Tuesday, September 2, 2014

စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၂)

စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၂)
[စာမျက်နှာ ၈၂ - ၈၈]


(၁၈)

ကျွန်တော်တို့ ပတ်ဝန်းကျင်ကား ခါတိုင်းကဲ့သို့ပင် စိမ်းလန်းတင့်ရွှန်းလျက် ရှိနေပေသည်။  စာသင်ခန်းမှ မှန်တံခါးရောင်မှာ တိမ်ပြာရိပ် ထလျက်ရှိသည်။  အဝါနုရောင်နံရံမှာ အမြဲတမ်း သစ်လွင်လျက် ရှိနေသည်။  ကြမ်းပြင်မှာ ဖယောင်းဆီဖြင့် တောက်ပချောလက်၍ နေသည်။  ဖယောင်းပုဆိုးကွက် ကြမ်းပြင် မှန်ရိပ်၌ ပိုးရောင်ဖဲရောင်၊ သက္ကလတ်ရောင်၊ ကတ္တီပါဖိနပ်ရောင်၊ ရှူးဖိနပ်ရောင်၊ ခုံမြင့်ဖိနပ်ရောင်တို့သည် ဝင်းပြက်လျက် ရှိနေသည်။  ရေမွှေးနံ့တို့သည်လည်း သင်းပျံ့ကြိုင်လှိုင်လျက် ရှိနေသည်။

မနက် အိပ်ရာထလျှင် ဗဟိုထမင်းစားခန်းဆောင်သို့ သွားကာ ကော်ဖီနှင့် ပေါင်မုန့်လုံးတခု သွားစားလိုက်သည်။  ရေချိုး ပြင်ဆင်ပြီး ၉ နာရီခွဲ ကျောင်းအမီ နံနက်စာ စားကြသည်။  ဟင်း ၅ ခွက်၊ အချိုပွဲပါ၊ နေ့လယ်တွင် ထမင်းလက်သုပ် သို့မဟုတ် အုန်းနို့ခေါက်ဆွဲ သို့မဟုတ် ပလာတာနှင့်ဆိတ်သားလုံး သို့မဟုတ် ပလာတာနှင့် မလိုင်လုံး။  ညနေ ၃ နာရီခွဲတွင် ကော်ဖီနှင့် ပေါင်မုန့်ယိုသုတ်၊ ထောပတ်သုတ်၊ ညစာ ဟင်းလျာတမျိုး။  ညစာ အချိုပွဲကိုတော့ ကြိုက်ကြပုံရသည်။  ရေခဲမုန့်၊ နှင်းသီး၊ စပျစ်သီးခြောက် မလိုင်မျှော၊ ပြောင်းဖူးကြွတ်ရွ နို့ဆမ်း စသည်တို့ တလှည့်စီ။  ဒါတောင် ကျွန်တော်တို့မှာ မကျေနပ်ကြ။  သထုံဆောင် ဘေးရှိ ကုလားဆိုင်၊ တရုတ်ဆိုင်မှ ဝက်အူချောင်းကြော်၊ ဆိတ်သားကြော်များ မှာစားကြသည်။  အိမ်မှ ငပိကြော် မှာကြသည်။  ဒိန်းမတ်ပြည်မှ ထောပတ် ဝယ်ထားကြသည်။  ကျောင်းကပေးသော ထောပတ်က ညံ့သည်ဟု ယူဆသည်။  ညဘက် အပြင် ထွက်ကာ ဘူးသီးကြော်၊ အာလူးအကျွတ်ကြော် ဝယ်စားကြလေသည်။  ကျောင်းဟင်း ငြီးငွေ့၍ မြို့ထဲ ထွက်ကာ လမ်းဘေးတရုတ်ဆိုင်မှ အခေါက်ကင် တပဲ၊ အသားကင် တပဲ၊ ထမင်း နှစ်ပြား၊ တူနှင့် စားရသည်ကို ကျေနပ်နေ ကြသည်။  ဟင်းအပြောင်းအလဲ သဘောမျိုး။

