ပန်းနုရောင်နှစ်ကာလများ
စိန်သရဖူကို
လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ
စာမျက်နှာ
[၇၆ - ၈၂]
စိန်သရဖူကို
လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၁)
(၁၇)
အတိတ်မှ
မှန်ရိပ်များသည် တဖျတ်ဖျတ် ပေါ်လာကြသည်။
နှင်းများ ကွဲလာပြီ။ နှင်းကမ္ဘာထဲမှ
အရိပ်များ ရေးရေးပေါ်လာပြန်သည်။ သမဂ္ဂစာရေး
ကိုဇင်၏ လက်နှိပ်စက် ရိုက်သံမှာ တဘက်ကမ်းစပ်မှ လှိုင်းပုတ်သံမျှသာ။ ကျွန်တော့်အား ၁၉၃၉ - ၄၀ နှစ် တက္ကသိုလ်သမဂ္ဂ
အမှုဆောင်အဖွဲ့ဝင် ဖြစ်အောင် လုပ်ကြသော ကိုဗဟိန်း၊ ကိုလှရွှေ စသူများ၏ စကားသံ
ရယ်သံများသည် ဝေးလံသော အရပ်ဒေသက အသံမျှသာ။
မကြားတချက်၊ ကြားတချက်။ ကြားသော်လည်း
စကားလုံးများမှာ မသဲကွဲ။ မပီသ၊ အဓိပ္ပါယ်မပေါ်။ ကျွန်တော့်အတင်း ပြောနေတာလည်း ဖြစ်ချင်
ဖြစ်မည်။ နှင်းများ ပြန်၍
ဝေလာပြန်သည်။ အသံအားလုံး သဲ့သဲ့
ကြားနေရာမှ နောက် လုံးဝမကြားရတော့။
နီရဲသော မှန်တချပ် လာ၍ ထင်နေသည်။
စိမ်းသော၊ ပြာလဲ့သော၊ ခိုရောင်နုသော မှန်ကားများအပေါ် လွှမ်းကာ နီရဲတောက်ပသော
မှန်ကားတချပ်။ အားလုံးသော မှန်ရိပ်များကို
ကန့်လန့်ဖြတ်ကာ ပေါ်လွင်ထင်ရှားနေသော မှန်ရိပ်။
++++++++++++ ++++++++++++++ +++++++++++++++
သည်နှစ်၊
အရင်နှစ် ၁၉၃၈ နှစ်ကာလမှာ သက်တမ်း ဘာမျှ မရှိသော်လည်း ပတ်ဝန်းကျင်သစ်၏
ရိုက်ခတ်မှုမှာ မသေးငယ်လှ၊ ပထမ ပညာသင်နှစ်ကာလ၌ ကုလား - ဗမာ အဓိကရုဏ်း၏
ရိုက်ခတ်မှုကြောင့် စိတ်လှုပ်ရှားခဲ့ရသည်။
လူအများ၏ သဘာဝကို ကိုယ်တိုင် တွေ့ကြုံခဲ့ရသည်။ စိတ်လှုပ်ရှားမှု စတုန်းကတော့ တယောက်။ သို့သော် တယောက်က အစ တရာ၊ တထောင်၊ သိန်း သောင်းလည်း
ပွါးလာနိုင်သည်။ ရင်ထဲကတော့
ခံစားနေကြသည်။ သို့သော် တယောက်က စ, ကာ
ဖွင့်ဟလိုက် သောအခါ ခံစားမှု တူသူများ ထကြွ နိုးကြားလာသည်။ ခံစားမှုများ စုပေါင်းကာ အင်အား ဖြစ်လာသည်။ အင်အား ဖြစ်လာသောအခါ အရည်အချင်းသစ် အဖြစ်
လူထုလှုပ်ရှားမှု ဖြစ်ပေါ် တိုးတက်လာခြင်း ဖြစ်သည်။
'လှုံ့ဆော်မှု' ဟူသော စကားလုံးကို ရာဇဝတ်မှုခင်းဆိုင်ရာ မှတ်တမ်းရေးသူ
အရာရှိများက သုံးနှုန်းတတ်ကြသည်။ ဂါတ်တဲရှိ
