Monday, April 11, 2016

ဆန်ဖရန်စစ္စကိုရောက် မြသီတာသို့ပေးစာ ရေးသူ-ဒဂုန်တာရာ



ဆန်ဖရန်စစ္စကိုရောက် မြသီတာသို့ပေးစာ
ရေးသူ-ဒဂုန်တာရာ


တို့မှာ ပြောစရာတွေ ရှိတယ်....။

ပြောစရာတွေ ရှိတယ်ဆိုလို့ အထင်တော့ မကြီးနဲ့။ တို့မှာ ဘာပြောစရာ ရှိမှာလဲ။ တို့က ခုမှ ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာ။ ပြီးခဲ့တဲ့လကမှ ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့လုပ်ခဲ့တာကို။ "ကံ့ကော်ရိပ်" က မလေးရှားခေါက်ဆွဲနဲ့ စင်ကာပူ ကြာဆံကြော် မှာကျွေးတယ်။ ကရ၀ိတ်ကရေခဲမုံ့၊ နေ့လည်ကျတော့ သမ္မတက ဂျပန်ကား သွားကြည့်ကြတယ်။ ရောင်စုံဓာတ်ပုံတွေ ရိုက်ကြတယ်။ အမှတ်တရပေါ့။ မေမေက ပိုက်ဆံကုန်မှာစိုးလို့ အိမ်မှာ မှာကျွေးတာ။ တို့က အင်းလျားလိတ်တို့၊ ကရ၀ိတ်တို့မှာ လုပ်ချင်တာ။ ဖေဖေက အင်းလျားလိတ်တောင် သွားမေးပြီးပြီ။ အလကားပါ။ နောက်ဆုံးကျတော့ ဖေဖေက မေမေ့ကို ကြောက်ရတာပါပဲ။ တို့မွေးနေ့ကို အချစ်ဆုံး သူငယ်ချင်းတွေပဲ ရွေးချယ်ဖိတ်ပါတယ်။

တို့မွေးနေ့ကို ဒေ၀စ္ဆရာဘဂျမ်းရယ်၊ ဖြူပြာညိုလဲ့စိမ်းရယ်၊ အေမီနုရယ်၊ သင်းမြမြစိုးရယ်၊ ၀င်းပပလှမောင်ထွန်းရယ်၊ ခင်ထားအိရယ်၊ ချောချောရယ်၊ ယောက်ျားတွေကတော့ အောင်အောင်ရယ်၊ နန္ဒာမင်းခေါင်နဲ့ စိုင်းသီဟတို့ပဲ။

တို့သူငယ်ချင်းတွေကို နင်သိပါတယ်။ လူသစ်ဆိုလို့ အေမီနုရယ်၊ စိုင်းသီဟရယ်ပဲ ပါတယ်လေ။
အေမီနုက ပြည်နယ်တခုက ပြောင်းလာတာ။ သူ့အဖေက ပြည်နယ် အရာရှိကြီးလေ။ စိုင်းသီဟ ဆိုပြီး ရှမ်းတယောက်လို့ မထင်လိုက်နဲ့၊ သူ့နာမည်ရင်းက သီဟ။ စိုင်းထီးဆိုင်ကို သဘောကျတာနဲ့ စိုင်းသီဟလို့ လုပ်လိုက်တာ။ သီဟ ဆိုပေမယ့် သိပ်ကြောက်တတ်တာ။ ညအမှောင်ထဲဆို တယောက် တည်း မထွက်ရဲဘူးတဲ့ကွ။
တို့အကြောင်းက ဒါလောက်ပဲ ပြောစရာရှိတာ။ တို့ပြောချင်တာက တို့ဖေဖေ၊ မေမေအကြောင်း၊ တို့ အဖိုးလေးအကြောင်း၊။ တို့ အဖိုးလေးဆိုတာက တို့မေမေရဲ့ အမေရဲ့ မောင်။ ဦးမှိုင်းမြ၊ ဥပဒေပါမောက္ခ အငြိမ်းစားဆိုလား။ ပင်စင်လခတော့ ရနေတာ သိတယ်။ တို့ခြံထောင့်က အိမ်ကလေး မှာ နေတယ်လေ။ ၀ါးပင်လေးတွေ ကြားထဲမှာ သူ့ပုံစံ သူရေးပြီးဆောက်ထားတာ။ အိမ်ပတ်ပတ် လည်မှာ ၀ရန်တာက အစိမ်း။ မှန်တံခါး ဘောင်တွေက ဆေးရောင်အဖြူ၊ အတွင်းမှာတော့ အဖြူရောင် သုတ်ထားတယ်။