ခါတိုင်းကဲ့သို့ပင် ဆောင်းလေသည် အင်းလျားကန်မှ ဖြတ်သန်းကာ မရမ်းပင်၊ စိန်ပန်းပင် ရွက်ကြိုရွက်ကြားမှ ပြေးလွှား လာနေသည်။  ကံ့ကော်ပင်များမှာ ပေါက်စ ရှိသေးသည်။  လေမှာ လတ်ဆတ်၍ နှင်းရနံ့ သင်းမြနေပေ  သည်။ ငွေလရောင်သည် ရွှန်းမြလျက် ရှိနေပေသည်။

ယင်းသို့လျှင် သာယာလှပသော နိုဝင်ဘာလကုန်၌ ရေနံမြေ ချောက်မှ သပိတ်မှောက် အလုပ်သမား ၂၀၀၀ ကျော်သည် ရေနံချောင်း မကွေးတို့မှ ဖြတ်သန်းကာ ရန်ကုန်သို့ ချီတက်လာကြသည် ဟူသော သတင်းမှာ စိန်ပန်းပင်ရိပ်သို့ ရိုက်ခတ်လာတော့သည်။

တကယ်တော့ အလုပ်သမားများမှာ ကျွန်တော်တို့နှင့် နီးစပ်ကြသည် မဟုတ်ပေ။  ကျွန်တော်တို့မှာ ငယ်စဉ် ကတည်းက လယ်ယာချောင်းမြောင်း၊ လယ်သမား၊ ကိုင်းသမားများနှင့်ကတော့ နီးစပ်သည်။  သို့သော် စက်ရုံ အလုပ်ရုံတို့မှာ တောနယ်များ၌ သိပ်ရှိလှသည် မဟုတ်။  ကျွန်တော်တို့ ကြီးပြင်းရသော ဖြစ်ဝကျွန်းပေါ်ဒေသ ပတ်ဝန်းကျင်မှာ လယ်ယာ၊ လယ်သမား။  အလုပ်သမားဆို၍ ဆန်စက်များ၌ လုပ်ကိုင်သော စက်အလုပ်သမား၊ စပါးသယ် ကူလီများသာ။  ဆန်စက်များမှာ မြို့အစွန်၌သာ တည်ထားကြသည်။  ကျွန်တော်တို့ နေတာက မြို့လည်ခေါင်၊ တခါတရံသာ ဆန်စက်ဝင်းအတွင်း ရောက်သည်။  ဆန်စက် အလုပ်သမားဘဝကိုတော့  ပြင်ပကသာ တစေ့တစောင်း မြင်ဖူးရုံမျှသာ။

ရေနံမြေမှ အလုပ်သမားများ ချီတက်လာရုံမက လယ်သမားများကလည်း တပ်နှင့်ချီ၍ ပဲခူးဘက်၊ ဝေါဘက်မှ လာကြဦးမည်ဟု တဆင့်သိရသည်။  လယ်သမားတပ်ကြီးကလည်း သောင်းကျော်။  လယ်သမားတပ်ကြီးကို စိတ်ဝင်စားမိသည်။  အလုပ်သမားများကို စိတ်မဝင်စားတာတော့ မဟုတ်။ ဘဝချင်းက ဆက်စပ်မှု မရှိသဖြင့် တကယ့် အလုပ်သမား ရုပ်ပုံမှာ ကျွန်တော့်ဘဝရိပ်ထဲ၌ မထင်ရှားလာသေး။  ထင်ထင်ရှားရှား ပီပီသသ ပေါ်မလာ သေး။

သို့သော် ကျွန်တော်၏ စိတ်ကူးစက်ဝန်းထဲ၌ အလုပ်သမား ရုပ်ပုံသည် ထင်ဟပ်နေပြီ။  မတ်လီနင် ကျမ်းစာအုပ်များ ဖတ်သောအခါ  'အလုပ်သမားလူတန်းစား'  ဟူသော စကားလုံး နောက်ကွယ်မှ အလုပ်သမားရုပ်ပုံကို မှတ်သားနေမိသည်။  အနောက်နိုင်ငံ ဝတ္ထုများထဲမှ အလုပ်သမား ရုပ်ပုံသည် ကျွန်တော်၏ စိတ်ကူးမှန်ရိပ်၌ ထင်နေပြီ။ တကယ့် စက်ရုံ အလုပ်ရုံ အလုပ်သမားကိုကား အကောင်အထည်နှင့် မတွေ့ထိ ရသေး။  စကားမပြောဘူးသေး။

