အလှရှာတော်ပုံ
(၁)
အနုပညာနှင့်
ပတ်သက်သော သဘောတရားရေးရာ စာအုပ်များကား
ကျွန်တော်တို့ နိုင်ငံ၌ ရှားပါးလှသည်။ အနုပညာနှင့် ပတ်သက်သော ကျောင်းများပင်လျှင်
ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်သည်မှာ သိပ်မကြာသေးပေ။
လွတ်လပ်သော
နိုင်ငံတနိုင်ငံ၏ ကြန်အင်မှာ အမျိုးသားအင်အားများ စွမ်းသန်နိုင်ရေး ဖြစ်ပေသည်။
အမျိုးသား အင်အားများ လွတ်လပ်စွာ စွမ်းသန်နိုင်သော အခြေအနေရှိခြင်းကို အမျိုးသား
လွတ်လပ်ရေး၏ အနှစ်သာရအဖြစ် မှတ်ယူရပေမည်။ အမျိုးသား အင်အားရပ်ထဲ၌ ယဉ်ကျေးမှု
အင်အားစုလည်း ပါဝင်ပေသည်။
ကျွန်တော်တို့
နိုင်ငံ၌ အလှအပကို ချစ်သောသူများ၊ ဆန်းသစ် ဖန်တီးလိုသူများ ရှိကြသည်။ သို့သော်
အလှအပ ချစ်ခွင့်၊ ဆန်းသစ်ဖန်တီးခွင့် မရကြ။ စာပေအနုပညာနှင့် ပတ်သက်သော
သဘောတရားရေးရာ၊ ဝေဖန်ရေးရာ စာအုပ်များမှာ ရှားပါး၍ မိမိဖါသာပင်လျှင် ကြိုးစား
အားထုတ်ကြရသည်။
ယဉ်ကျေးမှု
ဆိုသည်ကား ပြုစုပျိုးထောင်၍ လေ့ကျင့်ယူရသော ပညာရပ် ဖြစ်သည်။ သီချင်းကြီး တပုဒ်ကို
နားလည်ရန်အတွက် သီချင်းကြီး များစွာကို နားထောင်ကာ ပျိုးထောင်ပေးရသည်။
ပန်းချီကားတချပ်ကို နားလည်ရန်အတွက် ပန်းချီကား များစွာကို ငေးမောကြည့်ရှုကာ
ပျိုးထောင်ပေးရသည်။ ပျို့ ကဗျာ လင်္ကာလည်း ထိုနည်းအတူပင် ဖြစ်သည်။ အကသဘင်လည်း
ထိုနည်းအတူပင် ဖြစ်သည်။
ယင်းသို့
ဆိုသဖြင့် ယဉ်ကျေးမှု ပညာရပ်များသည် ခက်ခဲနက်နဲသည်ဟု အဓိပ္ပါယ်ကောက်ရန် မဟုတ်ပေ။
မခက်ခဲ
မနက်နဲပါ။
တေးသီချင်း
နားထောင်ချင်သည်။ အိမ်၌ အသံဖမ်းစက်၊ သို့မဟုတ် ဓါတ်စက်မရှိပါ။ စန္ဒရား
တီးတတ်ချင်သည်။ အိမ်၌ စန္ဒရားယူသော တူရိယာ မရှိပါ။ ပန်းချီရေးချင်သည်။ အိမ်၌
ဆီဆေးဗူးနှင့် စုတ်တံ မရှိပါ။ ယင်းတို့သည်ကား အခွင့်အလမ်း မရှိခြင်း ဖြစ်သည်။
တနည်းဆိုရလျှင် အခွင့်အရေးမ၇ှိခြင်းပင် ဖြစ်သည်။ ပညာရပ်က ခက်ခဲခြင်း၊ နက်နဲခြင်း
မဟုတ်ပါ။ ပညာရပ်ကို လေ့လာဆည်းပူးရန်၊ လေ့ကျင့်ပျိုးထောင်ရန် အခြေအနေက
ခက်ခဲနေခြင်းသာ ဖြစ်ပေသည်။
ယင်းသို့သော
အခွင့်အရေး သဘောသည် အမျိုးသား လွတ်လပ်ရေးသဘော ဖြစ်သည်။ တနည်းဆိုလျှင်
