ငါ့ဘဝတွင်
နှစ်လရက်တွေ၊
ကျော်ယွန်းလေခဲ့
စီးတွေဖိတ်ဖိတ်၊
တရိပ်ရိပ်တည့်
တစိပ်တခြမ်း၊
လူ့သက်တမ်းတွင်
ကုန်ခမ်းစေ့မြောက်၊
လေးဆယ်ရောက်သော်
နက်စောက်မြင့်မား၊
အတွေ့များဖြင့်
အခါးအချို၊
ထိုထိုရောပြွမ်း
စုံမွမ်းမွမွ၊
တရွရွဖြင့်
လောက
အမြင် ဖွဲ့စည်း၏။ ။
ပျိုမြစ်ရွယ်က
တင့်တယ်ဆန်းကြွ၊
သည်အလှမှာ
တွေ့ရခုနေ၊
ကျည်းတန်ပေသည်
ရွှေဟုထင်ထား၊
ဝါဝါများလည်း
လကားကျောက်ဖြုန်း၊
သဲကြဲဖုံး၏
မြက်ငုံးအောက်ထပ်၊
ပြားပြားဝပ်လည်း
ပေါ်လတ်ကြယ်ပျံ၊
ပန်းရောင်လျှံသည်
တန်ဘိုးများစွာ
ပြောင်းလဲလျက်။ ။
ငါ့ပြည်ငါ့ရွာ
လယ်ယာအင်းအိုင်၊
စုံမြိုင်တောလမ်း
ကျယ်ဝှမ်းသလောက်၊
လှမ်းမပေါက်ခဲ့
ရောက်သည့်မြေပြင်၊
ကျေးတခွင်မှာ
သစ်ပင်သီးနှံ၊
ဝင်းမှည့်လျှံ၏
သယံဇာတ၊
သဘာဝသည်
ကြွယ်ဝပေါများ၊
ပြန့်တလျားတည့်
မှတ်သားရသည်၊
ငါဒို့ပြည်ကား
စည်ကားချမ်းသာ
လှပေစွ။ ။
ဧရာဝတီ
စိမ်းကြည်ပြာလဲ့၊
စီးဖွဲ့ဝန်းခွေ
ရေယဉ်လမ်းစ၊
မလိခနှင့်
မေခဆုံရာ၊
မှုံပြာတောခြေ
ရေခဲနှင်းပွင့်၊
ဖြူဖြူတင့်ကြ
စိမ်းရင့်တောင်ကြော၊
ဂျင်းဖေါနယ်မြေ
ရွှေကျင်မှုန့်များ၊
မျောပါသွားကြ
ကမ်းပါးမြစ်ရိုး၊
ပုထိုးစေတီ
ချိုစည်ညောင်ရွက်၊
လေသက်သံလွင်
တတင်တင်မြည်၊
ဇင်ယော်ပျံလေ
အောက်ကြေစုန်ရာ၊
ရေငန်ဝါညို
ကနစိုငုတ်၊
မီးဖုတ်လယ်ရိုင်း
ကိုင်းခုတ်ငါးလုပ်၊
ရေပြည့်မြုပ်လျက်
ရွက်ပုပ်မျောတင်၊
မြက်ရှည်ပင်တို့
ကျူသင်ရိုင်းငေါ၊
စိမ်းပေါလောလျှင်
ဗျိုက်တောဗေဒါ၊
ရွှေလတာပြင်
ဖြတ်ဖြာစီးသန်း၊
သောင်ကျွန်းဝဲဆိုင်
သောသောအိုင်မျှ၊
မြေနုထသည်
မြစ်ဝကျွန်းပေါ်
စိမ်းစိမ်းတည်း။
တရုတ်ပြည်မှ
စီးလည်သံလွင်၊
တောင်စဉ်ဂနိုင်
မောမြိုင်ရှမ်းမြေ၊
ကညင်လေမြူး
ထင်းရူးမွှေးမြ၊
နှင်းသလိမ္မော်
လှော်နံ
