Saturday, September 6, 2014

စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၅)

စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၅)
စာမျက်နှာ [၉၇ - ၁၀၂]


(၂၁)

တက္ကသိုလ်သမဂ္ဂအပေါ်ထပ် တောင်ဘက်ခြမ်းရှိ စာကြည့်တိုက်ခန်းမ။  ကျွန်တော်တို့ကို မှန်တံခါးများ၊ စာအုပ်ဗီရိုများက ဝန်းရံထားသည်။  နတ်တော်လဆုတ်ညမို့ အပြင်ဘက်တွင် ကြယ်ရောင်မျှသာ ထွန်းပြောင်နေကြသည်။  ပြာမှိုင်းသော ကောင်းကင်ကြီးမှာ ညအား နက်မှောင်သော အလှကိုသာ ပေးစွမ်းနိုင်သည်။  သို့သော် တက္ကသိုလ်သမဂ္ဂ စာကြည့်တိုက် ခန်းမကြီးကား ဓာတ်မီးရောင်များဖြင့် လင်းနေပေသည်။  ထိုညက လျှို့ဝှက်အစည်းအဝေး။  အဆောင်များရှိ စာကြည့်မီး ပိတ်လိုက်ပြီ ဖြစ်၍ လှမ်းမြင်နေရသော သထုံဆောင်၏ အခန်းများမှာ မှောင်ကျနေပေပြီ။  စင်္ကြန်လမ်း၌သာ မီးလင်းနေသည်။

တက္ကသိုလ်သမဂ္ဂ အမှုဆောင်များနှင့် 'အတွင်စည်းဝိုင်း' မှ ကျောင်းသားများ ပူးတွဲကာ စည်းဝေးနေကြသည်။  ကျွန်တော်မှာ သမဂ္ဂအမှုဆောင် အဖွဲ့ဝင် မဟုတ်သေးသော်လည်း အတွင်းစည်းဝိုင်းအနေဖြင့် ဖိတ်ထားသဖြင့် အစည်းအဝေးသို့ လာရသည်။  လူစုံသောအခါ အဝင်ပေါက် မှန်တံခါးကို ပိတ်လိုက်သည်။  ညည့်နက်ပြီ ဖြစ်သော်လည်း အိပ်ချင်စိတ်မရှိ။

"ပုဒ်မ ၁၄၄ မရုပ်မသိမ်းမချင်း ကျွန်တော်တို့က အာဏာဖီဆန်ကြရမှာပဲ"  ဟု အစည်းအဝေး စလျှင်စချင်း ကိုလှရွှေက ပြောလိုက်သည်။

တကယ်ကတော့ မနေ့က အတွေ့အကြုံမှာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ယုံကြည်မှု ရစေသည်။  အင်္ဂလိပ်အစိုးရ၏ လူစီတန်း မလှည့်လည်ရဟူသော တားမြစ်သည့် ပုဒ်မ ၁၄၄ ကို ဆန့်ကျင်သော အာဏာဖီဆန်ရေး ဆန္ဒပြပွဲ လုပ်ခဲ့သည်မှာ အောင်မြင်သည်။  ကျောင်းသားလူထုကြီးက အာဏာဖီဆန်သည်ကို အင်္ဂလိပ်အစိုးရက ဘာမှ တားဆီးခြင်း မလုပ်သည့်အတွက် ယင်းဥပဒေမှာ မတည်ရှိတော့။  အုပ်စိုးသူတို့၏ အာဏာစက်သည် မသက်ရောက်တော့။  ကျွန်တော်တို့၌ ယုံကြည်မှုဆိုတာ ဝင်လာပါပကော။  ဟုတ်ရဲ့လား။

မနေ့က အတွေ့အကြုံ။  အာဏာဖီဆန်သော လူထုဆန္ဒပြပွဲ၌ ပါဝင်လိုက်ရသော အတွေ့အကြုံမှာ ၁၉၃၆ ကျောင်းသားသပိတ်နှင့်လည်း မတူတော့။

၁၉၃၆ ကျောင်းသားသပိတ်တုန်းက ကျွန်တော်မှာ နယ်က ဆယ်တန်းကျောင်းသား (၁၆) နှစ်အရွယ်။  နိုင်ငံရေးစာအုပ်များ မဖတ်တတ်သေး။  ရှေးဟောင်း မြန်မာကဗျာများနှင့်ကား အကျွမ်းဝင်ခဲ့သည်။  ရှင်မဟာရဌသာရ၊ ရှင်မဟာသီလဝံသ၊ နတ်သျှင်နောင်၊ နဒေး၊ ဦးပုည၊ ဦးတိုး။  စကားပြေနှင့်ပင် သိတ်မထိတွေ့။  ကဗျာကို ခံစားနေသော ကာလ။  ကဗျာကလေး နည်းနည်းပါးပါး ရေးနေပြီ။  ရှေးကဗျာများကို ခံစားနေရသဖြင့် ရေးချလိုက်သောအခါ ရှေးဟန် ရှေးစကားလုံး။  စန္ဒရားခလုတ်များကို တို့ခါစ။  ဂီတတွင်ကား ကာလပေါ်တေး များကို ခံစားနေပြီ။  ရှေးသီချင်းကြီး သက်သက်မဟုတ်။  အနုပညာ အတွေ့အကြုံကတော့ ရစ။  ထိုအရွယ်တွင် ၁၉၃၆ ကျောင်းသားသပိတ်က ဖြတ်သန်းသွားခြင်း ဖြစ်ပေသည်။