လီနင်၏ မတ်၊ အိန်ဂျယ် မတ်ဝါဒ ကျမ်းစာအုပ်များ ဖတ်သောအခါ အလုပ်သမား လှုပ်ရှားမှုများကို သိရသည်။  ကားလ်မတ်၏ စီးပွါးရေး သဘောတရား၊ အရင်းကျမ်းမှ ဘောဂဗေဒတရားကို ဖတ်ရင်း တန်ဖိုး၊ အစွန်းထွက် တန်ဘိုး၊ လူသုံးကုန်ပစ္စည်း စသည်များကို သိရသည်။  စိတ်ဝင်စားလာ၍ ခဲတန်နီဖြင့် အသုံးတန်ဖိုး၊ လဲလှယ်တန်ဖိုး စသော အသစ်တွေ့ရှိသော ဝေါဟာရများကို မျဉ်းသားမိသည်။  သူတို့ ရေးသားထားတာက ဥရောပက အနောက်နိုင်ငံ အရင်းရှင်စနစ် ဖြစ်ပေါ် တိုးတက်လာပုံ အကြောင်း။  စာအုပ်ထဲမှ တွေ့ရသော အရာများ၊ စာအုပ်မှ တွေ့ရသော အလုပ်သမားများ၊ အရင်းရှင်များ။ အားလုံး ကျွန်တော့်အဖို့ အသစ်အဆန်းချည်း ဖြစ်နေသည်။  စိတ်ကူးဖြင့်သာ ပုံဖော်ယူရသည်။

ရှယ်လီ၏ ကဗျာဖတ်ရတော့ တမျိုး၊ သည်လိုမဟုတ်။  ကားလ်မတ်၊ လီနင်တို့၏ ကျမ်းစာအုပ်များနှင့် မတူ။

နှင်းဆီပွင့်ကြွေကျပြီးနောက်
နှင်းဆီရွက်များက
ချစ်သူ့အိပ်ရာထက်၌
စုပုံလျက်ပါတကား။

ကျွန်တော် ခံစား၍ရသည်။  နှင်းဆီမှာ ကျွန်တော်၏ စိတ်ကူးထဲမှ ပန်းပွင့်မဟုတ်။  ကျွန်တော် ငယ်စဉ် ကတည်းက ရင်းနှီးခဲ့သော နှင်းဆီ၊ ဘာသာစကား ခြားနားသော်လည်း နှင်းဆီကို ကျွန်တော်သိသည်။  နှင်းဆီအနီကို ခံစားသည်။  နှင်းဆီရနံ့ကို ခံစားသည်။  နှင်းဆီ၏ အာရုံအားလုံးကို ကျွန်တော် ခံစား၍ ရသည်။  နှင်းဆီသည် ကျွန်တော်၏ ဘဝ၌ တကယ်ရှိသည်။  နှင်းဆီသည် အမှန်တရား။

ဝေါလတာဒီလာမဲယား၏ ကဗျာတပုဒ်၌ -
ဒီမှာ ဘယ်သူရှိလဲဟု
ခရီးသည်က
လရောင်ရွှန်းပြက်တံခါးကို
ခေါက်ကာမေးလိုက်သည်။

ဟု စ, ထားပြီး လရောင်၏ တိတ်ဆိတ်ခြင်း မှောင်သော လှေကားမှ လရောင် ဖျော့ဖျော့များ ဖွဲ့ထားသည်။  ကျွန်တော် ခံစား၍ ရသည်။  ကျွန်တော်တို့ ဆီမှာလည်း သည်လရောင် ရှိသည်။  ဥရောပမှာသာ မဟုတ်။  လရောင်ကို ကျွန်တော် ခံစားသည်။  လရောင်၏ အမှန်တရားကို ကျွန်တော် သိပေသည်။