ခါးရွက်၊ သနပ်ဖက်တည့်
လဘက်တောင်ကြား၊
စိမ်းရွက်များသည်
ဖါးစည်လင်ကွင်း၊
မောင်းသံခင်း၍
သံညှင်းနောင်နောင်၊
ခေါင်ရည်ရှကြူ
တောင်သူ
က, ယစ်၊ ယူကလစ်နံ့
သင်းပျံ့လေကြော၊
ဝါသောနီသော
ရဲသောပြာနု၊
ငုနီလာပွင့်
ပြုံးတင့်ငိုက်ကျ၊
လှပပေစွ
မုတ္တမနယ်၊
ပင်လယ်ကွေ့ထက်
ကြက်ပေါင်စေးတော၊
အဖြိုက်ကျောနက်
အပြောကျယ်ဝန်း၊
မြမြရွှန်းသည်
စိမ်းလန်းညို့မှိုင်း၊
ငါဒို့တိုင်းတည့်
စိုင်းနှင်ဖြတ်သန်း၊
ခရီးလမ်းတွင်
ပုခုံးထမ်းသည်၊
လှည့်လည်ဗျန်ကျ
ဓားမထင်းခွေ၊
လှေပေါ်ဈေးရောင်း
မြစ်ချောင်းရေတိုး၊
စူးထိုးယာခုတ်
လက်လုပ်လက်စား၊
ဆင်းရဲသားတို့
စက်အားကင်းမဲ့၊
တနဲ့နဲ့တွင်
ဖွဲ့နွဲ့သြကာသ၊
ကွမ်းသွေးစပေ
ပသ
နတ်ကွန်း၊ ညှိထွန်းဆီမီး
ကြေးစည်သံဝဲ၊
ရှင်ပြုပွဲမှ
မစဲဗျောသံ၊
ပဲ့လျှံထင်ရိုက်
ဝန်းဝိုက်မဆန့်၊
ကျေးလက်နှံ့သည်
မဖွံ့ဖြိုးသည့်
ဒို့ဒေသ။ ။
ဧရာဝတီမှ
ယံစီမြစ်ဝှမ်း၊
တထောက်လှမ်းခဲ့
တောတန်းမှောင်သန်း၊
ပြာနှမ်းရောင်ဖုံး
တောင်ကတုံးနှင့်၊
မြက်ထုံးခြောက်သွေ့
ဘေးတွေ့ရေလွှမ်း၊
ဒုက္ခပြွမ်းလည်း
စီးပွါးရေးစနစ်၊
အသစ်တည်လျက်
စက်ရုံအလုပ်ရုံ၊
ကုန်ထုတ်စွမ်းအား
ကြီးမားလာစေ၊
စာပေဆန်းနု
ယဉ်ကျေးမှုတို့၊
ဖူးဥသစ်လန်း
ပန်းတိုင်းပွင့်ကြ၊
ဖန်တီးလှရာ
စိတ်ချလက်အေး၊
ငြိမ်းချမ်းရေးကား
သွေးစည်းညီညွတ်၊
ရလဒ်အဖြေ
မြေယာပြောင်းလဲ၊
လယ်ထဲပေါင်းဆုံ
ဘုံအဖွဲ့မှ၊
သီးနှံရ၏
မြို့ပြရပ်ကွက်၊
ဘုံဖွဲ့လျက်တည့်
ပုခက်လွှဲလက်၊
ထင်းထည့်လက်သည်
စက်မှုပစ္စည်း၊
အပြီးမြောက်တိုင်
ကိုယ်တွယ်ရွရွ၊
ထုတ်လုပ်ကြ၏
သမဝါယမ၊
စည်ထွန်းကြပြီး
ရွှင်ပျပျော်ပါး၊
ဆိုင်ကန္နားတည့်
ခွေးသွားစိပ်များ၊
ကြိတ်မောင်းသွားကြ
စွမ်းအားတိုးတက်၊
အောင်မြင်ချက်ကား
