ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏စာပေအနုပညာ
(၀ါ) မှိုင်းဗေဒ
ဆရာကြီး
သခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာ (၀ါ) မှိုင်းဗေဒကို ဖော်ပြရန်မှာ
ကျမ်းကြီးကျမ်းခိုင် တဆူတဖွဲ့ ဖြစ်ရပါလိမ့်မည်။ ဆရာကြီး ရေးခဲ့သမျှသော ကဗျာ၊
စကားပြေများကို ပြည့်စုံ ခိုင်လုံ ကျယ်ပြန့်စွာ ကိုးကားညွှန်ပြရန် လိုပါလိမ့်မည်။
သို့သော် ယခု စာတန်းငယ်တွင် ဆရာကြီး၏ စာပေအနုပညာသဘောကို နိဒါန်းပျိုးရုံလောက်၊
မိတ်ဆက်ပေး ရုံလောက်၊ အဓိပ္ပါယ်ဖွင့်ဆိုရုံမျှလောက်သာလျှင် တတ်နိုင်မည် ဖြစ်၍
ခွင့်လွှတ်ရန် တောင်းပန်လိုပါသည်။
(၁)
ရှေးဦးစွာ
'သခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာ' ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်ကို ရှင်းပြရပေမည်။
အနုပညာဆိုသည်မှာ လူ့စိတ်ကူးဖြင့် လူတို့၏ဘ၀ကို ရသပေါ်အောင် ဖွဲ့နွဲ့သော
အာရုံခံစားမှု ပုံသဏ္ဍာန် ဖြစ်ပါသည်။ တနည်းပြောရရင် လူတို့၏ဘ၀တွင်
ထိတွေ့ခံစားရသော အာရုံခံစားမှု အတွေ့အကြုံ၊ စီးပွါးရေး၊ နိုင်ငံရေး၊ လူမှုရေးဘ၀အတွေ့အကြုံ
တို့ကို ပိရိသတ်အား မိမိကဲ့သို့ ခံစားရလေအောင် ရသအမူအရာဖြင့် လှပစွာ တင်ပြဖော်ကျူး
သော အရာသည် အနုပညာဖြစ်သည်ဟု အဆိုရှိပေသည်။
အသံဖြင့်
သီဆို တီးမှုတ်ဖော်ပြသည်။ ကိုယ်လက်လှုပ်ရှားမှု ကပြမှုတို့ဖြင့် ဖော်ပြသည်။
အရောင်အဆင်း၊ မျဉ်းကြောင်းတို့ဖြင့် ဆေးရေးဖော်ပြသည်။ အ၀န်း အပြား အလုံး
အကြွတို့ဖြင့် သွန်းထုဖော်ပြသည်။ စကားလုံးတို့ဖြင့် သီကုံးဖော်ပြသည်။ ယင်းသို့သော
ဂီတအနုပညာ၊ အကအနုပညာ၊ သဘင်အနုပညာ၊ ပန်းချီ ပန်းပု အနုပညာ စသဖြင့် အနုပညာများ
ရှိသည့်အနက် စာပေ အနုပညာသည်လည်း အနုပညာတရပ်အဖြစ် ပါဝင်ပေသည်။
စာပေ၌လည်း
စကားပြေ၊ ကဗျာ ဟူသော စာပေပုံသဏ္ဍာန်များ ရှိလေရာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည်
စကားပြေရော ကဗျာပါ စာပေပုံသဏ္ဍာန် နှစ်မျိုးစလုံး အသုံးပြုသူ ဖြစ်ပေသည်။ စကားပြေ၌
ဝတ္ထု၊ ပြဇာတ်နှင့် ဋီကာ၊ ဂဏ္ဍိဟုခေါ်သော ဆောင်းပါးအမျိုးအစား များ ရေး၍ ကဗျာ၌
လေးချိုးကြီးကို အများဆုံး အထူးပြု ရေးခဲ့ပေသည်။
ယင်းသို့
ဆရာကြီးသည် စာပေများကို ရေးသားရာတွင် ဆရာကြီး၏ စာပေ၌ မည်သူ နှင့်မျှ