စာရေး စားပွဲ၌ ထိုင်ကာ မှတ်ချက်ချသော စကားလုံး ဖြစ်သည်။ တကယ်ကတော့ လှုံ့ဆောင်မှုသည် ဘာမှ မဟုတ်။ တကယ့်ဖြစ်ရပ် အကြောင်းအရာကသာလျှင် အခြေခံ
ဖြစ်ပေသည်။ လှုံ့ဆော်မှုသည် အကြောင်းရင်း
မဟုတ်ပေ။ သို့သော် မှုခင်းဆိုင်ရာ
ရာဇဝတ်အုပ်တို့က သူ၏ အစီရင်ခံစာ၌ လှုံ့ဆော်သူကို တရားခံအဖြစ် တွေ့ရှိ
မှတ်တမ်းတင်ထားခြင်း ဖြစ်ပေသည်။
လှုံ့ဆော်မှုသည် မီးပွါးကလေးမျှသာ။
သေးငယ်လှသည်။ ရေခဲတုံးပေါ်၌
မီးပွါးကျလို့ကတော့ ဘာမျှမဖြစ်။ သို့သော
မီးကျီးခဲကို ပြာက ဖုံးနေသည်။
မီးပွါးကျလိုက်သောအခါ ဟုန်းကနဲ ထတောက်ခြင်း ဖြစ်သည်။
၁၉၃၈
နှစ် ဒုတိယနှစ်ဝက် သီတင်းကျွတ် ကျောင်းပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်သောအခါ
ခါတိုင်းလိုပင်။ ဘာမျှ ထူးခြားမှု
မရှိသေး။ သို့သော် သမဂ္ဂမှာ အမှုဆောင်
ပြောင်းလဲမှု နည်းနည်းပါးပါး ရှိသည်။ ဥက္ကဌ ကိုအောင်ဆန်းမှာ
ဒို့ဗမာအစည်းအရုံးသို့ ဝင်သွားသည်။ သူသည်
နိုင်ငံရေးကို လုံးလုံးလျားလျား လုပ်တော့မည်ဟု ဆုံးဖြတ်လိုက်ဟန် တူသည်။ ဒို့ဗမာအစည်းအရုံမှာ လွတ်လပ်ရေးအတွက်
တိုက်နေသော နယ်ချဲ့ ဆန့်ကျင်ရေး တပ်ဦးဖြစ်နေပေပြီ။
၁၉၃၆
ကျောင်းသားသပိတ်မှ မွေးဖွါးသော ကျောင်းသားခေါင်းဆောင်များသည်
ဒို့ဗမာအစည်းအရုံးသို့ ဝင်သွားကြသည်။
သခင်နု၊ သခင်လှဖေ(ဗိုလ်လက်ျာ)၊ မတ်လီနင်ဝါဒ ကျမ်းစာအုပ်များ ဖတ်ရှုလေ့လာသူ လူငယ်များသည်
သခင်ဖြစ်သွားကြသည်။ သခင်စိုး၊
သခင်သန်းထွန်း။
ကိုအောင်ဆန်းထွက်သွားသောအခါ
သမဂ္ဂဥက္ကဌမှာ အတွင်းရေးမှူးလုပ်နေသော ကိုဗဟိန်း ဖြစ်လာသည်။ ကိုဗဟိန်းမှာနောက်ဆုံးနှစ် ဘီအေတန်းတွင်
ကျောင်းတက်လျက် ရှိနေသည်။ သူ၏
အတွင်းရေးမှူးနေရာကို ဥပဒေတန်းတက်နေသော ကိုအေးကျော်က ယူလိုက်သည်။ ကိုဗဟိန်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသမဂ္ဂ တွင်လည်း တွဲ၍ ဥက္ကဌ လုပ်ရတော့သည်။
ယင်း ဗကသ၏ အတွင်းရေးမှူးမှာ ကိုဗဆွေ၊ ယင်းသို့ ဒုတိယနှစ်ဝက် တွင်
ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းများ၌ နေရာ အပြောင်းအလဲများ ဖြစ်သည်။ မနှစ်က ၁၉၃၇ - ၃၈ က ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ သမဂ္ဂနှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ဥက္ကဌနေရာများကို