ပေါင်းဘက်ခေါင်ချုပ်၊
အလုပ်သမား
လူတန်းစား၏
ညီညွတ်ရေး။ ။
ဗေါ်လဂါမြစ်
မြေသစ်တူးမြောင်း၊
ထွန်စက်မောင်းကြ
စုပေါင်းလယ်ယာ၊
ဓါတ်သြဇာတည့်
ရှေးခါကန္တာရ၊
သဲမွဖောက်ထုတ်
မြစ်ကြောင်းနှုတ်လွှဲ၊
လူလုပ်ပင်လယ်
အင်းကျယ်လှိုင်းထ၊
ပွင့်မြသစ်သီး
ငါးလည်းကူးခတ်၊
လျှပ်စစ်ဓါတ်ကြိုး
ရွာရိုးတလျှောက်၊
သန်းခတ်ပေါက်ကြ
မြေအောက်သတ္တု၊
ရှာဖွေမှုတွင်
တောင်စဉ်မြေရိုင်း၊
စေခိုင်းသမျှ
လူ့သိပ္ပဖြင့်၊
မှိုင်းမြစိမ်းသော
သစ်တောစိုက်ကြ၊
သဘာဝ၏
ဇလရေအား၊
ယန္တယားတည့်
နဖါးကြိုးတပ်၊
အတတ်ပညာ
စာပေမော်ကွန်း၊
စာကြည့်ခန်းနှင့်
ဆန်းတင့်ဇာတ်ခုံ၊
ဈေးရုံစည်ကား
ခံ့ညာရွှေရေး၊
ယဉ်ကျေးမှုနန်းတော်
သော်မော်ပွင့်ကြွ၊
ပြတိုက်ဆောင်ဆောင်
မြရောင်ဖလ်မံ၊
နံရံပန်းချီ
မှန်စီကျောက်ကား၊
စိတ်ခံစားကြ
လုပ်အားရှိမျှ၊
လုပ်ခရကြောင့်
ပြည့်ဝချမ်းသာ၊
မှန်သေတ္တာဖြင့်
ဆိုင်မှာရောင်းထုတ်၊
အိုင်ဆိုတုတ်ဟု
အနုမြူဆေးဝါး၊
ဝယ်နိုင်အားရှိ
စည်ကားရွှင်ပျော်၊
တေးဆိုမော်ကြ
မော်စကိုမှ၊
ထွက်ရပေပြီ
မြားနီရထား၊
စီးခဲ့ငြား၍
နှင်းသားဖြူလွှာ၊
ခြုံရုံကာတည့်
ပီတာဘုရင်၊
စိတ်ကူးဆင်သ
လီနင်ဂရက်၊
ကျွန်းရှက်ပြာစိမ်း
ယူကရိန်းပြည်၊
ဂျော်ဂျီယာနယ်
လှည့်လည်ကူးသန်း၊
အင်းအိုင်ဝှန်းမျှ
ခ၇ီးလမ်းဝယ်၊
အလယ်ဥရောပ
စိမ်းမြတောင်တန်း၊
ကွေ့သန်းမြစ်ဝိုက်
ရဲတိုက်ကျုံးရံ၊
ရေကန်ကြေးမုံ
ငန်းဖြူစုန်မြူး၊
အထူးထူးတည့်
ရွာဦး၌ကား၊
နွားနို့ချက်ရုံ
ဇာတ်ခုံနယား၊
တံတားရှေးဟောင်း
ဘုရားကျောင်းနှင့်၊
နွဲ့နှောင်းခြူမည်
ဂျစ်စီအက၊
ဖြူလွနှင်းရစ်
မြစ်ပြာခက်မွှာ၊
ပရာဟာတည့်
ကုန်မာဈေးတန်း၊
စက်ရုံလွှမ်း၏
နည်းလမ်းတကျ၊
ဝါဒအချုပ်
အလုပ်သမား၊
လူတန်းစား၏
ကိုယ်စားအာဏာ၊
အုပ်စိုးပါ၏
ပြာပြာနက်ဆင်၊
