စိန်သရဖူကို
လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၅)
စာမျက်နှာ
[၉၇ - ၁၀၂]
(၂၁)
တက္ကသိုလ်သမဂ္ဂအပေါ်ထပ်
တောင်ဘက်ခြမ်းရှိ စာကြည့်တိုက်ခန်းမ။
ကျွန်တော်တို့ကို မှန်တံခါးများ၊ စာအုပ်ဗီရိုများက ဝန်းရံထားသည်။ နတ်တော်လဆုတ်ညမို့ အပြင်ဘက်တွင် ကြယ်ရောင်မျှသာ
ထွန်းပြောင်နေကြသည်။ ပြာမှိုင်းသော
ကောင်းကင်ကြီးမှာ ညအား နက်မှောင်သော အလှကိုသာ ပေးစွမ်းနိုင်သည်။ သို့သော် တက္ကသိုလ်သမဂ္ဂ စာကြည့်တိုက်
ခန်းမကြီးကား ဓာတ်မီးရောင်များဖြင့် လင်းနေပေသည်။
ထိုညက လျှို့ဝှက်အစည်းအဝေး။
အဆောင်များရှိ စာကြည့်မီး ပိတ်လိုက်ပြီ ဖြစ်၍ လှမ်းမြင်နေရသော သထုံဆောင်၏
အခန်းများမှာ မှောင်ကျနေပေပြီ။
စင်္ကြန်လမ်း၌သာ မီးလင်းနေသည်။
တက္ကသိုလ်သမဂ္ဂ
အမှုဆောင်များနှင့် 'အတွင်စည်းဝိုင်း' မှ ကျောင်းသားများ ပူးတွဲကာ
စည်းဝေးနေကြသည်။ ကျွန်တော်မှာ
သမဂ္ဂအမှုဆောင် အဖွဲ့ဝင် မဟုတ်သေးသော်လည်း အတွင်းစည်းဝိုင်းအနေဖြင့် ဖိတ်ထားသဖြင့် အစည်းအဝေးသို့
လာရသည်။ လူစုံသောအခါ အဝင်ပေါက်
မှန်တံခါးကို ပိတ်လိုက်သည်။ ညည့်နက်ပြီ
ဖြစ်သော်လည်း အိပ်ချင်စိတ်မရှိ။
"ပုဒ်မ
၁၄၄ မရုပ်မသိမ်းမချင်း ကျွန်တော်တို့က အာဏာဖီဆန်ကြရမှာပဲ" ဟု အစည်းအဝေး စလျှင်စချင်း ကိုလှရွှေက
ပြောလိုက်သည်။
တကယ်ကတော့
မနေ့က အတွေ့အကြုံမှာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ယုံကြည်မှု ရစေသည်။ အင်္ဂလိပ်အစိုးရ၏ လူစီတန်း မလှည့်လည်ရဟူသော
တားမြစ်သည့် ပုဒ်မ ၁၄၄ ကို ဆန့်ကျင်သော အာဏာဖီဆန်ရေး ဆန္ဒပြပွဲ လုပ်ခဲ့သည်မှာ
အောင်မြင်သည်။ ကျောင်းသားလူထုကြီးက
အာဏာဖီဆန်သည်ကို အင်္ဂလိပ်အစိုးရက ဘာမှ တားဆီးခြင်း မလုပ်သည့်အတွက် ယင်းဥပဒေမှာ
မတည်ရှိတော့။ အုပ်စိုးသူတို့၏ အာဏာစက်သည်
မသက်ရောက်တော့။ ကျွန်တော်တို့၌
ယုံကြည်မှုဆိုတာ ဝင်လာပါပကော။ ဟုတ်ရဲ့လား။
မနေ့က
အတွေ့အကြုံ။ အာဏာဖီဆန်သော လူထုဆန္ဒပြပွဲ၌
ပါဝင်လိုက်ရသော အတွေ့အကြုံမှာ ၁၉၃၆ ကျောင်းသားသပိတ်နှင့်လည်း မတူတော့။
၁၉၃၆