မတ်လီနင် ကျမ်းစာအုပ်များထဲမှ ရရှိသော အလုပ်သမား ရုပ်ပုံကိုကား ကျွန်တော်၏ စိတ်ကူးထဲတွင်သာ တွေ့ထားသည်။  အမှန်တရား မဟုတ်သေး။  ယခု ရေနံမြေ အလုပ်သမားများ ချီတက်လာသည် ဆိုသောအခါ ကျွန်တော်သည် စိတ်ဝင်စားလာသည်။  အမှန်တရားကို တကယ် တွေ့ထိရတော့မည်။

မကွေး၌ အလုပ်သမားတပ်ကြီးသည် ရပ်တန့်နေတော့သည်။  မကွေးရာဇဝတ်ဝန်က ပုဒ်မ ၁၄၄ ထုတ်ကာ ဆက်၍ မသွားရန် တားမြစ်ထား၍ ရပ်တန့်နေခြင်း ဖြစ်သည်။

သည်တော့ ကျွန်တော်တို့မှာ မနေနိုင်တော့။  သတင်းစာ စောင့်ဖတ်နေရသည်။  ကိုဗဟိန်းကို မေးရသည်။  သူတို့လည်း အလုပ် ရှုပ်နေကြတော့သည်။  ဒို့ဗမာ အစည်းအရုံး သွားရသည်။  ကြေးနန်းသတင်းကို ထောက်လှမ်း ရသည်။  သတင်းစာများတွင်လည်း ရေနံမြေ အလုပ်သမားတပ်ကြီး၏ အခြေအနေကို နေ့စဉ်ပင် ဖော်ပြကြသည်။  အလုပ်သမားတပ်ကြီးမှာ ရှေ့သို့ ဆက်မချီတက်နိုင်တော့။  ခေါင်းဆောင်များကို ဖမ်းသည်။  ပုလိပ်နှင့် မြင်းစီးစစ် ပုလိပ်များက ရှေ့က တားဆီးထားသည်။  ပုဒ်မ ၁၄၄ ထုတ်ပြန်ထား၍ လူစုလူဝေးနှင့် စီတန်းလှည့်လည်ခြင်း မပြုရ။  သပိတ်တပ်ကြီးမှာ ချမ်းအေးလှသော အညာဆောင်းတွင်း၌ အနွေးထည် လုံလောက်အောင် မပါဘဲ မြေကြီးပေါ်၌ အိပ်ကြရသည်။  သွပ်မိုးတန်ဆောင်ကြီးထဲ၌ တချို့။  ငပိကြော် ဟင်းတခွက်၊ တခါတရံ တနပ်။  ကုလား အလုပ်သမားကတော့ ပဲဟင်းတခွက်၊ အလုပ်သမားတပ်ကြီး သည် မကွေး၌ တပတ်ခန့် ကြာနေပေပြီ။

ကျွန်တော်တို့မှာ စိတ်ထိခိုက်နေမိသည်။

ကျွန်တော် ဖတ်နေဆဲ စာအုပ်၏ 'နိုင်ငံတော်နှင့်တော်လှန်ရေး' စာအုပ် ကောက်နှုတ်ချက် အခန်းမှ 'အရင်းရှင်ဒီမိုကရေစီ' ဟူသော သဘောတရားကို သွား၍ ဆုပ်မိသည်။  အလုပ်သမားကို ချုပ်ချယ် ဖိနှိပ်ထားခြင်း များသည် ဒက်ခနဲ ပေါ်လာကာ အရင်းရှင်ဒီမိုကရေစီ ဟူသော စကားနှင့် သွားဟပ်သည်။  အား. ဟုတ်သား ပါကလား။  လီနင်က မတ်၏ တော်လှန်ရေး အသွင်ကူးပြောင်းခြင်းတရားကို ရှင်းပြထားသည်။  လီနင်က "ဘာမှ အရေးမကြီးသော လူနည်းစုအတွက် ဒီမိုကရေစီ၊ ချမ်းသာသူ ဓနပေါသူများအတွက် ဒီမိုကရေစီ။  သည်ဟာသည် အရင်းရှင် လူ့အဖွဲ့အစည်းအတွက် ဒီမိုကရေစီ" ဟု ဖော်ပြထားသည်။