ဒီမိုကရေစီသဘော ဖြစ်သည်။ ပြည်သူတို့က မိမိတို့၏ အင်အားကို လွတ်လပ်စွာ
ရှင်သန်ဖွံ့ဖြိုးအောင် လုပ်နိုင်သည့် အခွင့်အရေး သဘောပင်ဖြစ်သည်။
ထို့ကြောင့်ပင်လျှင်
ပြည်သူ့အာဏာခေတ်ကို ဦးတည်ခဲ့သော ကျွန်တော်တို့၏ နိုင်ငံရေး ခေါင်းဆောင်မှုက
လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေး ဟူသော သမူဟကို လမ်းစဉ်ချခဲ့သည်
မဟုတ်လော။
(၂)
အမျိုးသား
အင်အားကို ထူထောင်ကြရာ၌ ပြည်သူ့ဘက်မှလည်း တယောက်တလက် ပါဝင်ကြရပေမည်။
ယခု
ပေါ်သစ်၏ စာအုပ်သည် ယဉ်ကျေးမှုစွမ်းအားစုကို ထူထောင်ရာ၌ အားထုတ်မှု တခုဖြစ်သည်ဟု
ယုံကြည်မိပေသည်။
ဝတ္ထု
ကဗျာများ ထွက်နေရုံနှင့် မပြီး။ စာပေရေးရာ သဘောတရား ရှင်းလင်းချက်များ
ထုတ်ဝေခြင်းဖြင့်လည်း စာဖတ်ပရိသတ်အား စာပေအနုပညာ သဘာဝကို နားလည်အောင် ပျိုးထောင်
ပြုစုပေးရပေမည်။ ထို့အတူ ပန်းချီပြခန်းများ ဖွင့်လှစ်ပေးရုံနှင့်မပြီး။ ပန်းချီ
ပရိသတ်အား ပန်းချီအနုပညာကို ခံစားစေရန် သဘောတရားများကို ဖြန့်ဝေ ပေးရပေမည်။
ပန်းချီကားများ
ပေါ်ထွက်လာရုံနှင့် မပြီး။ ပန်းချီအလှ ခံစားသော ပရိသတ် ကျယ်ဝန်းလာဘို့လည်း လိုသည်။
အနုပညာနှင့် အနုပညာခံစားမှုပရိသတ်၊ တနည်းဆိုလျှင် ယဉ်ကျေးမှု နှင့် ပြည်သူသည်
ရေမြင့်မှ ကြာတင့်ပေမည်။
ကျွန်တော်တို့
အနောက်နိုင်ငံသို့ လည်ပတ်စဉ်က ဘဲလေးဟုခေါ်သော အကဇာတ်များ ကြည့်ရသည်။ မကြည့်ရခင်
ယင်းအကဇာတ်၏ ဇာတ်လမ်း ဇာတ်ကွက် နှင့်တကွ အကဇာတ်ရေးသူ ဇာတ်ဆရာ၊ ပါဝင်ကပြသူ မင်းသမီး
မင်းသား၊ အကဇာတ် အဓိပ္ပါယ်စသော အစီအစဉ် စာအုပ်ကို ကြိုတင် ဖတ်ရှုထားရသည်။
ကျွန်တော်တို့လို ဧည့်သည်များသာ မဟုတ်။ သူတို့ ပြည်တွင်း ပရိသတ်များကလည်း
ယင်းစာအုပ်ကို ဖတ်ကြသည်။ ကျွန်တော်တို့နှင့် အတူပါသော စကားပြန်များကလည်း စာအုပ်ကို
ဖတ်၍ ကျွန်တော်တို့ကို ရှင်းပြရသည်။ တခါတရံ ကျွန်တော်တို့ မေးမြန်းသော
မေးခွန်းကိုပင် ပြေလည်အောင် မဖြေတတ်။ ယင်းသို့သော အနုပညာ လမ်းညွှန်စာအုပ်များ
ဖတ်ရှုပြီး တဖြည်းဖြည်း အကဇာတ်ကို နားလည်စ ပြုလာသည်။ အခြားသော အကဇာတ် အကြောင်း
ရှင်းလင်းဖော်ပြသည့် စာအုပ်စာတမ်းများ ဖတ်ရှုပြီး ကြည့်ရင်း ကြည့်ရင်းနှင့် အရသာ