ဘိုးလေးကပြောတော့ "တောအိမ်" တဲ့။ နာမည်နဲ့လဲ မလိုက်ပါဘူး။ တံခါးတိုင်းမှာ ပန်းပွင့် ခန်းဆီးတွေနဲ့။ နော... ဒါ "တောအိမ်" ဘယ်ဟုတ်မှာလဲ။ အိမ်ထောင် ပရိဘောဂ တွေကတော့ ရှေးက ပုံတွေ ချည်းပဲ။ ပန်းအလိမ်တွေ၊ ပန်းအကြွေတွေနဲ့။ ကုလားထိုင် ခြေထောက်တွေ၊ စားပွဲ ခြေထောက် တွေမှာဆို ခြင်္သေ့ရုပ်တွေ၊ ကြာပွင့်တွေ ခံထားတယ်။ ခေတ်ဆန်တဲ့ ပစ္စည်းဆိုလို့ ရေဒီယို ကက်ဆက်ရယ်၊ ဓာတ်ပြားဖွင့်တဲ့ စက်ရယ်၊ ဒါပဲ။ တခန်းလုံး စာအုပ်တွေ ချည်းပဲ။ ဘိုးလေးက ဖီလိုဆိုဖိမှာ ဂုဏ်ထူးနဲ့ အောင်လာတာ ဆိုလား။ တို့လည်း ကောင်းကောင်း မသိပါဘူး။

သူ့အခန်းမှာလည်း စာအုပ်တွေနဲ့ ပြည့်နေတာပဲ။ အင်္ဂလိပ်စာအုပ်တွေက များတယ်။ တို့ စိတ်မ၀င်စားတဲ့ စာအုပ်တွေက များပါတယ်။ ဘောဂဗေဒ၊ ဒဿန၊ သမိုင်းတွေ၊ အင်္ဂလိပ်ဝတ္ထု တွေလည်း ရှိတယ်။ တို့ကတော့ အရုပ်ပါတဲ့ စာအုပ်တွေ ရှာတာ၊ စာအုပ်ဖုံးဖို့လေ။ ရှေးက အင်္ဂလိပ်မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေတောင် ရှိတယ်။ မြန်မာဝတ္ထုတွေလည်း ရှိတယ်။ တို့ခေတ်က ၀တ္ထုတွေ မဟုတ်ပါဘူး။ မစ္စတာမောင်မှိုင်းတို့၊ လယ်တီပဏ္ဌိတဦးမောင်ကြီးတို့၊ ပီမိုးနင်းတို့၊ နာမည်တွေ မကြားဖူးပါဘူး၊ အောက်ပါတယ်။ သိတယ်မဟုတ်လား။ တို့ဖတ်တာတွေက ခုခေတ်ဝတ္ထုတွေ၊ အမျိုးသမီးစာရေးဆရာမတွေပေါ့။ ၀တ္ထုတွေ၊ ရုပ်ပြဇာတ်လမ်းတွေ။ တို့က ဇာတ်လမ်းကောင်းမှ ဖတ်တာ။ အဖုံးတွေဆို တို့စိတ်ကူးထဲက ကောင်လေးတွေ၊ ကောင်မလေးတွေမှ ကြိုက်တာ။

တို့ဘိုးလေး အခန်းထဲရောက်သွားရင် ၁၈ ရာစု ပြန်ရောက်သွားသလို၊ ခေတ်ဟောင်းတေး နားထောင်ရသလို။ သိတယ်မဟုတ်လား။ တို့က နှစ်ဆယ်ရာစုနှစ်က လူ။ နည်းနည်းပါးပါးတော့ ကွာရမှာ ပေါ့နော်။ တို့ပြောစရာရှိတယ်ဆိုတာ အဲတာတွေ။

တို့မွေးနေ့ပါတီ လုပ်တာ ဘာပြောတယ် မှတ်သလဲ။ မြန်မာမှာ မွေးနေ့လုပ်တာ မရှိဘူးတဲ့။ အနောက်နိုင်ငံ ယဉ်ကျေးမှုတဲ့။ သူ့လောက် ခေတ်ဆန်တာလည်း မရှိဘူး။ ရေဒီယို နားထောင်ရင်လည်း အင်္ဂလိပ်ဘာသာနဲ့ အသံလွှင့်တဲ့ ကမ္ဘာအရပ်ရပ်က အသံလွှင့်တာတွေ အကုန်နားထောင်တယ်။ ဒါတောင် မွေးနေ့ပါတီလုပ်တာ ပြောချင်သေးတယ်။ တို့တော့ ဘိုးလေးပြောတာ နားကို မလည်ဘူး။ တခု ချစ်စရာကောင်းတာ ရှိတယ်။ သူက ပြောရုံသာပြောတာ အပြစ်မပြောတတ်ဘူး။ တို့ မွေးနေ့လုပ်တာ မလုပ်နဲ့ မပြောဘူး။ သူ့မှာရှိတဲ့ ကက်ဆက်ခွေတောင် ငှားသေးတယ်။ သူ့မှာ ခေတ်ပေါ် သီချင်းတွေ ရှိတယ်။ တို့အံ့သြတာက သူ ရှေးသီချင်းကြီးတွေလည်း ကြိုက်တယ်။ ခေတ်ဆန်ပေ့ ဆိုတာလည်း ကြိုက်တယ်။ တို့တော့ နားလည်လို့ကို မရဘူး။