မတူအောင်ထူးခြားဆန်းသစ်သော၊ သမိုင်းခေတ်အဆက်ဆက် ပြည်သူများ နှစ်သက်
စွဲလန်းနိုင်သော အာရုံခံစားနိုင်သော ရသပညာ ရှိသည်။ ယင်းသို့ ဆရာကြီးသခင် ကိုယ်တော်
မှိုင်းတည်းဟူသော ပုဂ္ဂိုလ်သာလျှင် ဖန်တီးနိုင်စွမ်းရှိသော၊ ထူးခြားခြင်းရှိသော၊
အနုပညာ ၀ိသေသ ဂုဏ်ထူးကို အစွဲပြုလျက် သခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာဟူသော
စာဝေါဟာရသစ်ဖြင့် သုံးနှုန်းလိုက်ရခြင်း ဖြစ်ပေသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏
စာပေအနုပညာသည် မည်သို့ ထူးခြားလေသလဲ။ အခြားသော စာအနုပညာတို့နှင့် ကွာခြားပါသလား၊
မည်မျှ ထူးကဲပါသလဲ။
(၂)
ဆရာကြီး
သခင်ကိုယ်တော်မှိုင်း၏ အနုပညာသည် မည်သည့်ခံစားမှု ဝေဒနာမှ ဆင်းသက်လာပါသလဲ။ ဤအချက်မှာ
ထင်လင်းလှပေသည်။
ဆရာကြီး၏
စာပေအနုပညာသည် ဆရာကြီး၏ ဘ၀ခံစားမှုဝေဒနာမှ ဆင်းသက်လာ ပေသည်။ တနည်းပြောရလျှင်
ဆရာကြီး၏ ဘာသည် တကိုယ်တော်ဘ၀ မဟုတ်။ အုပ်စိုးသော လူတန်းစားများ နေထိုင်ရာ
မှန်စီရွှေချ စံအိမ်တော်မဟုတ်။ အဖိနှိပ်ခံ အအုပ်စိုးခံ ပြည်သူတို့၏ ဘ၀အောက်ခြေ
မြေဇာမြက်ပင်များ၏ ဘ၀နှင့် ဆက်စပ်နေသည်။ တနည်းပြောရလျှင် ဆရာကြီး၏ အနုပညာသည်
ဆရာကြီး ဖြတ်သန်းကြီးပြင်းလာရသော မျက်မှောက်ခေတ်နှင့် ဆက်စပ်နေသည်။
တနည်းပြောရလျှင် ဆရာကြီး၏ စာပေအနုပညာသည် ယနေ့ မျက်မှောက်
ခေတ်၏ အခြင်းအရာတရပ်ဖြစ်သော ပြည်သူတို့၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး မှ
ဆင်းသက်လာခြင်း ဖြစ်သည်။
အမျိုးသား
လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ကျယ်ပြန့်လှပေသည်။ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ညီညွတ်ရေး၊
ငြိမ်းချမ်းရေး၊ ဆိုရှယ်လစ်ရေး ဟူ၍ တိုက်ပွဲ အခန်းခန်း ရှိပေ သည်။ ဆရာကြီးသည် ယင်း
လွတ်လပ်ရေးလှုပ်ရှားမှု၊ ဒီမိုကရေစီရေးလှုပ်ရှားမှု၊ ညီညွတ်ရေး လှုပ်ရှားမှု၊
ငြိမ်းချမ်းရေးလှုပ်ရှားမှု၊ ဆိုရှယ်လစ်ရေး ဦးတည်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်
ရွက်ပြီး၊ ယင်းတိုက်ပွဲ အခန်းခန်းတို့ကို စာပေ၌ထင်ဟပ်သော အနုပညာကား ဆရာကြီး၏
အနုပညာဖြစ်ပေသည်။
ဆရာကြီးသည်
မှန်ခန်းဆောင်၌ ငိုက်မှေးရီဝေနေသူ မဟုတ်။ စိန်ပန်းပြာရိပ်အောက်၌ ခိုနားနေသူမဟုတ်၊
