စိန်သရဖူကို
လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၄)
စာမျက်နှာ
[၉၄ - ၉၇]
(၂၀)
ညနေဘက်၌
မြို့မကျောင်းဝင်းသို့ ရန်ကုန်မြို့ရှိ ကျောင်းသားများ တသွင်သွင်
စီးဝင်လာကြသည်။ ထောင်သောင်း
ကျောင်းသားများ။
မြို့မကျောင်းဝင်းအတွင်းသို့ ကျောင်းတကျောင်းက ကျောင်းသားစုများ ဝင်လာတိုင်း
ကြွေးကြော်သံများက သိမ့်သိမ့်ခါသွားသည်။
သခင်မျိုးဟေ့
ဒို့ဗမာ
မီးတုတ်မီးတုတ်
ရှို့ ရှို့
ဓနရှင်အစိုးရ
ပျက်စီးပါစေ
မတရားတဲ့ဥပဒေတွေ
ရုပ်သိမ်းပေး
အရေးတော်ပုံ
အောင်ပါစေ
တကယ်တော့
ကျွန်တော်မှာ လူကြောက်သူ။ လူစုလူဝေးကို
ဘယ်လို ကြပ်မတ် ရမလဲ မသိ။ အတွေ့အကြုံ
ကလည်း မရှိသေး။ ကျွန်တော့်မှာ ပထမတော့
ရင်ခုန်နေ၏။ ကုလား - ဗမာ
အဓိကရုဏ်းတုန်းကလည်း ကြုံခဲ့ရသည်။ ၁၉၃၆
ကျောင်းသားသပိတ်နှင့်လည်း မတူ။ တကယ့်
လှုပ်ရှားတက်ကြွနေသော လူထုကြီး ပါကလား။
ရေနံမြေ အလုပ်သမားအရေးမှ ရိုက်ခတ်ကာ တက်ကြွလာသော လူထုကြီး၊ လွတ်လပ်ရေး
အသိစိတ်ဖြင့် တက်ကြွနိုးကြားနေသော ကျောင်းသားထုကြီး၊ သတင်းစာများ
နေ့တိုင်းဖော်ပြပေး၍ ပြည်သူတရပ်လုံးကပါ စိတ်ဝင်စားကာ တက်ကြွနေသောအခါ……..
ကိုလှရွှေ
စကားပြောရန် ထလာသောအခါ မိုးများ ရွာလာသည်။
ဒီဇင်ဘာလ ဆောင်းမိုးမို့ မိုးရေစက်များက အေးမြသည်။ လေတိုက်သောအခါ သာ၍ အေးလာသည်။ ကျောင်းသားများကား မအေးကြ၊ သူတို့၏ ရင်တွင်း၌
နွေးနေသည်။ လွတ်လပ်ရေးစိတ်က
နွှေးပေးသည်။ အေးသည်ကို မမှု၊ ဘာရင်ဆိုင်ရ၊
ရင်ဆိုင်ရ။
ကိုလှရွှေ၏
စကားသံသည် မိုးပွါးကလေးများကြားမှ ထွက်ပေါ်လာသည်။
ကျောင်းသားထုကြီး၏ လက်ခုပ်သံများ က ဟိန်းလျက်ရှိသည်။ ကျွန်တော်၏ စိတ်လှုပ်ရှားမှုမှာ ကျ မသွား။ ရင်ခုန်နေသော်လည်း သွေးခုန်အတိုးမှာ မှန်မှန်၊
ညီညွတ် စည်းလုံးနေသော အင်အားကို ခံစားကာ ကြည်နူးနေသည်။ လွတ်လပ်ရေးကို ယုံကြည်လာသည်။ ကိုလှရွှေက အကြမ်းမဖက်ဘဲ စည်းကမ်းကျနစွာ
အာဏာဖီဆန်ဖို့ မှာကြားနေသည်။
မိုးမှုန်များကြား၌ ကိုလှရွှေ၏ နဘေးမှ အလံနီကြီးသည် တဖျတ်ဖျတ်
လွင့်နေပေသည်။ အလံနီကြီးကား တက်ကြွခြင်း၏
အထိမ်းအမှတ်။ အင်အား၏ အထိမ်းအမှတ်။
ထို့နောက်
လေးယောက်တတွဲ မြို့မကျောင်းမှ ထွက်လာကြသည်။
ကျွန်တော်မှာ အရှေ့ဆုံးရှိ တပ်စုတစုကို တာဝန်ကျနေသည်။ တက္ကသိုလ် ကျောင်းသားများ၊ အခြားကျောင်းသားများ၊
အစိုးရကျောင်း၊ အမျိုးသားကျောင်း၊ မြူနီစပယ်ကျောင်း၊ ကျောင်းစုံမှ
ကျောင်းသားများလည်း အသီးသီး နောက်မှ တန်းစီကာ လိုက်ပါလာကြသည်။
ဆေးကောလိပ်သို့
ရောက်သောအခါ မိုးသည် စဲစ ပြုလာလေပြီ။
ခဲသားရောင် တိမ်တိုက်ထဲမှ နေရောင် မြှားတံ များ ထိုးကျလာသည်။ ရွှေရောင်တလက်လက် ပစ်လွှတ်နေသည်။ ကျွန်တော်တို့သည် အရှေ့ဘက် ကော်မရှင်နာ လမ်း
(ယခုဗိုလ်ချုပ်လမ်း) သို့ ကွေ့လိုက်ကြသည်။
သွားရမည့်လမ်းကို ကျွန်တော့်အား မှာကြားထားပြီ ဖြစ်သည်။ ထွက်စက အလံကို ကိုကြည်မောင်
(တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီးဟောင်း)က ကိုင်သည်။ သူသည် ၁၉၃၈ က သမဂ္ဂ အမှုဆောင်ဖြစ်သည်။ ကျန်ရစ်ခဲ့သော လူတန်းကြီးကို
စည်းကမ်းသေဝပ်ရေးအတွက် ကြပ်မတ် သွားနေ၍ ကျွန်တော်က အလံကို ကိုင်ရသည်။
ရွှေရောင်ထဲမှ
အလံနီကြီးမှာ တလွှင့်လွှင့်။။ လေက
ပင့်လိုက်သောအခါ အနီထဲ၌ တူတံစဉ်သည် အထင်းသား ပေါ်နေ၏။ ကျွန်တော်တို့ ဖတ်ခဲ့သော နိုင်ငံရေးစာအုပ်၊
မတ်လီနင် ကျမ်းထဲ၌ မြင်ခဲ့ရသော တူတံစဉ်အလံကို ကိုယ်တိုင်ထိတွေ့
ပွေ့ဖက်နေရပါတကား။ ကျွန်တော့်မှာ
ရင်ခုန်နေမိသည်။ အထက်အညာမှ ချီတက်လာသော
ရေနံမြေ အလုပ်သမားများမှာလည်း ယင်းကဲ့သို့ တူတံစဉ်အလံကြီးကို ကိုင်ကာ မိုင် (၂၀၀)
ခရီးသို့ လာနေကြ ပါကလား။ ကျွန်တော်သည်
အလံကြီးကို စိတ်လှုပ်ရှားစွာ ဆုပ်ထားမိသည်။
ကော်မရှင်နာလမ်းရောက်သောအခါ
လမ်းဘေးမှ လူထုပရိသတ်ကြီးမှာ ပြည့်နေတော့သည်။
"သခင်မျိုးဟေ့ ဒို့ဗမာ၊ အရေးတော်ပုံ အောင်ပါစေ" ဟု အော်ဟစ်ခါ နှုတ်ဆက်ကြသည်။ လက်ခုပ်တီးကာ အားပေးကြသည်။
ပုဒ်ထီးပုဒ်မ
အလိုမရှိ
ပုဒ်မ
၁၄၄ ရုပ်သိမ်းပေး
ဓနရှင်အစိုးရ
ပျက်စီးပါစေ
ဆေးရုံကြီး
ကျော်လာပြီးနောက် လူအုပ်ကြီးမှာ လမ်းမပေါ်၌ ပို၍များလာသည်။ ရွှေတိဂုံဘုရားလမ်းအကူး၊ ဆေးကျောင်းအနီး(ယခု
လေဟာပြင်ဈေးဟောင်းနေရာ) ၌ကား၊ လမ်းတခုလုံး ပြည့်နေတော့သည်။ လမ်းများကို ဖြတ်လိုက်သောအခါ အဝေး၌
သံချပ်ကာကားများကို တွေ့လိုက်ရသည်။
သည်တခါပဲ စစ်ကားကို မြင်ဖူးသည်။
ကျောင်းသားများမှာလည်း
စည်းကမ်းသေဝပ်စွာပင် ချီတက်နေကြသည်။
အားလုံး တက်ကြွလျက် ရှိသည်။
ရဲရင့်ခြင်းသည် ကူးစက်၍ နေသည်။
သံချပ်ကာ စစ်ကားများကို မြင်ရသောအခါ ကျောင်းသားများ၏ အသံသည် ပို၍
ကျယ်လောင်လာသည်။
"ဓနရှင်အစိုးရ
ပျက်စီးပါစေ၊ အရေးတော်ပုံ အောင်ပါစေ"
သံချပ်ကာကားနောက်မှ
စစ်ပုလိပ်များ။ အဝေး၌ ရပ်နေကြခြင်း
ဖြစ်သည်။ ကျောင်းသားများက ကော်မရှင်နာ
လမ်းတလျှောက် ချီတက်လျက်။ မိုးရေကြောင့်
ကတ္တရာလမ်းမကြီးမှာ ဝင်းပနေခဲ့၏။ ခဲရောင်
တိမ်တိုက်သားပင် လွင့်စင်ကာ ကောင်းကင် နီလာရောင် အပြာသည် လင်းလာသည်။ လမ်းဘေးရှိ
သစ်ပင်များသည် မြစိမ်းလွင်ကာ ဝင်းပစိုရွှန်းနေသည်။
သက်မဲ့ကမ္ဘာကြီး ပင်သည်လျှင် အရေးတော်ပုံဘက်မှ ရှိနေကြသည်။
ကျွန်တော်သည်
အလံကို ပို၍ မြဲမြံစွာ ဆုပ်ကိုင်ထားမိသည်။
စာအုပ်ထဲ၌သာ တွေ့ခဲ့ရသော တူတံစဉ်အလံကို ယခု ထိတွေ့ခံစားရလေပြီ။ စာအုပ်ထဲမှ အမှန်တရားကို ယခု လက်ဖြင့်
ထိကိုင်ရပေပြီ။ လက်တွေ့ တကယ့်အမှန်တရားကို
အာရုံခံစား သိရှိလာပေပြီ။
သတ်မှတ်ထားသည့်အတိုင်း
ပုဇွန်တောင် လိပ်ကန်ပန်းခြံ၌ လူစုခွဲလိုက်သည်။
ကိုလှရွှေက အာဏာဖီဆန်သည်မှာ အောင်မြင်ပြီ ဖြစ်ကြောင်း ကြေညာလိုက်သည်။
စိန်သရဖူမှ
စိန်တလုံး လွင့်ကျသွားပေပြီ။
ကျွန်တော်ကား
ထိုည၌ အိပ်မပျော်။
No comments:
Post a Comment