တို့ဆိုရင် နင်လည်း သိသားပဲ။ ရှေးသီချင်းဆိုရင် ပိတ်လိုက်တာပဲ။ နားထောင်လို့ကို မရဘူး။ တို့ ဘိုးလေးက မြန်မာရှေးသီချင်းကြီးတင်မဟုတ်ဘူး၊ အင်္ဂလိပ် ရှေးသီချင်းတွေလည်း ကြိုက်တယ်။ အထူးသဖြင့် စန္ဒယားတီးလုံးတို့၊ တယောတို့၊ သံစုံတီးဝိုင်းတို့ပေါ့။ မြန်မာ ဆိုင်းဝိုင်းတွေ ဆိုလည်း သိတ်ကြိုက်တာ။ ဖေဖေတို့ မေမေတို့ကျတော့ တမျိုး။ သူတို့က မေရှင်၊ ဘိလပ်ပြန်သန်း၊ တင်တင်မြ၊ စန္ဒယားချစ်ဆွေ၊ ကိုသန်းလှိုင်တို့ဆို သိတ်ကြိုက်။ တို့က တာတွေ အောက်တယ်ထင်တာ။

တို့ အကြိုက်က နင်လည်းသိတယ် မဟုတ်လား။ ခုခေတ် ပေါ်တာတွေမှ၊ အောဂင်တို့၊ ဒရမ်တို့၊ ဂစ်တာတို့မှ။ မြူးမြူးကြွကြွမှ ကြိုက်တာ။ အပူမှ ကြိုက်တာ။ စောင်းကောက်တို့၊ ပတ္တလားတို့ဆို နားထောင်လို့ကို မရဘူး။

တို့က မြန်မာအသံဆို ဘယ်တော့မှ နားမထောင်ဘူး။ စတီရီယိုသီချင်းမှ နားထောင်လို့ရတယ်။ ရုပ်မြင်သံကြားတော့ ရတယ်။ ဖေဖေ မေမေတို့က ရာစုတခေတ်လောက် နောက်ကျတယ်။ ဘိုးလေးတို့ ကတော့ ရာစု နှစ်ခေတ်လောက် အောက်တယ်။

နင်ကော ဘယ်လို သဘောရသလဲ။ တို့တော့ ဟားနေရတာပဲ။ ပျော်တော့ အပျော်သားပဲ။
တို့ထဲမှာ တယောက်တမျိုးတော့ ၀ါသနာတွေ ရှိတယ်။ တို့က ၀တ္ထုဖတ်တယ်၊ ရုပ်ရှင်ကြည့် တယ်။ အေမီနုက လမ်းစဉ်လူငယ် သင်တန်းတက်ဖူးတယ်။ ဒေ၀စ္စရာဘဂျမ်းက ကုက္ကိုင်းရေကူးကလပ် မှာ ပါတယ်။ ဖြူပြာညိုလဲ့စိမ်းက ကားမောင်းရင် စီးကရက်ွောတယ်။ သင်းမြမြစိုးက တရုတ်သိုင်းကား ဆိုရင် မလွတ်တမ်း ကြည့်တယ်။ ၀င်းပပလှထွန်းမောင်ကတော့ ကရ၀ိတ်က ရေခဲမုန့် စားရမှ။ ချောချောကတမျိုး ပြိုင်စက်ဘီး စီးတယ်။ ယောက်ျားရှပ်အင်္ကျီဝတ်တယ်။ ခင်ထားအိက သင်္ကြန်ဆို လျှောက်လည်ရမှ။ ၀င်ကလိုက်ရမှ။ ဒါကြောင့် တယောက်တမျိုးစီလို့ ပြောတာ။ ခြုံလိုက်ရင် အကြိုက်အားလုံး တူကြတယ်။ တို့အထဲ ပြောနေတာက တယောက်စီ တယောက်စီမှာ ရှိကြတဲ့ အကြိုက်ကလေးတွေကိုသာပြောတာ။ ယောက်ျားလေးတွေ အကြောင်းတော့ တို့မသိဘူး။ ဂစ်တာ တော့ ခေါက်တတ်ကြမှာပေါ့။ ပြောစရာတခု ကျန်နေတယ်။ တို့ဖေဖေက အလုပ်ကထွက်ပြီး အခု နိုင်ငံခြားကုမ္ပဏီတခုမှာ ကိုယ်စားလှယ် လုပ်နေတယ်။