ပင်လယ်ကမ်းခြေ
ပန်းဖြေရိပ်သာ၊
နားရာစခန်း
စိမ်းလန်းမြထုံ၊
နွေပန်းငုံအောက်
ဆေးရုံများမြောင်၊
ဆောင်ဆောင်ခန်းခန်း
လူတန်းစေ့ရေး၊
အေးချမ်းသာယာ
လူ့အနာဂါတ်
တည်ဆောက်၏။ ။
ငါ့သက်တမ်း၌
စွဲလန်းမှတ်မိ၊
သတိတရ
ငယ်စဉ်ကလျင်၊
ပိတ်ကြတံခါး
ချောက်ချားကြီးစွာ၊
လှုပ်ရှားလာကြောင့်
ကာကွယ်ရေးတပ်၊
စောင့်ကြပ်ဖွဲ့ထား
လယ်သမားသူပုန်၊
ဂဠုန်ထကြွ
တော်လှန်ကြသည်၊
ကျသည့်အလောင်း
ခေါင်းဖြတ်သွေးရဲ၊
ဂါတ်တဲေ၇ှ့ပြ
တွေ့ရဓါတ်ပုံ၊
ရင်တုန်ထိခိုက်
ရှိုက်ရှိုက်မောလျ၊
ခံစားရခဲ့
ဘဝရေယဉ်၊
စီးသွင်သွင်ဝယ်
မှတ်ထင်ကျန်ရစ်၊
သုံးခြောက်နှစ်က
ဟစ်ကြွေးကြော်ကာ၊
ကျွန်ပညာရေး
ထွက်လာတန်းများ၊
ကျောင်းသားသပိတ်
အိပ်ရာခြင်ထောင်၊
ဇရပ်ဆောင်ရွှေ့
အိမ်မေ့စုဝေး၊
အဖွဲ့မွေးဖွား
ကျောင်းသားသမဂ္ဂ၊
ခွပ်ဒေါင်းကြွပြီ
ရွရွအားမာန်၊
တူအလံဖြင့်
ရေနံမြေမှ၊
ချီတက်ကြသော်
လမ်းကတားဆီး၊
မြင်းစီးပုလိပ်
သပိတ်ပြန့်ကျယ်၊
လယ်သမားတပ်
ဝါးဖတ်ခမောက်၊
တစဉ်ကောက်လွယ်
နေအောက်လူတန်း၊
ရွေ့ရွေ့လှမ်းပြီ
ချီတက်စုဝး၊
အရေးတော်ပုံ
တပ်ပေါင်းစုံ၍၊
ရွှေတိဂုံမုခ်
သိင်္ဂုတ္တရ၊
ကုန်းမြမြဝယ်
နယ်ချဲ့ဆန့်ကျင်၊
သွင်သွင်စီးဆင်း
အတွင်းဝန်ရုံးဝိုင်း၊
လူထုလှိုင်းကြီး
စိုင်းလားမြင်းတပ်၊
နံပါတ်ဒုတ်ဝင့်
ဆင့်လွှဲတအား၊
ရိုက်ခွဲငြားသော်
ကျောင်းသားသွေးလွှမ်း၊
စပတ်လမ်း၌
နီမြန်းပွက်ထ၊
အောင်ကျော်ကျပြီ
မျက်ရည်ယိုစီး၊
ပြည်သူစည်းရုံး
ထောင်သုံးရာပြည့်၊
ယင်း၏ခန်းသစ်
ဖွင့်လှစ်အချုပ်၊
သမိုင်းအုပ်ကား
အလုပ်သမား၊
လယ်သမားနှင့်
ကျောင်းသားပညာတတ်၊
ပေါင်းစပ်လက်ချိတ်
မဟာမိတ်တပ်၊
ဖွဲ့လတ်လှုပ်ရှား
အမျိုးသားလွတ်မြောက်ရေး
အင်အားစုများ။ ။
မတ်လတော်လှန်ရေး
ဖက်ဆစ်ပြေးသော်၊
သွေးစည်းတပ်ပေါင်းစု