တယောက်တည်းက တွဲ၍ တာဝန်မယူရ။ ထိုကြောင့်ပင်
ကိုအောင်ဆန်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကိုသာ တာဝန်ယူပြီး တက္ကသိုလ်
သမဂ္ဂတွင် ဥက္ကဌ မလုပ်ခဲ့ရ။
၁၉၃၈
- ၃၉ တွင်ကား ယင်းသို့ မဟုတ်တော့။ တွဲ၍ တာဝန်ယူရန်
သဘောပေါက်လာကြသည်။ မူလ သူတို့၏
ဆုံးဖြတ်ချက်များကို ပြောင်းလဲ ပြင်ဆင်ကြသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၌ ဌာနချုပ် နေရာမရှိ။ သို့ ဖြစ်ရာ
တက္ကသိုလ်သမဂ္ဂ ဥက္ကဌ နေရာနှင့်ပါ တွဲတာဝန်ယူမှ ဖြစ်မည်ဟုဆိုကာ ပြင်ဆင်ကြခြင်း
ဖြစ်သည်ဟု သိရသည်။
နိုဝင်ဘာလတွင်ကား
စိတ်လှုပ်ရှားဖွယ်ရာ အလုပ်သမားသပိတ် မှောက် သတင်းများ ကြားလာရသည်။ ရေနံမြေမှ
အလုပ်သမား သပိတ်မှောက်အကြောင်းများ သတင်းစာတွင် ဖတ်လာရသည်။ သပိတ်ကတော့ ချောက်မြို့ ဘီအိုစီ ရေနံကုမ္ပဏီမှ
စတင်ခြင်း ဖြစ်သည်။ ၁၉၃၈ နှစ်စ ကတည်းက
ဖြစ်သည်။ ဘီအိုစီ ကုမ္ပဏီ အလုပ်သမားများက
စတင်သော်လည်း အခြားသော အိုင်၊ ဘီ၊ ပီ၊ အင်၊ အို၊ စီ စသော ကုမ္ပဏီအလုပ်သမား
များကလည်း ဘဝတူ အလုပ်သမားများ အတွက် ထောက်ခံသော အားဖြင့် သပိတ်မှောက်ကြသည်။ လမ်းရွာ၊ စဥ့်ကူး၊ ရေနံကျပ်၊ ရေနံချောင်း စသော
ရေနံမြေများသို့ ကူးစက်သွားသည်။
၁၉၃၈
ပထမနှစ်ဝက်တွင် ကုလား - ဗမာ အဓိကရုဏ်းကြောင့် အလုပ်သမား သပိတ်အရေးမှာ မြုပ်သလို
ဖြစ်နေသည်။ ကျွန်တော်တို့
ကျောင်းသားများအဖို့ ကုလား - ဗမာ အဓိကရုဏ်း အရေးအခင်းက ရိုက်ခတ်မှု
ပြင်းနေသည်။ ရေနံမြေ အလုပ်သမား အရေးမှာ မှိန်နေခဲ့သည်။ သို့သော် နိုဝင်ဘာလတွင်တော့ မီးလျှံသည်
တောက်လာပြန်သည်။
ရေနံမြေ
အလုပ်သမားများ၏ နစ်နာချက် တောင်းဆိုသံများကို သတင်းစာများတွင် ရံဖန်ရံခါ
ဖတ်ကြရသည်။ သို့သော် ခံစားမှုက
သိတ်မပြင်းသေး။ ရေနံကုမ္ပဏီ အလုပ်ရှင်များက
အလုပ်သမားများကို ဖိနှိပ်သည်။ ချုပ်ချယ်သည်ဟုသာ
သာမန် နားလည်မိသည်။
ထိုအခါ
ကျွန်တော်သည် လက်ဝဲ စာအုပ်များကို ဖတ်စပြုနေပြီ။
လီနင် ရေးသော မတ်၊ အိန်ဂျယ်၊ မတ်ဝါဒ စာအုပ်များကို ဝယ်ဖတ်လိုက်သည်။ ပထမဆုံး ဖတ်သော စာအုပ်။ ထို့နောက် စာအုပ်ငယ်များ ဖတ်ရသည်။ ယင်း စာအုပ်များ ဖတ်ပြီး