တို့အကြိုက်တော့ သိတယ်မဟုတ်လား။ ချော့ကလက်ရယ်၊ ဒစ္စကိုရယ်၊ ရုပ်ပြဇာတ်လမ်းရယ်၊ ချောကလက်ကတော့ ဘယ်လောက်ပေးရ ပေးရ စားတာပဲ။ တရာပေးရတာတောင် ရှိတယ်။ တို့ဘိုးလေးက ဘာပြောတယ်မှတ်သလဲ။ သူတို့ ကျောင်းသားဘ၀က ရုပ်ရှင်ကြည့်ရင်း အပြင်းပြေ စားတာတဲ့။ တို့ နေကြာစေ့စားသလို နေမှာပေါ့။ နက်စလေကုမ္ပဏီလုပ် နို့ချော့ကလက်အပြားကြီးမှ တမတ်တဲ့။ ခေတ်ဟောင်းက ရွှေထီးဆောင်းရတာပဲ ပြောလို့ မဆုံးနိုင်ဘူး။ ဒစ္စကို ဆိုင်းချက်မျိုးဆိုတာ တို့ မြန်မာမှာလည်း ရှိတာပဲတဲ့။ တို့တော့ တခါမှ မကြားဖူးပေါင်။ ရုပ်ပြဇာတ်လမ်း ပန်းချီရေးတဲ့ ကောင်လေးတွေကတော့ သိတ်တော်တာပဲတဲ့။ ဇာတ်လမ်းကောင်းတာတော့ ထည့်မပြောဘူး။ ဒါကြောင့်ပြောတာ။ ရာစုနှစ်ခေတ်လောက် နောက်ကျနေပါတယ်လို့။


xxxx    xxxx    xxxx    xxxx    xxxx


တိုခြံနဲ့ ကပ်လျက် လမ်းထောင့်က အိမ်ရှေ့မှာ နတ်ပွဲကတယ်။ မဏ္ဌပ်ထိုးကတည်းက တို့က စိတ်ပျက်နေတာ။ တနေ့လုံး ဆူနေမှာ။ ပွဲ စကတည်းက ဆူလဲ ဆူတော့တာပါပဲ။ လူတွေကတော့ အုံနေတာပဲ။ စဲတယ်ကို မရှိဘူး။ မနက်ကတည်းက မိုးချုပ် ရှစ်နာရီလောက်ထိပဲ ဆိုပါတော့။ စည်တော့ အရမ်းစည်။ ကြိတ်ကြိတ်တိုး။ တို့အိမ်က အိမ်ဖော်ဆိုတာလဲ လစ်တာနဲ့ နတ်ပွဲထဲ ရောက်နေတာပဲ။ အလုပ်တောင် ပျက်တယ်။ သူတို့က တောက မဟုတ်လား။ ဒါမျိုး ကြိုက်တာပေါ့။ တို့က နားညည်းတာနဲ့ သွားမကြည့်ပါဘူး။ တို့ ဘိုးလေးကတော့ တနေ့လုံးလိုလို နတ်ပွဲမှာချည်းပဲ။ ပြန်လာရင် အတီးက သိတ်ကောင်းတာပဲ၊ အက ကသိတ်ကောင်းတာပဲနဲ့။ တို့မြို့ထဲထွက်ရင် နတ်ပွဲကို ဖြတ်သွားလို့ လှမ်းမြင် ရပါတယ်။ ကိုယ်တွေ လှုပ်ယမ်းနေတာ တွေ့ရပါတယ်။ အောက်ပါတယ်ကွာ၊ သေသေချာချာတောင် မကြည့်မိပါဘူး။

တို့ သူငယ်ချင်းတွေထဲက ခင်ထားအိက နတ်ပွဲ သိတ်ကြိုက်တာပဲ။ အခုမှ တို့လည်း သိရတာ။ သူက ရောက်ကတည်းက အိမ်မှာကို မထိုင်ဘူး။ နတ်ပွဲ ရောက်သွားတာပဲ။ တို့ ကို အဖော်ခေါ်လို့ မရတော့ သူတယောက်တည်း သွားတယ်။ သူငယ်ငယ်က မန္တလေးမှာ အက သင်ဖူးသတဲ့။ ခုမှ သိရတာလေ။ အက သိတ်ဝါသနာပါတာကိုး။ တို့က "နင် သိပ်အောက်တာပဲ" ပြောရင် ပြုံးပြီး ကြည့်နေတယ်။ သူ့ကို မဏ္ဌပ်အ၀ လိုက်ပို့ရင်း ကိုယ်ပြီး ယိမ်းလှုပ်ကနေတာ တွေ့တာချည်းပဲ။ ဆိုင်းကလည်း မြည်လိုက်တာ ရင်ပွင့်မတတ်ပဲ။ ခင်ထားအိကတော့ "ဒါမှ ကလို့ကောင်းတာ" တဲ့။ သူတောင် ကချင်သတဲ့။ တို့လည်း သူ့အနားက ထွက်ပြေးခဲ့ရတယ်။