ညီညွတ်မှုရ၊
ဖဆပလ
တည်ဆောက်ကြပြီ၊
ကိုလိုနီအား
လူထုအားဖြင့်၊
ခြားနားတွန်းလှန်
စိုက်သွန်ခွန်ဆဲ၊
ကွန်မြူနစ်ပါတီ
ပယ်ထုတ်ပြီးမှ၊
ဖဆပလ
ပြိုကွဲစသည်၊
ငါဒို့ပြည်လည်း
လွတ်လပ်ပြီးသော်၊
သွေးစီးကျဆင်း
ပြည်တွင်းစစ်ပွဲ၊
ကွဲပြားပစ်ခတ်
သတ်ဖြတ်ကြရာ၊
ပြည်တော်သာတဲ့
ရွာစေရွှေမိုး၊
အခွန်တိုးစေ
ကုန်ခိုးသားဝ၊
မယားဝကြ
ငါ့ပါတီဝင်၊
လိုင်စင်ရစေ
ငွေနှင့်လက်နက်၊
ဖျက်ဆီးသောနည်း
စည်းရုံရေးမှူး၊
အာဏာရူးများ
ခါးတွင်းဗျောက်ထိုး၊
အရက်ချိုးကပ်
သူခိုးအားပေး၊
မှောင်ခိုဈေးကွက်
သူ့လက်ထဲတွင်၊
လာဘ်ဦးတင်ကြ
အမတော်ကြေး၊
ဖြတ်စားရေးတည့်
တပြည့်လက်သား၊
နောက်တော်ပါး၌
စားဖားကုန်သည်၊
လူလယ်ကံထရိုက်
လူမိုက်ဖာဆွယ်၊
မယားငယ်လျင်
ချောသွယ်ဒေဝီ၊
မာစီဒီးစီး
ဝန်ကြီးမှူးများ၊
ကစားကြွေပစ်
အော်ဟစ်မာဂျောင်း၊
မြင်းလောင်းကလပ်
သေနတ်ချိမ်းချောက်၊
အာဏာအောက်မှ
ရွေးကောက်ပွဲများ၊
တရားမည်လား
စည်ကားရုံးပြင်၊
နတ်စင်ချိမ့်မွမ်း
ရှာပန်းနီဝင်း၊
သေရည်သင်း၏
ရေတွင်းတူးဟ၊
အုန်းစိုက်ကြစမ်း
ဂမုန်းပန်းပင်၊
ေ၇ွှငွေဆင်ကြ
ဗေဒင်အကျော်၊
လူပျံတော်ထံ
အကြံယူငြား၊
လူတန်းစားသစ်
ပါးအစ်ရဲနီ၊
အဆီယစ်ဆူ
ခါးဗိုက်ပူ၏၊
ပြည်သူတို့ကား
အသားကြမ်းထော်၊
ပိန်ညှော်ညှော်နှင့်
ရင့်ယော်ဝဲယား၊
စားနေလမ်းဘေး
ကလေးများကား၊
ကစားဈေးရောင်း
စာသင်ကျောင်းရွဲ့၊
စာပွဲနဲ့၏
နယ်ချဲ့သမား၊
နိုင်ငံခြားငွေ
အမေရိကန်၊
ထောက်ပံ့ခံ၏
စီမံကိန်းများ၊
ခြစားရာတွင်း
အရင်းရှင်လမ်း၊
အမြတ်ပြွမ်းတီး
ထောင်ခန်းချဲ့တိုး၊
သူတို့စိုး၏
ဆယ်မိုးဆယ်နှစ်၊
ခေတ်၏ထိမ်းမှတ်
သေနတ်နှင့်ခြ၊
မြင်တွေ့ရသည်
ပဌမ
ဆိုရှယ်လစ်လမ်းစဉ်တည်း။ ။
မျက်စေ့အောက်၌
မှောက်ခုံလဲကျ၊
ပျက်စီးကြပြီ
ဖဆပလ၊
အလပတ
ပထစဟု၊