အဖိနှိပ်ခံပြည်သူတို့၏ တိုက်ပွဲအဆက်ဆက်၌ အမြဲတမ်းပါဝင်သူ ဖြစ်သည်။ ထို့ကြောင့်ပင်လျှင်
ရှေးဝံသာနုခေတ်မှ ယနေ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုခေတ်အထိ အရွယ်အားဖြင့် အသက် ၈၀
ကျော်မှ ဆယ်ကျော်သက် လူငယ်များအထိ အကြည်ညိုခံရဆုံး ပြည်သူ့ခေါင်းဆောင်
စာပေပညာရှင်ကြီးအဖြစ် ရပ်တည်နေခြင်း ဖြစ်၏။
ဆရာကြီးသည်
တိုးတက်သော လူငယ်များနှင့် ခေတ်အဆက်ဆက် လက်တွဲခဲ့သည်။ မနေ့က တိုးတက်သော လူငယ်သည်
ယနေ့ဖောက်ပြန်လာလျှင် ယင်းလူငယ်ဟောင်းနှင့် လက်တွဲဖြုတ်ခဲ့ကာ နောက်တခေတ်
တိုးတက်သော လူငယ်အသစ်နှင့် လက်တွဲပြန်သည်။ သမိုင်းခေတ်အဆက်ဆက်တွင် အဖိနှိပ်ခံ
ပြည်သူဘက်မှ အစဉ်ရပ်တည်ခဲ့သူ ဖြစ်သည်။ ယင်းသို့ တိုးတက်သော၊ တော်လှန်သော၊
အဖိနှိပ်ခံ ပြည်သူတို့ဘက်မှ ရပ်တည်သဖြင့်လည်း ယင်း ဆရာကြီး၏ နိုင်ငံရေးခံစားမှု
ဝေဒနာကို စကားပြေနှင့် ကဗျာများသည် ပြည်သူတို့၏ ခံစားမှုအသံ (၀ါ) ပြည်သူ့အသံ
ဖြစ်လာတော့သည်။ ယင်းသည်ကား ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အနုပညာ ဖြစ်သည်။
(၃)
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏
အနုပညာဝါဒသည်ကား ဘာလဲ။ ဆရာကြီး၏ အနုပညာဝါဒသည်ကား
ဘက်လိုက်ရေး (၀ါ) ပြည်သူ့ဘက်လိုက်ရေး ဖြစ်သည်။
အောင်မြန်မာ
သတင်းစာ (၁၉၂၉) သို့ပေးသော ဆောင်းပါးအမှာစာ၌ 'အမောင်တပည့်တို့၊ ယခုထုတ်ဝေလတ္တံ့သော
အောင်မြန်မာသတင်းစာမှာ (မည်သည့်ဂိုဏ်း ဂဏ ၀ါဒ တို့တွင်မှ ပါဝင်ခြင်းမရှိဘဲ)
ဟူသောအချက်ကို စာမျက်နှာ ၂ တွင် တွေ့မြင်ရကြောင်း၊ ၎င်းကဲ့သို့ အချင်းအရာကို
ဆရာမနှစ်မျို့နိုင်ပေ။ အကြောင်းကို ဆိုချေလျင် အကြင်လောကီသူ လောကီသားတို့
ကြီးပွါးဘို့၊ လွတ်လပ်ဘို့ စသော ဂီဟိကမ္မလူတို့ ကိစ္စဟူသမျှတို့မှာ မူလအားဖြင့်
အများတည်းဟူသော အသင်းအပင်း ဂိုဏ်ဂဏ တို့နှင့် ၀ိုင်းမှ ရုန်းဆောင်မှ သာလျှင်
အောင်မြင် ထမြောက်နိုင်ရာသည်' စသည်ဖြင့် ဖော်ပြပါရှိရာ ဆရာကြီး၏ ဘက်လိုက်ရေးဝါဒမှာ
ယနေ့ ကမ္ဘာ့ဆိုရှယ်လစ်နိုင်ငံရေး သဘောတရား သုခမိန်များ၏ ၀ါဒနှင့် တသားတည်း
ကိုက်ညီနေသည်ကို တွေ့ရပေသည်။
ဆရာကြီး၏
အခြားအနုပညာဝါမှာ ယနေ့ ဝေါဟာရအားဖြင့် ခေါ်ဝေါ်နေကြသော သရုပ်ဖော်စာပေ၀ါဒပင်
ဖြစ်သည်ကို ဆရာကြီး၏ ၀တ္ထုနှင့် လေးချိုးကြီးများတွင် ထင်ရှားစွာ တွေ့နိုင်ပေသည်။