တတိယနေ့မှာ တို့ ဘိုးလေး ဦးမှိုင်းမြက သူ့မိတ်ဆွေ နိုင်ငံခြားသား ဧည့်သည်တဦး ဧည့်ခံချင် လို့တဲ့။ တို့က စားသောက်စရာ လာပြင်ပေးပါတဲ့။ မွန်းလွဲ လက်ဖက်ရည်ပွဲတဲ့။ ဘာတွေနဲ့ ဧည့်ခံတယ်ထင်သလဲ။ ရွှေချီမုံ့၊ ငှက်ပျောကြော်၊ မန္တလေးထိုးမုံ့၊ မုန့်ကြာစေ့၊ မုန့်ဟင်းခါး၊ ကရေကရာ၊ အဲဒါကို လက်ဘက်ရည်ကြမ်းနဲ့ တိုက်မတဲ့။ သူ့မိတ်ဆွေ တရုတ်တယောက်က လက်ဆောင်ပေးထားတဲ့ စံပယ် လက်ဖက်ခြောက် ခတ်ရမတဲ့။ ကြည့်စမ်းပါဦး ဘယ်လောက်တုံးသလဲလို့။ တို့က မနေနိုင်တာနဲ့ ကော်ဖီဖျော် ထားပေးတယ်။ သူမကြိုက်လည်း မတတ်နိုင်ဘူး။ သူ့ စာရေးစပွဲပေါ်က ပုဂံမနူဟာမင်း ဘုရားပုံ အသေးရုပ်တုဆိုလား အဲဒါကို ဖုန်သုတ်ပေးထားရသေးတယ်။ ဘာမှန်းလည်း မသိပါဘူး။

တို့က မွန်းလွဲ နှစ်နာရီလောက် ကတည်းက အဆင်သင့် ပြင်ပေးထားတယ်။ ကိုယ်တော်ချော တွေက လေးနာရီကျော်မှ အိမ်ထဲ ၀င်လာကြတယ်လေ။ တို့ပြောဖို့ ကျန်နေသေးတယ်။ ဘိုးလေးက နိုင်ငံခြား တော်တော်များများ ရောက်ဖူးတယ်။ အခုလာတာ သူ့မိတ်ဆွေ ပါမောက္ခတယောက်တဲ့။ အာရှ၊ အာဖရိကတိုင်းပြည်တွေက ရိုးရာတေးဂီတတွေကို လေ့လာသုတေသနပြုဖို့ လာတာတဲ့။ မြန်မာပြည်က အစ ခရီးလေ။ သူတို့နှစ်ယောက်က နတ်ပွဲမှာ အချိန်ကုန်နေကြတာ။ အိမ်ထဲ ၀င်လာတော့ ကင်မရာတွေ၊ ကက်ဆက်တွေ တလွယ်တပိုးကြီး။

ငှက်ပျော်ကြော်နဲ့ မုန့်ကြာစေ့ကိုတော့ ပူအောင် နွှေးပေးရတာပေါ့။ စားရင်းသောက်ရင်း ရယ်ကာမောက စကားပြောကြတာ၊ ဘာအကြောင်း မှတ်သလဲ။ နတ်ပွဲအကြောင်းလေ။ ဘိုကြီးက နတ်ပွဲတီးတာ၊ အကတွေကို သိပ်သဘောကျနေတာ။ ဆိုင်းဝိုင်းက တူရိယာသမားတွေ စိတ်လှုပ်ရှားပြီး ကိုယ်ကို ယိမ်းလှုပ် တီးနေတာကို သူက "သိပ်ဂီတဆန်တာပဲ" တဲ့။ ကတာတွေ၊ တီးတာတွေကို ရုပ်ရှင်ဓါတ်ပုံ ရိုက်ထားတယ်။ အသံသွင်းထားတယ်။ သူသုတေသနပြုစုပြီး ရေးမဲ့ကျမ်းမှာ အကိုးအကား လုပ်ရမယ်တဲ့။

ပါမောက္ခက ငှက်ပျောကြော်ကို စားပြီး "သိပ် အရသာရှိတာပဲ" လို့ပြောရင်း၊ "ဒစ္စကိုတို့၊ ရော့အင်ရိုးတို့ အစရှိတဲ့ ဆိုင်းချက် (ရစ်သမ်ပုံစံ) မျိုးတွေဟာ ခင်ဗျားတို့ တိုင်းပြည်မှာ ကျွန်တောတို့ အနောက်ထက်စောပြီး၊ ရှိနေတာပဲ၊ နတ်သီချင်းတွေ ဘယ်ခေတ်လောက်က ပေးတယ်ထင်သလဲ" လို့ မေးတယ်။