နာမသွယ်သွယ်
ပြောင်းလဲပြယ်လည်း၊
ဆိုရှယ်လစ်ပါတီ
သည်ပင်မကြီး၊
တနွယ်တည်းမှ
ဆင်းသက်ကြသည့်၊
အတ္တဟိတ
သက္ကာရပြု၊
ခေါင်းဆောင်မှုတည့်
လူထုအကျိုး၊
မသည်ပိုးနိုင်
တန်ခိုးအာဏာ၊
တပ်မက်စွာငမ်း
ငါ့အားဝေဖန်၊
ငါ့ရန်သူတည့်
ငြူစူမျက်စောင်း၊
ချောင်းချောင်းဒေါသ
ငါမှတပါး၊
အားလုံးမှားကြ
ဓါးကြိမ်းလှံကြိမ်း၊
ဟိမ်းဟိမ်းဟောက်ဟ
မာနယစ်မူး၊
မှူးကြီးဝန်မင်း
ဝပ်စင်းငါ့ထံ၊
နာခံကြစေ
ဂိုဏ်းဂဏဝါဒ၊
စူးစူးထ၍
အထက်မှသည်။
ပြည်သူပေါ်သို့
အတင်းပို့ကာ၊
စည်းရုံးပါသည်
ဘယ်မှာညီညွတ်
ငြိမ်းချမ်းကြအံ့နည်း။ ။
တွေ့ရသည်ကား
ဤလူသား၏၊
အားနည်းချက်များ
လက်အောက်ထားကြောင့်၊
ဆွပွါးပြသနာ
ဆင့်ကာအမှား၊
ကျူးလွန်ငြား၏
မရိုးသားသူ၊
ပေါများထူသည်
ဖြူစင်သူကား၊
ဆင်းရဲသားတည့်
ရေအားသစ်တော၊
စိမ်းသောလယ်ယာ
မြေလွှာဆီဥ၊
သတ္တုကျွဲနွား
စပါးရွှေတောင်၊
မြေပဲအောင်လည်း
ခေါင်းဆောင်ညံ့ဖျင်း၊
ရိုးသားကင်းကြောင့်
ဆင်းရဲမွဲတေ၊
လူနေမှုဆင့်
မမြင့်ဘဲလျင်၊
ရှိရပင်တည်း
စွမ်းအင်လုပ်အား၊
လူ့လုပ်အားနှင့်
စွမ်းအားမြိုင်မြိုင်၊
ပြည်သူပိုင်လုပ်
ကုန်ထုတ်စွမ်းအား၊
မောင်းနှင်သွားမှ
ပေါများခါးဝတ်၊
မငတ်ပြည့်စုံ
ကုံလုံချမ်းသာ၊
ပြည်သာယာလိမ့်
ပညာရေးထက်၊
ကျည်ဆံမက်၍
လေးနက်ကင်းငြား၊
တရားဆွံ့ဆွံ့
မဖွံ့ဖြိုးသေး၊
အတွေးအခေါ်
မြော်မြင်နည်းမှု၊
ခေါင်းဆောင်မှုကား
နန်းလုမည်စိုး၊
ဓါးမိုးသတ်လေ
ပဒေသရာဇ်၊
နို့စို့စစ်သို့
ကျန်ရစ်ပုံပြင်၊
ယနေ့ထင်ဟပ်
ပြဇာတ်ဝင်ထွက်၊
တင်းတိမ်ကွက်တွင်
အတက်အဆင်း၊
လင်းပြီးမှောင်ချ
ထိုးဟသတ်ဟ၊
ငိုယိုကြသည်
မြန်မာ့လွမ်းခန်းပေတကား။ ။
[အလင်္ကာ
ကဗျာပေါင်းချုပ်၊ ဒဂုန်တာရာ။ နိုဝင်ဘာလ ၁၉၆၂။ ပထမနှိပ်ခြင်း]
No comments:
Post a Comment