တနည်းပြောရလျှင် ဆရာကြီးသည် ဆရာကြီးနှင့် ခေတ်ပြိုင်လှုပ်ရှားမှုကို
အမြဲတမ်းဖွဲ့နွဲ့ သရုပ်ဖော်သော သရုပ်ဖော်ဝါဒကို ကိုင်စွဲသူ ဖြစ်ပေသည်။
ခေတ်ပြိုင်လှုပ်ရှားမှု ကား အခြားမဟုတ်၊ အဖိနှိပ်ခံရသူက ဖိနှိပ်သူကို
တော်လှန်ခုခံသော လှုပ်ရှားမှု ဖြစ်သည်။ ထိုအခါ၌ ဆရာကြီးသည် အာဏာရသွားသောသူ (၀ါ)
ဖိနှိပ်သူကို ကဲ့ရဲ့ရှုတ်ချပြီး အဖိနှိပ်ခံရသူ ၏ တော်လှန်ခုခံရေးကို
ချီးမွမ်းဂုဏ်ပြုသည်။ ယင်းသည်ကား ဆရာကြီး၏ သရုပ်ဖော်စာပေ၌ သုံးသော အနုပညာ ၀ါဒတရပ်ပင်
ဖြစ်ပေသည်။
ယင်းသဘောကို
ဆရာကြီး၏ လေးချိုးကြီးများ၌ အထင်အရှား တွေ့ရပေသည်။ ဆရာကြီး၏ ၀တ္ထုများ၌ လူ့ဘဝ
လူ့သဘာဝအဖွဲ့အနွဲ့တို့ကို တွေ့နိုင်ပေသည်။ ဆရာကြီး၏ ဋီကာ၊ ဂဏ္ဍိ စသော
ဆောင်းပါးများတွင် ဆရာကြီးနှင့် ခေတ်ပြိုင် တော်လှန်ရေးလှုပ်ရှားမှုများ၏
မှတ်တမ်းကို ရသဟန်ဖြင့် ဖွဲ့နွဲ့ဖော်ပြထားသည်ကို တွေ့နိုင်ပေသည်။
ဆရာကြီးသည်
သူ၏ အနုပညာပေါ်၌ ရိုးသားဖြောင့်မတ်သည်။ လုပ်သလိုပြော၍ ပြောသလို လုပ်သည်။
အကျင့်တခြား အရေးတခြားမဟုတ်။ ထို့ကြောင့်ပင်လျှင် ပြည်သူတို့က
သခင်ကိုယ်တော်မှိုင်းတည်းဟူသော အဖိနှိပ်ခံ ပြည်သူ့ဘက်တော်သား လူပုဂ္ဂိုလ်ကို
ခင်သဖြင့် သူ၏ တရားကိုလည်း မင်ခြင်း ဖြစ်ပေသည်။ ယင်းဆရာကြီး၏ အနုပညာအပေါ်၊
ခေတ်အဆက်ဆက် ပြည်သူ့အပေါ် ရိုးဖြောင့်သော သဘောထားသည် ဆရာကြီး၏ အနုပညာဟန် ဖြစ်လာသည်။
ဆရာကြီး၏ လေးချိုးကြီးများသည် ရပ်ရွာထဲမှ ပြည်သူတို့၏ အသံ၊ အမျိုးသားဟန်တို့ဖြင့်
ထုံမွှမ်းသည်ဖြစ်၍ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာဟူ၍ ယနေ့ တော်လှန်သော
ပြည်သူ့စာပေသစ်၌ ကဏ္ဍကြီးတရပ်အဖြစ် ထူထောင်ကျော်ကြားရခြင်း ဖြစ်ပေသည်။ ယင်း ဆရာကြီး၏
အနုပညာစာပေအစဉ်အလာ၊ စာပေရေစီးကြောင်းကြီးသည် ယနေ့ခေတ်၌ စွမ်းသန်သော
အင်အားအဟုန်ဖြင့် စီးဆင်းလျက် ရှိနေဆဲ ဖြစ်ပေသည်။
(၁၉၇၂
ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ (၉၆) နှစ်မြောက် မွေးနေ့အခမ်းအနားမှာ ဒဂုန်တာရာ
ဖတ်ကြားတဲ့ စာတမ်း ဖြစ်ပါတယ်။ ဒဂုန်တာရာ ရဲ့ 'စာလုံး၊ ဆေးစက် စောင်းကြိုး နှင့် ကတ္တီပါကားလိပ်' ၁၉၇၄
ဧပြီလ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်)