ဟုတ်သားပဲ။  ရေနံကုမ္ပဏီ ဓနရှင်တွေကို ကာကွယ်ပေးထားတဲ့၊ လူနည်းစုကို ကာကွယ်ပေးထားတဲ့ ဒီမိုကရေစီပဲ။  အင်္ဂလိပ် ဓနရှင် အစိုးရ။  သူတို့ ဒီမိုကရေစီပဲ မဟုတ်လား။  ထိုအခါက ဤစာပိုဒ်ကလေးကို ခဲတံနီဖြင့် ဘေးက မျဉ်းသားထားခဲ့သည်။  ယခုတော့ အနှစ် (၄၀) ခန့်ပင် ရှိပြီ ဖြစ်၍ အနီရောင်မှာ ဖျော့နေပါပြီ။

အလုပ်သမားတို့၏ နစ်နာချက် တောင်းဆိုချက်များကို ပြန်၍ ဖတ်ကြည့်သည်။  ဟုတ်သားပဲ။  သူတို့တောင်းတာ တရားတာပဲ။  ခဲတံနီဖြင့် မျဉ်းသားထားတာ တပိုဒ် ရှိသေးသည်။  "လွတ်မြောက်ရေးအတွက် ဆင်းရဲသားတို့သည် ဓနရှင်ကို ဖြုတ်ချပစ်ရမည်။  နိုင်ငံရေးအာဏာကို အောင်ပွဲ အရယူရမည်။  ထို့နောက် မိမိတို့၏ တော်လှန်ရေး အုပ်စိုးမှုစနစ်ကို တည်ထောင်ရမည်"  ထိုအခါကတော့ မြန်မာနိုင်ငံရေး ဝေါဟာရ စကားများပင် ပီပီသသ မရှိသေး။

'ဆင်းရဲသား' ဟူသော စကားကတော့ အသုံးများသည်။  နောက် 'ပစ္စည်းမဲ့' ဟု ဘာသာပြန် သုံးကြသည်။  'အုပ်စိုးမှု' ကိုတော့ နောက် 'အာဏာရှင်စနစ်' ဟု သုံးကြသည်။  တိုက်ရိုက် ဘာသာပြန် သုံးခြင်း ဖြစ်သည်။  စကားအဟန့်ကတော့ ကောင်းသည်။  လက်တင် မူလစကားလုံး အမိန့်ဟူသော သဘောမှ ဆင်းသက်လာသည်။  သတ်ပုံ လေ့ကျင့်ခန်းစာ ခေါ်သော အဓိပ္ပါယ်က မူလစကား။  အာဏာရှင်ဆိုတာကတော့ အဓိပ္ပါယ် မကောင်း။  တယောက်တည်း မင်းဧကရာဇ်ကဲ့သို့ ထင်ရာလုပ်သူကို ခေါ်သည့် စကားလုံး။  အာဏာရှင် ဟစ်တလာ။  ဘာသာပြန် ဝေါဟာရ စကားလုံးများကြောင့် မြန်မာစာ သက်သက် စာဖတ်သူများ အဓိပ္ပါယ်အမျိုးမျိုး ကောက်ယူနားလည်ပုံကို နောင် တွေ့ရသည်။