"၁၅ ရာစုနှစ်လောက် ကတည်းက ရှိမယ်ထင်တယ်။ ကျွန်တော်က ဂီတ သမိုင်းဆရာ မဟုတ် တော့ အတိအကျ မပြောနိုင်ဘူးဗျာ၊ ကျွန်တော်တို့ဆီမှာ သုတေသန လုပ်ငန်းက သိပ်မဖွံ့ဖြိုးသေးဘူး"
" နတ်ရဲ့ ၀ိဥာဉ်က ၀င်ပြီး သီဆို ကခုန်တယ်ဆိုတာ ဟုတ်ပါသလား"
ဘိုးလေးက ခေတ္တ ငြိမ်သက်နေတယ်။ ပြီးနောက် တို့ နားမလည်တဲ့ စကားလုံးတွေနဲ့ ပြောကြတယ်။ ပြောဟန်အမူအရာကို ကြည့်ရတာတော့ ဘိုးလေးက သူနားမလည်ကြောင်း ပြောတာနဲ့ တူတာပဲ။

"တီးဟန် ကဟန်တွေကတော့ ကျွန်တော် သိတ်ကြိုက်တာပဲ၊ သိတ်စိတ်ဝင်စားမိပါတယ်"
ပါမောက္ခက သူတခြားက သွင်းလာတဲ့ အိုးစည်သံ၊ ဒိုးပတ်သံတွေလဲ ဖွင့်ပြသေးတယ်။ အားလုံး ပါမောက္ခက ရုပ်ရှင် ရိုက်ကူးထားတယ်။ ဘိုးလေးက သူမသိရင် မသိဘူးပြောတယ်။ သိတယ်ဆိုရင်လည်း သူပိုင်ပိုင်နိုင်နိုင် သိမှ သိတယ်ပြောတယ်။ ဒါတော့ တို့ နားလည်တယ်လေ။ တို့လည်း ဘိုးလေးပြောတာတွေ နည်းနည်း စဉ်းစားချင်လာတယ်။ အခုတလော အင်္ဂလိပ်စာ ကြိုးစား ကျက်မှတ်နေလို့ တို့ကို သဘောကျနေတာ။ အင်္ဂလိပ်စကားကတော့ သတ်သတ် သင်စရာမလိုဘူးတဲ့။ ကိုယ်တိုင်ပြော၊ သူများပြောတာ နားထောင်ရင် တတ်လာမှာတဲ့။ ဒါကြောင့် ဧည့်သည်လာတုန်း သူ့နား ခေါ်ထား တာလေ။ သူတို့ နှစ်ယောက် စကားကောင်းနေကြတာ မှောင်ရော။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီညက ရုပ်မြင်သံကြား အစီအစဉ်မှာ စတူဒီယိုဘီ (အသံလွှင့်ခန်း ၁) က တေးဂီတ ကြည့်ရတယ်။ ဘိုမက စန္ဒယားအဖြူကြီးမှာ ထိုင်တီးပြီးဆိုတယ်။ ကိုယ်ယိမ်းလှုပ်ပြီး အမူအရာနဲ့ ဆိုတယ်။ တို့ သူငယ်ချင်းတွေလည်း ရောက်နေတယ်။ များများတော့ မဟုတ်ပါဘူး။ ခင်ထားအိနဲ့ ဖြူပြာညိုလဲ့စိမ်း၊ အလည်လာရင်း ကြုံလို့ ၀င်ကြည့်တာပါ။ ယိမ်းပုံ၊ လှုပ်ပုံ တုန်ခါပုံက နတ်ပူးသလိုပဲ တကယ်ပါပဲ။ တို့ နတ်ပွဲမှာ ကိုယ်ခါပြီး တုန်ကသလိုပါပဲ။ အဲဒီတော့ တို့လည်း ဘိုကြီး နတ်ပွဲကို သဘောကျနေတာ ကောင်းကောင်း သဘောပေါက်သွားတယ်။

ခင်ထားအိက တို့နားမှာ ထိုင်နေတာ၊ တို့က ပြောပြတော့ သူက "ဟုတ်တယ်ကီ၊ နတ်ကတာနဲ့ တထေရာထဲပဲ" တဲ့။ ခင်ထားအိလည်း ကြည့်ရင်း ကိုယ်လှုပ်တယ်။ သူက သိပ်အက၀ါသနာပါတာလေ။ ဘိုမ ဆိုတာ၊ လှုပ်တာ ကြည့်ရင်း တို့လည်း စိတ်လှုပ်ရှားလာတယ်။ တို့ ကြိုက်တဲ့ အဆိုတွေ၊ အတီးတွေ၊ အကတွေပဲ။ တို့ အိပ်ရာဝင်တော့ စဉ်းစားစရာတွေ ရလာတယ်။