ကျောင်းသားသပိတ်တုန်းက ကျွန်တော်မှာ နယ်က ဆယ်တန်းကျောင်းသား (၁၆) နှစ်အရွယ်။ နိုင်ငံရေးစာအုပ်များ မဖတ်တတ်သေး။ ရှေးဟောင်း မြန်မာကဗျာများနှင့်ကား
အကျွမ်းဝင်ခဲ့သည်။ ရှင်မဟာရဌသာရ၊
ရှင်မဟာသီလဝံသ၊ နတ်သျှင်နောင်၊ နဒေး၊ ဦးပုည၊ ဦးတိုး။ စကားပြေနှင့်ပင် သိတ်မထိတွေ့။ ကဗျာကို ခံစားနေသော ကာလ။ ကဗျာကလေး နည်းနည်းပါးပါး ရေးနေပြီ။ ရှေးကဗျာများကို ခံစားနေရသဖြင့်
ရေးချလိုက်သောအခါ ရှေးဟန် ရှေးစကားလုံး။
စန္ဒရားခလုတ်များကို တို့ခါစ။
ဂီတတွင်ကား ကာလပေါ်တေး များကို ခံစားနေပြီ။
ရှေးသီချင်းကြီး သက်သက်မဟုတ်။
အနုပညာ အတွေ့အကြုံကတော့ ရစ။
ထိုအရွယ်တွင် ၁၉၃၆ ကျောင်းသားသပိတ်က ဖြတ်သန်းသွားခြင်း ဖြစ်ပေသည်။
နုနယ်သောအရွယ်၊
နုနယ်သော အတွေ့အကြုံကား ယင်း ၁၉၃၆ ကျောင်းသားသပိတ်မှောက် အရေးအခင်းသည်
ကြီးကျယ်နေပေသည်။ သပိတ်မှောက်သည်နှင့်အတူ
အင်္ဂလိပ်အစိုးရအား ဆန့်ကျင်သော လွတ်လပ်ရေး တောင်းဆိုချက်များ ဖော်ပြလာကြသည်။
ကျွန်ပညာကို
မီးရှို့လော့
စုတ်ချာသောပညာရေးစနစ်
စသည်ဖြင့်
သပိတ်မှောက် ကြွေးကြော်သံများ ရေးသားဖော်ပြလိုက်ရသည်ကိုပင် ထိုအခါက
ကျေနပ်နေမိကြပေသည်။ အင်္ဂလိပ်
အာဏာပိုင်များဘက်ကလည်း သပိတ်မှောက်ခြင်းဆိုသည်မှာ သူတို့ကို အံတုခြင်းသဘော။ "ကျွန်ပညာရေး"
ဟုပြောလိုက်ခြင်းကပင်လျှင် အင်္ဂလိပ်တို့၏ ကိုလိုနီပညာရေးကို ရှုတ်ချလိုက်ခြင်းသဘော။
ထိုအခါကမူ
ကျွန်တော်တို့မှာ အဖိနှိပ်ခံ ပြည်သူများဘက်မှ ညီညွတ်ရေးအင်အားကို
ပြလိုက်ခြင်းပင်။ ကျွန်တော်တို့
သပိတ်မှောက်သည် ဆိုသည်မှာပင် နောက်တော် တက္ကသိုလ်ကျောင်းသားများအား ညီငယ်
နယ်ကျောင်းသားများက ထောက်ခံ အားပေးခြင်းသဘော။
ရန်ကုန်တက္ကသိုလ်က သပိတ်မှောက် ထွက်လာ ကြသည် ဆိုကတည်းက ကျွန်တော်တို့
မနေနိုင်တော့။ ပထမတော့
ကျွန်တော်တို့နှင့်မဆိုင်ဟု တွေးတောမိ သေးသည်။
သို့သော် ခံစားမှုက မနေတော့။
ဘဝတူဟူသော အသိက ဘယ်လိုဘယ်လို ဖိစီးလာသည် မသိ။ သပိတ်မှောက် ကျောင်းသားများ၏
ညီညွတ်ခြင်းသတင်းကို ကြားရ၍ စိတ်ထဲက အားရလာကာ မိမိတို့လည်း သူတို့နှင့်အတူ
ရှိနေချင်သော စိတ်က ပြင်းထန်လာသည်။
"အမျိုးသားရေး
ကြိုးပမ်းကြပါ၊ ဒို့ဗမာဟေ့ ဒို့ဗမာ"
ဟူသော သီချင်းသံကို ကြားလာရသည်။