အလုပ်သမားတွေ အင်္ဂလိပ် ဓနရှင် အစိုးရ၏ ချုပ်ချယ်ဖိနှိပ်မှုမှ လွတ်မြောက်ရေး။  သို့မဟုတ် အမျိုးသား လွတ်လပ်ရေး။ လွတ်လပ်ရေး ရအောင်တော့ ဓနရှင် အစိုးရကို ဖြုတ်ချရမည် မဟုတ်ပါလား။  ကျောင်းသားများ လည်း အင်္ဂလိပ်ဓနရှင် လက်အောက်ခံ။  ဘဝတူ၊ ကျောင်းသားများနှင့် အလုပ်သမားများ ဘဝတူ။  ကျွန်တော်တို့ သည် မကွေး၌ အဆင်းရဲခံနေကြသော အဖိနှိပ် အချုပ်ချယ် ခံနေရသော ရေနံမြေ အလုပ်သမားများ အကြောင်း ကြားရင်း ခံစားလာမိကြသည်။  တကယ်တော့ ခံစားမှု၏ အစနိဒါန်းမျှသာ။  လူမှုလက်တွေ့ မဟုတ်သေးသော် လည်း စိတ်ဓာတ်ရေးရာအားဖြင့် ဆက်စပ်သော ခံစားမှု ဓေဒနာပင် ဖြစ်ပေသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂနှင့် တက္ကသိုလ်သမဂ္ဂ ဥက္ကဌ ကိုဗဟိန်း နှင့် အတွင်းရေးမှူး ကိုဗဆွေတို့သည် ရေနံချောင်း ကျောင်း ကိစ္စဖြင့် ရေနံချောင်းသို့ သွားကြသည်။  လမ်း၌ မကွေးတွင် အလုပ်သမားတပ်ကြီးနှင့်တွေ့ရာ အလုပ်သမားများ၏ နေရပုံကို ခံစားကာ မနေနိုင်တော့ဘဲ ကိုဗဟိန်းက သပိတ်စခန်းများက အလုပ်သမားများအား အားပေးစကား ပြောကြားသည်။  ကိုဗဟိန်း တရားဟောအပြီး မကွေးရာဇဝတ်ဝန်က ဖမ်းလိုက်သည်။  တရားပင် မဟောရသေးသော ကိုဗဆွေလည်း အဖမ်းခံရသည်။

ကိုဗဟိန်းက သူ၏ နိဂုံးတွင် "မြင်းခွါတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေ့မယ်" ဟု နယ်ချဲ့ အင်္ဂလိပ် အစိုးရအား ကြုံးဝါးလိုက်သည်။  ရာဇဝင်တွင်သော ကိုဗဟိန်း၏ စကားရပ်။  ကျွန်တော်တို့မှာ ကြက်သီးမွေးညှင်း ထသွားကြသည်။  မနီးမဝေး၌ကား အလုပ်သမား တပ်ကြီးကို တားဆီးထားသော မြင်းစီးပုလိပ်တပ်နှင့် တုတ်ကိုင် ပုလိပ်များ။  နိုဝင်ဘာ ၁၁ ရက်၊ ၁၉၃၈။  ကိုဗဟိန်း၏ စကားလုံးများသည် တပြည်လုံး ပဲ့တင်ထပ်သွားသည်။

အိန်ဂျယ်၏ 'ဟောစာတမ်း' ကို သွားအမှတ်ရလိုက်မိသည်။  စကားလုံးကတော့ စိတ်ကူးယဉ်ဆန်သော စကားလုံး။  ရသပါသော စကားလုံး။  ၁၈၈၇ က သုံးသော စကားလုံးများ။  "လမ်းဘေး လူသွားစင်္ကြံပေါ်၌ သရဖူများ လိမ့်နေ ကြသည်။  ဘယ်သူမှ မကောက်ကြတဲ့။  နောက်ဆုံး အောင်ပွဲကတော့ အလုပ်သမား လူတန်းစား "  တဲ့။


ကိုဗဟိန်း၏ စကားလုံးကလည်း လှပပါသည်။  မြန်မာပြည်ထဲရောက်နေသော၊ ယခု မကွေး၌ ပျံဝဲဝင်းလက် နေသော စိန်စီ မြစီ အင်္ဂလိပ်သရဖူကို လမ်းဘေး ဖုတ်တောထဲ ရောက်အောင် လုပ်ရမှာပါကလား။  ကျွန်တော်တို့၏ ခံစားမှုသည် ပေါက်ကွဲလာကြတော့သည်။

No comments:

Post a Comment