ဖေဖေ မေမေတို့နဲ့ ဘိုးလေးနဲ့ တို့နဲ့ အယူအဆချင်း၊ အကြိုက်ချင်း၊ ခံစားမှုချင်း မတူတာ၊ ကွာဟနေတာတော့ အမှန်ပဲ။ ဘိုးလေးစကားနဲ့ ပြောရရင်တော့ သဘာဝကျပါတယ်ပေါ့။ ခေတ်ချင်း ကတော့ ဘယ်တူနိုင်ပါ့မလဲနော်။

ဘိုးလေးတို့ ကြီးလာရတာက အင်္ဂလိပ် ကိုလိုနီခေတ်။ ဖေဖေ မေမေတို့ ကြီးလာရတာက ဖဆပလခေတ်။

အခုခေတ်က တို့ခေတ်။ ဘိုးလေးတို့ ခေတ်က ဘတင့်၊ ခင်မောင်ရင်။ ဖေဖေ မေမေ တို့ခေတ်က ကော်လိပ်ဂျင်နေ၀င်း၊ တို့ခေတ်က ကျော်ဟိန်း၊ ဘယ်တူပါ့မလဲနော်။

အခုလေ ပြောရဦးမယ်။ ပြောစရာရှိတယ်ဆိုတာလဲ ဒါပါပဲလေ။ တခု တို့ ဘိုးလေးနဲ့ တူတာ သွားတွေ့တယ်။ စိတ်တောင်မကောင်းဘူး။

တနေ့က တို့ အင်္ဂလိပ်စာ လေ့ကျင့်ခန်း လုပ်နေတုန်း၊ ဘိုးလေးတို့ စပွဲနား ရောက်လာတယ်။ တို့က အပြင်ဆရာတယောက်ဆီမှာ ကျူရှင်ယူနေတယ်လေ။ ဘိုးလေးက အင်္ဂလိပ်ဘာသာ သင်ခန်းစာများ ဆိုတဲ့စာအုပ်က " ဗြိတိသျှဘားမား စာပုံနှိပ်တိုက်တွင် ရိုက်နှိပ်သည်။ ၁၉၂၃" ဆိုတဲံ စာလုံးကို ဖတ်ပြပြီး "အဲဒါ ဘိုးလေးတို့ ငယ်ငယ်က သင်တဲ့ စာအူုပ်ပေါ့၊ ကောင်းတယ်၊ ကြိုးစား" လို့ ပြောပြနေတယ်။ ခါတိုင် ဘိုးလေးတို့ခေတ်က၊ ဘိုးလေးတို့ခေတ်ကလို့ ပြောရင် တို့ကလည်း "(၁၈) ရာစုနှစ်က ဟာတွေပါ၊ ခုခေတ်က (၂၀) ရာစုခေတ်" လို့ ချက်ချင်း ပြန်ချေပလိုက်တာပဲ မဟုတ်လား။ အခုတော့ တို့ ဘာမှ ပြန်မပြောနိုင်ပဲ ငြိမ်နေတုန်း။ အပြတ်ချေဖို့ စကားလုံး ရှာနေတုန်းပေါ့လေ။

စိတ်တောင် မကောင်းပါဘူး...။

တို့ကပဲ ဘိုးလေးတို့ (၁၈) ရာစုခေတ် ရောက်သွားပြီလား... ဒါမှမဟုတ်၊ ဘိုးလေးကပဲ တို့ (၂၀) ရာစုခေတ် ရောက်နေပြီလား၊ တခုခုတော့ တခုခုပဲ။

တို့ အကြောင်းပြောစရာရှိတယ် ဆိုတာ ဒါပါပဲ။ သူငယ်ချင်းရေ။ လူကြုံ ကောင်းရင် တို့ကို ချော့ကလက်နဲ့ စပို့ရှပ် ပို့လိုက်စမ်းပါနော်။

                                                            ရှုမ၀ မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၁၉၈၂။

စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၆) စာမျက်နှာ [၁၀၃ - ၁၀၄]





စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၆)
စာမျက်နှာ [၁၀၃ - ၁၀၄]


 
 
{၂၂}

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်။  နံနက် ၈ နာရီခန့်။

တက္ကသိုလ်သမဂ္ဂတွင် ကျောင်းသားထု အစည်းအဝေး ကျင်းပသည်။  ခန်းမတခုလုံး လျှံသွားတော့သည်။  ၁၅ ရက်နေ့က အာဏာဖီဆန်သော အရှိန်သြဇာကြောင့် ကျောင်းသားများမှာ တက်ကြွနေကြသည်။  အရေးတော်ပုံကြီး သတင်းများကို နေ့တိုင်း သတင်းစာတွင် ဖတ်နေရ၍ ကျောင်းသားများမှာ အခြေအနေကို အမြဲတမ်း ခံစားသိရှိနေကြသည်။  သတင်းစာများမှာ ကျောင်းသားများ ဘက်မှ။  ရေနံမြေ အလုပ်သမား တပ်ကြီးပင် ပြည်မြို့သို့ ရောက်ရှိလာပေပြီ။