နိုင်ငံခြားသား အင်္ဂလိပ် အုပ်စိုးသူများလက်မှ လွတ်မြောက်မှ
ငြိမ်းချမ်းသာယာမည်ဟူသော အမျိုးသားရေးနှင့် ယှဉ်ကပ်ပါလာသော လွတ်လပ်ရေးစိတ် ဒီရေက
မြင့်တက်လာသည်။ ညီညွတ်ရေးစိတ် အဟုန်သည်
ရိုက်ခတ်လာရာ မနေနိုင်တော့သည့် အဆုံး ဆယ်တန်းကျောင်းသားချင်း တိုင်ပင်ကာ
သပိတ်မှောက်လိုက် ကြတော့သည်။ သပိတ်မှောက်
ကြေညာစာတမ်းကို ရန်ကုန်သပိတ်စခန်း သပိတ်မှောက်ကောင်စီသို့ ပို့လိုက်ပြီးတော့မှ နေသာ ထိုင်သာ
ရှိသွားတော့သည်။ ထိုအခါကျမှပင်
လုပ်သင့်လုပ်ရမည် ဖြစ်သော တာဝန်တခု ကျသွားသလို ခံစားကာ ပေါ့ပါးသွားသည်။ ထိုအခါကတော့ ယင်းစိတ်ဓါတ်မျိုးကို
'မျိုးချစ်စိတ်' ဟု ခေါ်ဝေါ်ခဲ့ကြသည်။
ကျွန်တော်တို့မြို့တွင်
သပိတ်စခန်းကလည်း ရှိသည်မဟုတ်။
ဆယ်တန်းကျောင်းသားများသာ သပိတ်မှောက် ကြသည်။ ရန်ကုန်မြို့ ဂျူဗလီခန်းမတွင် ကျင်းပသော
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံ ကိုယ်စားလှယ် အဖြစ် တက်ရောက်ကာ
နားထောင်ကြသည်။ ဒါပဲ။ သပိတ်လှန်ရေး အဆုံးအဖြတ်တွင် ကိုယ်တိုင်ပါဝင်
ငြင်းခုံခဲ့သည် မဟုတ်။ ဝေဖန်
ပိုင်းခြားနိုင်ခဲ့သည် မဟုတ်၊ ဆုံးဖြတ်ချက်များကို ကြားနာပြီး ဟုတ်သလို
ထင်ရာဘက်သို့ လိုက်ခဲ့ကြခြင်း ဖြစ်သည်။
နုနယ်သောအဆင့်။ နိုင်ငံရေးစိတ်ဓာတ်
ထက်သန်စ အဆင့်။ ကျွန်တော်တို့မှာ
ဒီရေစုန်တွင် လိုက်ပါသွားခြင်း ဖြစ်သည်။
သို့သော်
ယခု အာဏာဖီဆန်ရေးတွင်ကား သည်မျှ မကတော့။ နိုင်ငံရေးစာအုပ်များ ဖတ်စပြုလာပြီ။ ပတ်ဝန်းကျင် အတွေ့အကြုံက ကျယ်ပြန့်လာသည်။
မိမိဖတ်နေသော စာအုပ်များထဲမှ အဓိပ္ပါယ်ကို ရှာဖွေစ ပြုနေပြီ။ မိတ်ဆွေများနှင့် ဖတ်သမျှကို
ညှိကြည့်နေပြီ။ ဟုတ်မဟုတ်
ငြင်းခုံနေပြီ။ ဖတ်သည့်စာအုပ်ကလည်း
ကြားဖူးနားဝ စာအုပ်မဟုတ်။ စာအုပ်အသစ်၊
အဘိဓမ္မာအသစ်၊ လူထုလှုပ်ရှားမှု၊
ဆိုရှယ်လစ်ဝါဒ၊ တော်လှန်ရေး။
မြို့မကျောင်းမှ
ပုဇွန်တောင် လိပ်ကန်ပန်းခြံအထိ ချီတက်လာခဲ့သော အာဏာဖီဆန်ရေး ဆန္ဒပြပွဲကြီးမှ အပြန်ည
အိမ်ခန်းသို့ ရောက်သောအခါ ရင်ခုန်ရင်း တွေးတောနေမိသည်။
အင်္ဂလိပ်အစိုးရကို
အင်အားကြီးမားသော အုပ်စိုးသူဟု နားလည်ခဲ့သည်။