တွေ့လာသည်။ ယင်းသို့လျှင် စာအုပ်စာတမ်း အကူအညီဖြင့် အနုပညာ ခံစားမှုကို
ပြုစုပျိုးထောင်ပေးကာ စိတ်၌ ယဉ်ကျေး လာရပေသည်။
ကျွန်တော်တို့သည်
အင်္ဂလိပ်လက်အောက်၌ နှစ်ပေါင်း ၆၀ ခန့် နေခဲ့ကြရာ၊ အနောက်နိုင်ငံ ယဉ်ကျေးမှု သြဇာ
အနည်းနှင့် အများဆိုသလို သက်ရောက်ခဲ့သည်။ ကမ္ဘာ့ရာဇဝင်ကို အင်္ဂလိပ် ဘာသာမှတဆင့်
သိခဲ့ကြရသည်။
ယဉ်ကျေးမှုရေးရာ၊
အထူးသဖြင့် ပန်းချီအနုပညာ ရေးရာ၌ အနောက်သြဇာသည် သက်ရောက်သည်။ ယနေ့
မြန်မာပန်းချီမှာ မြို့နေ ပန်းချီဆရာများမှ တဆင့် ပြန့်ပွါးလာခဲ့ရသဖြင့် ယင်းသို့
ဖြစ်ဟန် တူပေသည်။
ယင်းသို့
ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံသို့ အရင်းရှင်နယ်ချဲ့စနစ် ရောက်လာခြင်းကြောင့်
ဖြစ်ပေသည်။
အမျိုးသား
လွတ်လပ်ရေးအင်အားကို ခိုင်မာအောင် လုပ်ရာ၌ နယ်ချဲ့ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊
ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဆိုရှယ်လစ်ရေး စသည်အားဖြင့် ဆက်စပ်ကာ ဦးတည်လှုပ်ရှား
သွားကြရပေမည်။ ဤ ကွင်းများ ပြတ်သွားလျှင် အမျိုးသား အင်အား တည်ဆောက်ရေးမှာ
ပျက်ပြား ယုတ်လျော့ သွားမည်သာ ဖြစ်ပေသည်။ ပြည်သူ့အာဏာစက်နှင့်လည်း ဝေး၍ ဝေး၍ သာ
သွားမည် ဖြစ်ပေသည်။
ကျွန်တော်တို့သည်
အနောက်တိုင်း ပန်းချီကိုသာမက အရှေ့တိုင်း ပန်းချီတို့ကိုလည်း လေ့လာသင့်ပေသည်။ အထူးသဖြင့်
အိမ်နီးနာချင်း နိုင်ငံများ၏ ပန်းချီတို့ကို လေ့လာသင့်ပေသည်။ အရှေ့ အနောက် ခွဲခြားဖော်ပြရာ၌
အရှေ့နှင့် အနောက် ပန်းချီပညာမှုမှာ အနုပညာ ပုံသဏ္ဍန်တို့တွင် မတူကြသောကြာင့်
ဖြစ်ပေသည်။ ကျွန်တော်တို့၏ ရိုးရာပန်းချီမှာ အရှေ့တိုင်း အမျိုးအနွယ် ဖြစ်ပေသည်။
အနောက်တိုင်း
ပန်းချီနည်းနာများကို မသုံးရဟု မဆိုလိုပေ။ အနောက်တိုင်းနည်းနာသည် တကမ္ဘာလုံး ပျံ့နှံ့လျက်ရှိသည်ကို
တွေ့ရသည်။ သို့သော် မိမိတို့၏ အမျိုးသား ပုံသဏ္ဍန်ကိုလည်း ထိမ်းသိမ်းထားရပေမည်။
အမျိုးသား ပုံသဏ္ဍန်ပေါ်မှ အခြေခံလျက် ပြည်သူ့လိုအပ်ချက်နှင့်အညီ ဖွံ့ဖြိုး
တိုးတက်ကြရန် ဖြစ်ပေသည်။