သထုံလမ်းရှိ   မရမ်းပင်၊ စိန်ပန်းပင်များ၏ ရွက်ကြိုရွက်ကြား၊ အခက်ကြိုအခက်ကြားမှ စိမ့်ဝင်တိုးကျလာသော နံနက်နေရောင်မှာ သမဂ္ဂ၏ မှန်ပြတင်းများ၌ ရိုက်ထင်ကာ ပန်းနုရောင် ရွှေရောင် ဝင်းပလျက် ရှိနေသည်။  အပြင်ဘက်ရှိ သမဂ္ဂ၏ အုတ်နံရံ အနီမှာပင် နုပျိုသော နေရောင်ဝယ် ပန်းနုသွေးကြွလျက် ရှိနေသည်။

အဓိပတိ လမ်းမပေါ်၌ ဘတ်စ်ကားများ တစင်းပြီး တစင်း ရောက်လာကြသည်။  အပေါ်ထပ် သမဂ္ဂ အစည်းအဝေးခန်းမပေါ်ရှိ ကျောင်းသားများပင် မသိလိုက်။

ကိုလှရွှေက ဥက္ကဌကုလားထိုင်မှ ထလိုက်သောအခါ ကျောင်းသားထုကြီးမှာ လှုပ်ရှားသွားသည်။

"ဒီကနေ့ ရာဇဝင်တွင်မယ့် ခြေလှမ်းသစ် လှမ်းကြမယ်။  ချုပ်ချယ်တဲ့ အာဏာကို ဖီဆန်ကြမယ်၊ ဘယ်နေရာမှာ ဆိုတာ ဘာလုပ်မယ်ဆိုတာ မပြောသေးဘူး။  သို့သော် ကျွန်တော်တို့က အကြမ်းမဖက်ဘူး။ အစိုးရက သေနတ်နဲ့ ပစ်ချင်ပစ်မယ်၊ အဲဒါ လိုက်ကြမလား"  ဟု ကိုလှရွှေက မေးလိုက်သည်။

ကျောင်းသားများက "လိုက်မယ်၊ အာဏာဖီဆန်မယ်"  ဟု တခဲနက် အော်လိုက်ကြသည်။

"အောက်မှာ ဘတ်စ်ကားတွေ အဆင်သင့် ရှိတယ်။ ခုသွားကြမယ်။  ကျွန်တော်တို့က  ဘယ်သူ့ကိုမှ အတင်းမခေါ်ဘူး၊ မလိုက်ချင်ရင် နေနိုင်တယ်။ ဟောဒီတံခါး ဖွင့်ထားတယ်"

ကျောင်းသားများ တက်ကြွလျက် ရှိကြသည်။

"မပြန်ဘူး၊ လိုက်မယ်။  နယ်ချဲ့ အစိုးရဥပဒေကို အာဏာဖီဆန်မယ်"  ဟု ထစ်ချုန်းလိုက်သည်။

"ဒါဖြင့်ရင် အောက်ကို စည်းကမ်းသေဝပ်စွာ ဆင်းပြီး ဘတ်စ်ကားပေါ် တက်ကြပါ။  ခင်ဗျားတို့ လက်ထဲမှာ ဘာမှ မပါပါနဲပ။ မောင်းချဓါးတောင် ပါရင် ထားခဲ့ကြပါ"

ကျောင်းသားများ အောက်သို့ ဆင်းလာကြသောအခါ ကျွန်တော်တို့က အပေါက်ဝမှာ ရှာကြသည်။  ခဲတံချွန်သည့်ဓါး၊ လက်သည်းလှီးသည့်ဓါး တွေ့လျှင် သိမ်းလိုက်ကြသည်။  အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြရေး။

ကားတန်းကြီးသည် ထွက်စပြုလေပြီ။  ဥပဒေပါမောက္ခ အိမ်ရှေ့၌ ရပ်ထားသော စုံထောက်ကားသည် စက်နှိုးလိုက်သည်။  ကိုလှရွှေ စီးသောကားလေးက ဝင်ဒါမီယာဘက် သွားရာ သူ့နောက်သို့ လိုက်သည်။  ဘတ်စ်ကားများ တစင်းပြီး တစင်း။  ညကတည်းက ကျနစွာ စီစဉ်ထားခဲ့ကြသည်။  ဘယ်ပုလိပ်မှ မတားဆီးနိုင်။  အတွင်းဝန်ရုံး ပတ်ပတ်လည်၌ ကျောင်းသားများ၏ ကြွေးကြော်သံတို့သည် သိမ့်သိမ့်တုန်လျက် ရှိနေသည်။

နေဝန်းနီကြီးသည် သူ၏ နုပျိုသော၊ သစ်လွင်သော၊ ရဲရင့်သော အရောင်ဖြင့် ကျောင်းသားများပေါ်သို့ ဖြာကျလျက် ရှိပေသည်။

[ပြီး]