲဘော်တွေဟာ ယုံကြည်တာတခု ကနေ ယုံကြည်တာချင်း ကွဲလွဲရာကနေ အမျိုးမျိုးဖြစ်သွားကြတာတွေ ရှိတယ်မဟုတ်လား။
ဒီတော့ ကျွန်တော်က ငြိမ်းချမ်းရေးကို သိတယ်။ ငြိမ်းချမ်းရေးကို လိုလားတယ်။ ငြိမ်းချမ်းရေးကို မြတ်နိုးတယ်ပေါ့ဗျာ။
သမိုင်းဖြတ်သန်းမှုအရဆိုရင် အချစ်နဲ့ ဆက်ဆံရေး မဟုတ်ဘဲ အမုန်းနဲ့ ဆက်ဆံတယ် ဆိုရင် မကောင်းဘူးပေါ့ဗျာ။ ငြိမ်းချမ်းရေးဆိုတာ အချစ်နဲ့ နားလည်မှု၊ ခွင့်လွှတ်သည်းခံမှုတို့နဲ့မှ ပေါ်နိုင်တယ်။
နောက်ပြီးတော့ ချစ်တယ်ဆိုတာ လူငယ်မှ လူကြီးမှလို့ မရှိဘူးထင်တယ်။ လူငယ်လည်း အာရုံခံစားမှုကောင်းရင် ကောင်းသလို၊ လူကြီးလည်း ဒီလိုပဲ ရှိမှာပဲ။ ကျွန်တော်ငယ်ငယ်က ချစ်ခဲ့တာတွေကို အခုလည်း ချစ်တာပဲ။ ခံစားလို့ ရတုန်းပဲ။ ကျွန်တော် ငယ်ငယ်ကတည်းက ကြိုက်တဲ့သီချင်းတွေ အခုလည်း ကြိုက်တယ်။ ခံစားလို့ ရတုန်းပဲ။ ကျွန်တော် ငယ်ငယ်ကတည်းက ချစ်ခဲ့တဲ့ ငြိမ်းချမ်းရေးကို ခုလည်း ချစ်နေဆဲပဲ။ ငြိမ်းချမ်းရေး ဆိုတာ အချစ်ပဲ။ ငြိမ်းချမ်းရေးဆိုတာ အကုန်လုံး အကြုံးဝင်သွားတယ်။ လူနဲ့ ပါတ်သက်ရင် လူ့လောက၊ လူ့အဖွဲ့အစည်းအားလုံး အကြုံးဝင်တယ်။ ဒါဟာ ကျွန်တော်ရဲ့ ဖြတ်သန်းလာတဲ့ သမိုင်းခေတ်ရဲ့ အတွေ့အကြုံအရ ဒါကို နားလည်သွားတာ။

မိုးဇံ
၎ အောက်တိုဘာ ၂၀၀၀။
[ဗြူတီမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀ခု မှ ကူးယူဖော်ပြပါတယ်။]

Tuesday, March 12, 2013

တော်လှန်မှု




တော်လှန်မှု


နွေလပေါက်လျှင်
ပိတောက်ရွှေဝါ၊ ဝင်းဝင်းဖြာ၍
အညှာပွင့်လှိုင်း၊ ခိုင်ချင်းဆိုင်းမျှ
မှိုင်းမှိုင်းဝေအောင် ဖူးကြ၏။  

မြေတလျှောက်လျှင်
နွေပျောက်မိုးစင်၊ မြရည်မင်သော်
နွေဝင်စခန်း၊ စွန့်ပစ်လှမ်း၍
မိုးပန်းမာလာ ဝင့်မြဲကို။  

ရွှေပိတောက်လျှင်
မကြောက်မရွံ့၊ မိုးသို့ငံ့လည်း
စွန့်စွန့်တမာန်၊ သူ့ဟန်ပန်သည်
တော်လှန်ပွင့်သည့်ပန်းမြတ်တည်း။  

ဂန္ထလောက၊ ၁၉၄၀။
[ချိုးဖြူစာပေမှ ၁၉၆၂ခုနှစ် နိုင်ဝင်ဘာ မှာထုတ်တဲ့ “ဒဂုန်တာရာ - အလင်္ကာ“ စာအုပ်မှ ကူးယူဖော်ပြတယ်။]