စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၆)
စာမျက်နှာ [၁၀၃ - ၁၀၄]
{၂၂}
ဒီဇင်ဘာလ
၂၀ ရက်နေ့တွင်။ နံနက် ၈ နာရီခန့်။
တက္ကသိုလ်သမဂ္ဂတွင်
ကျောင်းသားထု အစည်းအဝေး ကျင်းပသည်။
ခန်းမတခုလုံး လျှံသွားတော့သည်။ ၁၅
ရက်နေ့က အာဏာဖီဆန်သော အရှိန်သြဇာကြောင့် ကျောင်းသားများမှာ တက်ကြွနေကြသည်။ အရေးတော်ပုံကြီး သတင်းများကို နေ့တိုင်း
သတင်းစာတွင် ဖတ်နေရ၍ ကျောင်းသားများမှာ အခြေအနေကို အမြဲတမ်း ခံစားသိရှိနေကြသည်။ သတင်းစာများမှာ ကျောင်းသားများ ဘက်မှ။ ရေနံမြေ အလုပ်သမား တပ်ကြီးပင် ပြည်မြို့သို့
ရောက်ရှိလာပေပြီ။
သထုံလမ်းရှိ မရမ်းပင်၊ စိန်ပန်းပင်များ၏ ရွက်ကြိုရွက်ကြား၊
အခက်ကြိုအခက်ကြားမှ စိမ့်ဝင်တိုးကျလာသော နံနက်နေရောင်မှာ သမဂ္ဂ၏ မှန်ပြတင်းများ၌
ရိုက်ထင်ကာ ပန်းနုရောင် ရွှေရောင် ဝင်းပလျက် ရှိနေသည်။ အပြင်ဘက်ရှိ သမဂ္ဂ၏ အုတ်နံရံ အနီမှာပင်
နုပျိုသော နေရောင်ဝယ် ပန်းနုသွေးကြွလျက် ရှိနေသည်။
အဓိပတိ
လမ်းမပေါ်၌ ဘတ်စ်ကားများ တစင်းပြီး တစင်း ရောက်လာကြသည်။ အပေါ်ထပ် သမဂ္ဂ အစည်းအဝေးခန်းမပေါ်ရှိ
ကျောင်းသားများပင် မသိလိုက်။
ကိုလှရွှေက
ဥက္ကဌကုလားထိုင်မှ ထလိုက်သောအခါ ကျောင်းသားထုကြီးမှာ လှုပ်ရှားသွားသည်။
"ဒီကနေ့
ရာဇဝင်တွင်မယ့် ခြေလှမ်းသစ် လှမ်းကြမယ်။ ချုပ်ချယ်တဲ့
အာဏာကို ဖီဆန်ကြမယ်၊ ဘယ်နေရာမှာ ဆိုတာ ဘာလုပ်မယ်ဆိုတာ မပြောသေးဘူး။ သို့သော် ကျွန်တော်တို့က အကြမ်းမဖက်ဘူး။
အစိုးရက သေနတ်နဲ့ ပစ်ချင်ပစ်မယ်၊ အဲဒါ လိုက်ကြမလား" ဟု ကိုလှရွှေက မေးလိုက်သည်။
ကျောင်းသားများက
"လိုက်မယ်၊ အာဏာဖီဆန်မယ်" ဟု
တခဲနက် အော်လိုက်ကြသည်။
"အောက်မှာ
ဘတ်စ်ကားတွေ အဆင်သင့် ရှိတယ်။ ခုသွားကြမယ်။
ကျွန်တော်တို့က ဘယ်သူ့ကိုမှ
အတင်းမခေါ်ဘူး၊ မလိုက်ချင်ရင် နေနိုင်တယ်။ ဟောဒီတံခါး ဖွင့်ထားတယ်"
ကျောင်းသားများ
တက်ကြွလျက် ရှိကြသည်။
"မပြန်ဘူး၊
လိုက်မယ်။ နယ်ချဲ့ အစိုးရဥပဒေကို အာဏာဖီဆန်မယ်" ဟု ထစ်ချုန်းလိုက်သည်။
"ဒါဖြင့်ရင်
အောက်ကို စည်းကမ်းသေဝပ်စွာ ဆင်းပြီး ဘတ်စ်ကားပေါ် တက်ကြပါ။ ခင်ဗျားတို့ လက်ထဲမှာ ဘာမှ မပါပါနဲပ။
မောင်းချဓါးတောင် ပါရင် ထားခဲ့ကြပါ"
ကျောင်းသားများ
အောက်သို့ ဆင်းလာကြသောအခါ ကျွန်တော်တို့က အပေါက်ဝမှာ ရှာကြသည်။ ခဲတံချွန်သည့်ဓါး၊ လက်သည်းလှီးသည့်ဓါး
တွေ့လျှင် သိမ်းလိုက်ကြသည်။ အကြမ်းမဖက်
ငြိမ်းချမ်းစွာ ဆန္ဒပြရေး။
ကားတန်းကြီးသည်
ထွက်စပြုလေပြီ။ ဥပဒေပါမောက္ခ အိမ်ရှေ့၌
ရပ်ထားသော စုံထောက်ကားသည် စက်နှိုးလိုက်သည်။
ကိုလှရွှေ စီးသောကားလေးက ဝင်ဒါမီယာဘက် သွားရာ သူ့နောက်သို့ လိုက်သည်။ ဘတ်စ်ကားများ တစင်းပြီး တစင်း။ ညကတည်းက ကျနစွာ စီစဉ်ထားခဲ့ကြသည်။ ဘယ်ပုလိပ်မှ မတားဆီးနိုင်။ အတွင်းဝန်ရုံး ပတ်ပတ်လည်၌ ကျောင်းသားများ၏
ကြွေးကြော်သံတို့သည် သိမ့်သိမ့်တုန်လျက် ရှိနေသည်။
နေဝန်းနီကြီးသည်
သူ၏ နုပျိုသော၊ သစ်လွင်သော၊ ရဲရင့်သော အရောင်ဖြင့် ကျောင်းသားများပေါ်သို့
ဖြာကျလျက် ရှိပေသည်။
[ပြီး]
No comments:
Post a Comment