တက္ကသိုလ် မရောက်ခင် ကတည်းက ရာဇဝင် သင်လာခဲ့ရာ
ဗြိတိသျှအင်ပိုင်ယာကြီးအကြောင်း ဖတ်ခဲ့ရသည်။
'နေမဝင်သော လက်နက်နိုင်ငံတော်ကြီး' ဟုပင် တင်စားခေါ်ခဲ့ကြသည်။ သူတို့၏ အမျိုးသား သီချင်း၌ 'အဏ္ဏဝါဗွေက လှိုင်းလုံးများကို
အုပ်စိုးခဲ့ပြန်သည်' ဟု လှပခံ့ညားစွာ
သီကျူးထားခဲ့သည်။ အင်္ဂလိပ်အစိုးရမှာ
ကျွန်တော်တို့ထက် အစစ အရာရာ အင်အားသာလွန်းနေသည်။
စီးပွါးရေးအင်အား၊ လက်နက်အင်အား မယှဉ်နိုင်။ သို့သော မနေ့ညနေက ကျွန်တော်တို့
ကျောင်းသားများသည် ယင်းသို့ အင်အားကြီးမားသော အင်္ဂလိပ်အစိုးရအား အာဏာဖီဆန်ခဲ့ကြ သည်
မဟုတ်ပါလား။
လောလောလတ်လတ်
ကျွန်တော် ဖတ်နေသော စာအုပ်မှ 'နိုင်ငံတော်နှင့် တော်လှန်ရေး' အခန်းမှ ကောက်နှုတ် ဖော်ပြထားသော အရင်းရှင်စနစ်မှ
ကွန်မြူနစ်စနစ်သို့ အသွင်ကူးပြောင်းရေးနှင့် ဆိုင်သော ကားလ်မတ်၏ အယူအဆကို လီနင်က
ဖွင့်ဆိုထားသည်မှာ 'သို့ဖြစ်လေရာ အရင်းရှင် လူ့အဖွဲ့အစည်း၌ ဒီမိုကရေစီ ရှိသည်
ဆိုရာမှာ ကျဉ်းကျုံ့ ထားသည်၊ ချုပ်ချယ်ထားသည်။
စိတ်ပျက်စရာ ကောင်းသည်။ ဒီမိုကရေစီ အတု ဖြစ်သည်။ လူချမ်းသာ လူနည်းစုအတွက် ဒီမိုကရေစီ
ဖြစ်သည်' တဲ့၊ ချုပ်ချယ်ထားသော ဒီမိုကရေစီ
(ဝါ) အရင်းရှင် ဒီမိုကရေစီ။
အင်္ဂလိပ်အရင်းရှင် အစိုးရလက်ထက် ဒီမိုကရေစီ။ ယင်းအင်္ဂလိပ်အစိုးရအား အာဏာဖီဆန်သည်မှာ
မှန်သည်။ မှန်လျှင် အောင်ရမည် မဟုတ်ပါလား။
မနေ့ညနေက
အာဏာဖီဆန်စဉ်က ချီတက်ရာ လမ်းတလျှောက် လူအများက အားပေးထောက်ခံ ကြသည်။ မြန်မာသတင်းစာ အားလုံးကလည်း အပြည့်အစုံ
ဖော်ပြကြသည်။ ရေနံမြေမှ ချီတက်လာသော
အလုပ်သမား တပ်ကြီးမှာ အောင်လံသို့ ရောက်နေပေပြီ။
အာဏာဖီဆန်ရာတွင် အင်္ဂလိပ်အစိုးရက ဘာမှ မလုပ်၊ မဟန့်တားနိုင်။ ကျောင်းသားများ၏ စည်းလုံးညီညွတ်သော
အင်အားကြောင့်ပင် မဟုတ်ပါလား။
မိမိအလုပ်ကို မိမိ ယုံကြည်လာလေပြီ။
အရေးတော်ပုံဟူသော စကားသည် လေးနက်လာသည်။
အရေးတော်ပုံဟူသော စကားလုံး သုံးနှုန်းသည်မှာ မကြာသေးပေ။
အရေးတော်ပုံ
အောင်ပါစေ ဟု အော်လိုက်ရသည်မှာပင် မိမိပါဝင်သော အလုပ်ကို ယုံကြည်မှု အသံပါနေသည်ဟု