အနောက်တိုင်း
အရင်းရှင် အနုပညာ သဘောရေးဆရာများက 'ကမ္ဘာသုံးဝါဒ' ဟူ၍ အရင်းရှင် နယ်ချဲ့
ယဉ်ကျေးမှုတို့ကို သွတ်သွင်းလေ့ ရှိကြသည်။ ယင်းကို သတိပြုအပ်ပေသည်။
ယနေ့
ခေတ်သစ်သည် ကျယ်ပြန့်လျက် ရှိသည်။ ကျဉ်းမြောင်းသော လူမျိုးရေး ဘောင်အတွင်း၌သာလျှင်
ကုပ်ကပ်ကာ တသီးတခြား နေရန် မဟုတ်ပေ။ ယဉ်ကျေးမှုရေးရာ၌ ကူးလူးဆက်ဆံမှုကြောင့်
အပြန်အလှန် သြဇာသက်ရောက်ခြင်းများ ရှိနိုင်သည်။ ယနေ့ ခေတ်သစ် ပန်းချီ၌ အရှေ့တိုင်း နည်းနာပင် ဝင်ရောက် သြဇာသက်ဝင်လျက်
ရှိသည်ကို တွေ့ရပေသည်။ (ကောက်ကြောင်းသဘောများ ကဲလာခြင်း၊ မျက်မြင်အကွာ အဝေးသဘော
မဲ့လာခြင်း)
ယနေ့
မြန်မာပန်းချီ လောက၌ အမျိုးသား အနုပညာ ပုံသဏ္ဍန် ပြန်လည်ဆန်းသစ်ရေး၊ ရှာဖွေရေး၊
အကြောင်းအရာ ရွေးချယ်ရေးတို့သည် ပြဿနာများ ဖြစ်ပေသည်။ အမျိုးသား အနုပညာပုံသဏ္ဍန်ကို
မည်သည့်နေရာ၌ လေ့လာရမည်နည်း။ အင်ဗွိုင်းခန်းမ ပန်းချီပန်းပု ပြပွဲတို့၌လော၊
မဂ္ဂဇင်း စာအုပ်များ၌လော၊ မြို့ပြ၌လော၊ တောကျေးလက်၌လော၊ ဘုရားပုထိုး ကျောင်းသင်္ခမ်း
တို့၌လော၊ ဘုန်းကြီးပျံ၌လော၊ တောဘုရားပွဲ၌လော။
ဆီဆေး
မင်ဗူး ဖြင့်လော၊ ဟင်္သပြဒါး၊ မြေနီမြေဝါ၊ မဲနယ်၊ ဒုဌာတို့ဖြင့်လော။
ဧည့်ခန်းဆောင်
လှပရေးအတွက်လော၊ လူထုလှုပ်ရှားမှု လှုံ့ဆော်ရေးအတွက်လော။
လူတန်းစားတိုက်ပွဲ
ရှိနေသကဲ့သို့ပင် ဤ ပဋိပက္ခများသည် ရှိနေပေသည်။ ယင်း ပဋိပက္ခများ၏ ညီညွတ်ရေးသည်
ပန်းချီသစ်တရပ် ဖြစ်ပေသည်။ ယနေ့ နိုင်ငံရေး ပြဿနာသည် ယနေ့ အနုပညာ ပြဿနာ ဖြစ်ပေသည်။
(၃)
ယခု
ပေါ်သစ်၏ 'အလှရှာတော်ပုံ' စာအုပ်သည် ယနေ့ ပန်းချီအနုပညာ ပြဿနာများကို ကြည့်မြင်ရာ၌
အထောက်အကူပြုသော ပညာရေး စာအုပ် ဖြစ်ပေသည်။
အနုပညာ
သဘောတရားရေးနှင့် ကမ္ဘာ့ပန်းချီ ရာဇဝင် နောက်ကား ခံကာ မြန်မာ
ပန်းချီရာဇဝင်ချုပ်နှင့် ယနေ့ ပန်းချီပညာ ပြဿနာများကို ပြည့်စုံစွာ ဖော်ပြထားပေရာ
ပန်းချီအနုပညာ အကုဖြတ်မှုများ၏ လက်စွဲ ဖြစ်သင့်ပေသည်။ ယဉ်ကျေးမှု
အင်အားဖြည့်တင်းရေး၌ ပြည်သူဘက်မှ အားတအား ဖြစ်စေသတည်း။
[ဒဂုန်တာရာ
ရေးတဲ့ ပေါ်သစ်စာအုပ်အမှာ၊ ၁၉-၆-၆၇]
No comments:
Post a Comment