'ဘုံဝါဒနှင့်စစ်မက်ရေး' အမည်ဖြင့် ဒဂုန်မဂ္ဂဇင်း (အောက်တိုဘာ ၁၉၃၈) ၌
ဆောင်းပါးတပုဒ် ရေးလိုက်သည်။ တကယ်ကတော့
စာဖတ်ပညာ လေ့ကျင့်ခန်း တမျိုးပင် ဖြစ်သည်။
ကိုယ်ကာယ လေ့ကျင့်ခန်းကဲ့သို့ပင်။
ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်မှသာ ကြွက်သားများ မာကျစ်လာမည်။ သန်စွမ်းလာမည်။ စာဖတ်ပြီး မိမိဖတ်ပြီးသမျှ အခြား အလားတူ
ဖတ်သူနှင့် ဆွေးနွေး သို့မဟုတ်က ဖတ်ပြီးသား အကြောင်းအရာများကို အကျဉ်းချုပ်ကာ
ပြန်လည် ရေးသားခြင်းမျိုး။ သို့မဟုတ်က
အနှစ်သာရများကို ထုတ်နှုတ်၍ မှတ်စုချုပ်ကာ ရေးသားခြင်းမျိုး။ ယင်းကို စာဖတ်ပညာ လေ့ကျင့်ခန်းဟု ခေါ်နိုင်သည်။
သဘောတရား
စာအုပ်များ ဖတ်သောအခါ အခြားစာအုပ်များ ဖတ်တာနှင့် မတူ။ မသိသေးသော စကားလုံးများကို အဘိဓာန်၌ ရှာဖွေရုံနှင့်
နားလည်သည်မဟုတ်။ အဘိဓာန်မှာ စကားလုံး၏
အဓိပ္ပါယ်ကိုသာ ပြောပြမည်။
ရှင်းပြမည်။ သို့သော် လက်တွေ့ အဓိပ္ပါယ်ကို
ဖော်ပြခြင်း မရှိ။ လက်တွေ့ အဓိပ္ပါယ်
ဆိုသည်မှာ မိမိကိုယ်တိုင် တွေ့ကြုံခံစားကာ သိရှိနားလည်သော အဓိပ္ပါယ် ဖြစ်သည်။ မိမိမသိသော စကားလုံးကို အဘိဓာန်တွင် ရှာဖွေကြည့်ရှုသောအခါ
နားလည်ခြင်းမှာ တကယ်နားလည်ခြင်း မဟုတ်သေး။ သိသလိုလို။ နားလည်သလိုလို ရှိခြင်းပင် ဖြစ်သည်။ တကယ် သဘောပေါက်ခြင်း မဟုတ်သေး။ သို့မဟုတ် စကားလုံး၏ အဓိပ္ပါယ် တဝက်တပျက်ကို
နားလည်ခြင်းသာ ဖြစ်သည်။ အပြည့်အစုံ
ကုန်စင်အောင် နားလည်ခြင်း မဟုတ်ပေ။ ဥပမာ လူမျိုးရေး
ပြသနာ ဟူသော စကားလုံး။ တကယ်တော့
အဘိဓာန်ပင် လှန်ကြည့်စရာ မလိုသော စကားလုံး။
သို့သော် မြန်မာမှအပ အခြားလူမျိုးများ၊ အမျိုးသားများနှင့်
ပေါင်းသင်းဆက်ဆံကာ တွေ့ထိပြီးမှ ရေးရေးမျှ သိလာရသည်။ ကျွန်တော်ဆိုလျှင် ရှမ်းပြည်ရောက်ဖူးသွားပြီးမှ
လူမျိုးရေးဟူသော စကားလုံး၏ အစတစကို ဖမ်းမိရုံ ရှိခဲ့သည်ကို တွေ့ရသည်။ ထိမိရုံဟုဆိုလျှင် ပိုမှန်သည်။ တကယ်တော့ ရေးရေးယောင်ယောင် မျှသာ။ 'လူမျိုး' ဟူသော စကားလုံး၏
အဓိပ္ပါယ်ဖွင့်ဆိုပုံမှာပင် ကျယ်ဝန်းနက်နဲ လှပေသည်။
လီနင်ရေးသော
'မတ်ဝါဒနှင့် ပရောက်ဒွန်ဝါဒတို့၏ လူမျိုးရေးပြသနာပေါ် သဘောထား' ဟူသော ဆောင်းပါးကို ဖတ်မိသည်။ သဒ္ဒါကို နားလည်ပါ၏။ စကားလုံးများ၏ တခုချင်း အဓိပ္ပါယ်ကိုလည်း