ခံစားမိသည်။ အရေးတော်ပုံမှာ
အတွင်းစိတ်ထဲသို့ ဝင်ရောက်လာခဲ့ပေပြီ။
မနေ့က အတိုင်းပင် စိတ်ခံစားမှု ရှိနေသည်။
ကဗျာဖတ်နေသော ရသခံစားမှုသည် ကဗျာကို ကိုယ်တိုင် ရေးဖွဲ့လာသောအခါ ပို၍
စိတ်ဝင်စားတာမျိုး၊ ပြောင်းလဲလာတာမျိုး၊ လေးနက်လာတာမျိုး၊ အပြင်လူမဟုတ်တော့
စမိပေပြီ။
ကိုလှရွှေ၏
နက်မှောင်သော အသားရောင်ထဲမှ မျက်မှန်သည် လက်နေ၏။
"မနေ့က
ကျွန်တော်တို့ အာဏာဖီဆန်ကြတာတော့ အောင်မြင်တယ်။ ရှေ့ဆက်ပြီး ခြေလှမ်းသစ်
လှမ်းကြရမှာပဲ။ ကဲ ဆွေးနွေးကြပါ"
အပြင်ပမှ
သခင်လှဖေ(ဗိုလ်လက်ျာ) နှင့် သခင်သိန်းဖေ(ဦးသိန်းဖေမြင်) တို့ကို အစည်းအဝေး၏
ခွင့်ပြုချက်အရ တက်ရောက်ကြသည်။ ကိုလှရွှေက
ခွင့်တောင်းသည်။ "သူတို့ဆီမှာ
ရှာနိုင်တယ်" ဟူ၍ ကိုလှရွှေက ပြုံးရယ်ကာ
ပြောသည်။ ကျွန်တော်၏ အနားရှိ သခင်လှဖေ၏
အိတ်ထဲကို ကျွန်တော်က စမ်းကြည့်သည်။
ထို့နောက် ရယ်မောနေကြသည်။
တယောက်တပေါက်
အကြံပေးကြသည်။ ဆူးလေဘုရားလမ်းဆုံတွင်
တရားပွဲချရန် ကိုအေးကျော်က အကြံပေးသည်။
အချို့က သဘောကျကြသည်။ အချို့
သဘောမကျ။ လမ်းသွားလမ်းလာ ရပ်စဲကာ လူအများ
အနှောက်အယှက်များ ဖြစ်မလားဟု စဉ်းစားကြသည်။
နောက်ဆုံး၌
ကိုသိန်းဖေ အကြံပေးသော အတွင်းဝန်ရုံးကို ဝိုင်းရန် ဟူသော
အဆိုကို အားလုံးက လက်ခံလိုက်ကြသည်။
"ဒါကို
သဘောတူရင် အသေးစိတ် စီစဉ်ကြရလိမ့်မယ်၊ ပထမ အတွင်းဝန်ရုံး ဂိတ်ပေါက်ဝတွေရဲ့
မြေပုံကြမ်းတခု လိုမယ်" ဟု ကိုလှရွှေက
ပြောသည်။
အတွင်းဝန်ရုံး
အဝင်တံခါးများပါသော ပုံကြမ်းကို သွားရောက်ရေးဆွဲရန် ကျောင်းသားတစုအား
တာဝန်ပေးလိုက် သည်။ နောက်တနေ့ည၌
မြေပုံကြီး အလယ်ချပြီး အသေးစိတ် အစီအစဉ်များ ပြုလုပ်ကြသည်။ ဝင်ပေါက်များကို တာဝန်ယူရန် လူများခွဲသည်။ ကျွန်တော့်ကို ဒါလဟိုဇီလမ်း အလယ်၊
အရှေ့တောင်တံခါးကို တာဝန်ချသည်။
အစီအစဉ်အားလုံးကို
လျှို့ ဝှက်သိပ်သည်းစွာ
ဆောင်ရွက်ကြသည်။ ဒီဇင်ဘာ ၂၀ ရက်နေ့
အတွင်းဝန်ရုံး ဝိုင်းမည်ဟူသော ဆုံးဖြတ်ချက်ကို
၁၉ ရက်ကျမှ အတည်ပြု အသိပေးသည်။
ပိပိရိရိ လုပ်ကြသည်။ လျှို့
ဝှက်ချက်မပေါက်ကြားအောင် အထူး စောင့်ထိန်းကြသည်။
No comments:
Post a Comment