နားလည်ပါ၏။ သို့သော် သဘောတရားကို နားမလည်ဟု ဆိုချင်ပါသည်။ လူမျိုးရေးနှင့် ပါတ်သက်၍ ကျွန်တော့်တွင်
ထိတွေ့မှု မရှိခဲ့ပေ။ ထို့ကြောင့်ပင် ထိုဆောင်းပါးကို ဖတ်ပြီး ခဲတံနီဖြင့်
မျဉ်းသားထားခြင်းပင် မပြုခဲ့ပေ။
မျဉ်းသားလျှင် စာအုပ်က နည်းနည်းတော့ ဖမ်းထားပြီဟု ကိုယ့်ကိုယ်ကို
သတိထားမိပြီ။ စာဖတ်ရာ၌ ဘယ်အပိုဒ်
ဘယ်သဘောတရားကို နားမလည်သေးပါကလားဟု နားလည်အောင် ပထမ ကြိုးစားရသည်။ မိမိ တကယ် နားလည် မလည်ကို ခွဲခြားသိရှိပြီးမှသာ
ရှေဆက် ဖတ်၍ ရပေသည်။ စစ်အတွင်း ဂျပန်ခေတ်က
ကရင်လူမျိုးများနှင့် ထိတွေ့မိသည်။
သူတို့၏ ခံစားမှုကို ကြားသိရသည်။
ထိုအခါ 'လူမျိုးရေး' ဟူသော အဓိပ္ပါယ်ကို တဆင့်ပို၍ နားလည် သိရှိလာရသည်။ ထိုအခါ လူမျိုးရေး ဆောင်းပါးကို ပြန်၍
ဖတ်ရသည်။ စဉ်းစားတွေးခေါ် ကြည့်ရသည်။ ရေးရေး ပေါ်လာပြီ။ စာဖတ်ခြင်းနှင့် လူမှုလက်တွေ့မှာ မဆက်စပ်၍
မရ။ မဆက်စပ်လျှင် စာကို နားမလည်။
'ကိုလိုနီစနစ်'
ဟူသော စကားလုံး။ ထိုအခါက ကျွတော်သည်
အသင့်အတင့် နားလည်သည်ဟု ဆိုနိုင်ပေသည်။
ကျွန်တော်သည် အင်္ဂလိပ် လက်အောက်ခံဘဝ၌ နေထိုင်လျက်ရှိရာ ယင်းလက်တွေ့ဘဝက
ကိုလိုနီစနစ်ဟူသော စကားလုံးကို နားလည်အောင် သင်ကြးပေးလျက် ရှိသည် မဟုတ်ပါလား။
ယင်း
နိုင်ငံရေး သဘောတရား စာအုပ်များ ဖတ်ရှုခြင်းနှင့် အခြား စာများ ဖတ်ရှုခြင်းမတူ။ ထိုအခါက ကျောင်း၌ ရှိတ်စပီးယား၏ 'ဂျူးလိယက်ဆီဇာ' ပြဇာတ်သင်ရသည်။ သင်ကြားပို့ချသူမှာ ပါမောက္ခ ရုတ်။ ရှိတ်စပိယား၏ ပြဇာတ်များ ဖတ်သောအခါ မသိသော
စကားလုံးများ အတော်များပါသည်။ အတန်းထဲတွင်
ဆရာရှင်းပြတာနှင့် မလုံလောက်။ အခန်းသို့
ပြန်ရောက်သောအခါ အဘိဓာန်ကို အကူအညီ ယူရသည်။
စကားလုံးများ၏ အဓိပ္ပါယ်ကို ရှာတွေ့သည်။
အဘိဓာန်တခုနှင့် မလုံလောက်သေးလျှင် နောက်အဘိဓာန်တခု၌ ရှာနိုင်သေးသည်။ တိတိကျကျ ဇစ်ဇစ်မြစ်မြစ် ဂဃနဏ
သိလိုသေးလျှင်လည်း ရှိတ်စပိယား၏ အရေးအသားနှင့် ပတ်သက်သော လမ်းညွှန်များ၊
အဘိဓာန်များ၌ ရှာဖွေနိုင်သည်။
ရှိတ်စပိယား၏
ပြဇာတ်များမှာ ရသစာပေဖြစ်၍ လူသားတို့၏ ခံစားမှု ဝေဒနာကို ဖွဲ့နွဲ့ထားသည်။ တောတောင် ရေမြေ၊ သစ်ပင် ပန်းမန်၊ ကြယ်၊ လ၊ နေ
စသော ရုပ်ကမ္ဘာကြီး၏ အလှအပကို ဖွဲ့နွဲ့ထားသည်။
ယင်းဖွဲ့နွဲ့မှု စကားလုံးများမှာ ကျနစွာ ဖတ်လျှင် နားမလည်စရာ မရှိတော့။ လူသားတို့၏ ရသခံစားပုံကို ရေးထားသော စာပေကို
လူက ဖတ်ခြင်း ဖြစ်၍ လူက ခံစား ဖတ်နိုင်သည်။
ခံစားမှု အတိုင်းအတာသာ ခြားနားသည်။
နိုင်ငံရေး သဘောတရား ကျမ်းစာအုပ်များကျတော့ သည်လိုမဟုတ်။
ထိုအခါက
အရင်းရှင်တော်လှန်ရေး၊ လူထုလှုပ်ရှားမှု စသော ယနေ့ခေတ် လူသုံးများနေသော
မြန်မာစကားလုံး ဝေါဟာရများပင် ပီပီသသ မပေါ်သေး။
ဓနရှင် ဟူသော အသုံးအနှုန်းက တွင်ကျယ်နေသည်။
တော်လှန်ရေး သို့မဟုတ် လူထုအုံကြွမှု၊ လူထုလှုပ်ရှားမှုနှင့် အဓိပ္ပါယ်တူသော
အရေးတော်ပုံ ဟူသော စကားလုံးက ခေတ်စားခါစ ဖြစ်သည်။
လူမျိုးရေး၊ လူမှုရေး ပြသနာ ဟူသော စကားလုံးလည်း ထို့အတူ။ မပီသသေး။
မပေါ်ပေါက်သေး။ ကျွန်တော်တို့မှာ
အင်္ဂလိပ်စာအုပ်များ ဖတ်ရင်း လေ့လာသိရှိနေကြသည်။
မျိုးချစ်စိတ်ဟူသော စကားလုံးနှင့် အတွေးအခေါ်က ခေတ်စားနေခဲ့သည်။
မျိုးချစ်စိတ်
ဟူသည်မှာ မိမိအမျိုးသားကို ချစ်ခြင်းဟူသော အဓိပ္ပါယ်။ တခြားလူမျိုးများကို မချစ်ရဟူသော နောက်ဆက်တွဲ
ယှဉ်တွဲ အဓိပ္ပါယ်ကလည်း မသိမသာ သက်ရောက်နေသည်။
ပထမနှစ်ဝက်က တွေ့ကြုံလိုက်ရ သော ကုလား - ဗမာ အဓိကရုဏ်းက မျိုးချစ်စိတ်ဟူသော
စိတ်ဓါတ်ကို ပီသ လေးနက်လာစေသည်။ ထို့အပြင်
နိုင်ငံခြားသား အင်္ဂလိပ်အစိုးရလက်မှ လွတ်မြောက်လိုသော လွတ်လပ်ရေးစိတ် (ဝါ)
အမျိုးသားလွတ်လပ်ရေး စိတ်ကလည်း မျိုးချစ်စိတ်ဟူသော အသိကို အားကောင်း လာစေသည်။ အမျိုးသား လွတ်လပ်ရေး စိတ်နှင့်
မျိုးချစ်စိတ်သည်လည်း အဓိပ္ပါယ်တူသကဲ့သို့ တူညီခြင်းသဘော ရှိနေသည်။
ထိုစဉ်က
အင်္ဂလိပ်အစိုးရ၏ စိုးမိုးခြင်း၊ ချုပ်ခြယ်ခြင်း၊ ဖိနှိပ်ခြင်းတို့မှ လွတ်မြောက်သော
'ကိုယ့်မင်းကိုယ့်ချင်း' ဘဝ (ဝါ) လွတ်လပ်သော လူမျိုးဘဝကို မျှော်မှန်းခြင်းသည်
မျိုးချစ်စိတ်ဟု နားလည်နေကြသည်။
လူမျိုးခြား ကုလား၊ တရုတ်၊ အင်္ဂလိပ်ဆိုင်များမှ မဝယ်ဘဲ မြန်မာဆိုင်များမှ
ဝယ်ခြင်းသည် မျိုးချစ်စိတ်ဟု နားလည်နေကြသည်။
မျိုးချစ်စိတ်သည် လွတ်လပ်ရေးနှင့် ဆက်နေသည်။
No comments:
Post a Comment