နုနယ်သောအရွယ်၊ နုနယ်သော အတွေ့အကြုံကား ယင်း ၁၉၃၆ ကျောင်းသားသပိတ်မှောက် အရေးအခင်းသည် ကြီးကျယ်နေပေသည်။  သပိတ်မှောက်သည်နှင့်အတူ အင်္ဂလိပ်အစိုးရအား ဆန့်ကျင်သော လွတ်လပ်ရေး တောင်းဆိုချက်များ ဖော်ပြလာကြသည်။

ကျွန်ပညာကို မီးရှို့လော့
စုတ်ချာသောပညာရေးစနစ်

စသည်ဖြင့် သပိတ်မှောက် ကြွေးကြော်သံများ ရေးသားဖော်ပြလိုက်ရသည်ကိုပင် ထိုအခါက ကျေနပ်နေမိကြပေသည်။  အင်္ဂလိပ် အာဏာပိုင်များဘက်ကလည်း သပိတ်မှောက်ခြင်းဆိုသည်မှာ သူတို့ကို အံတုခြင်းသဘော။  "ကျွန်ပညာရေး" ဟုပြောလိုက်ခြင်းကပင်လျှင် အင်္ဂလိပ်တို့၏ ကိုလိုနီပညာရေးကို ရှုတ်ချလိုက်ခြင်းသဘော။

ထိုအခါကမူ ကျွန်တော်တို့မှာ အဖိနှိပ်ခံ ပြည်သူများဘက်မှ ညီညွတ်ရေးအင်အားကို ပြလိုက်ခြင်းပင်။  ကျွန်တော်တို့ သပိတ်မှောက်သည် ဆိုသည်မှာပင် နောက်တော် တက္ကသိုလ်ကျောင်းသားများအား ညီငယ် နယ်ကျောင်းသားများက ထောက်ခံ အားပေးခြင်းသဘော။  ရန်ကုန်တက္ကသိုလ်က သပိတ်မှောက် ထွက်လာ ကြသည် ဆိုကတည်းက ကျွန်တော်တို့ မနေနိုင်တော့။  ပထမတော့ ကျွန်တော်တို့နှင့်မဆိုင်ဟု တွေးတောမိ သေးသည်။  သို့သော် ခံစားမှုက မနေတော့။  ဘဝတူဟူသော အသိက ဘယ်လိုဘယ်လို ဖိစီးလာသည် မသိ။  သပိတ်မှောက် ကျောင်းသားများ၏ ညီညွတ်ခြင်းသတင်းကို ကြားရ၍ စိတ်ထဲက အားရလာကာ မိမိတို့လည်း သူတို့နှင့်အတူ ရှိနေချင်သော စိတ်က ပြင်းထန်လာသည်။

"အမျိုးသားရေး ကြိုးပမ်းကြပါ၊ ဒို့ဗမာဟေ့ ဒို့ဗမာ"  ဟူသော သီချင်းသံကို ကြားလာရသည်။  နိုင်ငံခြားသား အင်္ဂလိပ် အုပ်စိုးသူများလက်မှ လွတ်မြောက်မှ ငြိမ်းချမ်းသာယာမည်ဟူသော အမျိုးသားရေးနှင့် ယှဉ်ကပ်ပါလာသော လွတ်လပ်ရေးစိတ် ဒီရေက မြင့်တက်လာသည်။  ညီညွတ်ရေးစိတ် အဟုန်သည် ရိုက်ခတ်လာရာ မနေနိုင်တော့သည့် အဆုံး ဆယ်တန်းကျောင်းသားချင်း တိုင်ပင်ကာ သပိတ်မှောက်လိုက် ကြတော့သည်။  သပိတ်မှောက် ကြေညာစာတမ်းကို ရန်ကုန်သပိတ်စခန်း သပိတ်မှောက်ကောင်စီသို့  ပို့လိုက်ပြီးတော့မှ နေသာ ထိုင်သာ ရှိသွားတော့သည်။  ထိုအခါကျမှပင် လုပ်သင့်လုပ်ရမည် ဖြစ်သော တာဝန်တခု ကျသွားသလို ခံစားကာ ပေါ့ပါးသွားသည်။  ထိုအခါကတော့ ယင်းစိတ်ဓါတ်မျိုးကို 'မျိုးချစ်စိတ်' ဟု ခေါ်ဝေါ်ခဲ့ကြသည်။

ကျွန်တော်တို့မြို့တွင် သပိတ်စခန်းကလည်း ရှိသည်မဟုတ်။  ဆယ်တန်းကျောင်းသားများသာ သပိတ်မှောက် ကြသည်။  ရန်ကုန်မြို့ ဂျူဗလီခန်းမတွင် ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံ ကိုယ်စားလှယ် အဖြစ် တက်ရောက်ကာ နားထောင်ကြသည်။  ဒါပဲ။  သပိတ်လှန်ရေး အဆုံးအဖြတ်တွင် ကိုယ်တိုင်ပါဝင် ငြင်းခုံခဲ့သည် မဟုတ်။  ဝေဖန် ပိုင်းခြားနိုင်ခဲ့သည် မဟုတ်၊ ဆုံးဖြတ်ချက်များကို ကြားနာပြီး ဟုတ်သလို ထင်ရာဘက်သို့ လိုက်ခဲ့ကြခြင်း ဖြစ်သည်။  နုနယ်သောအဆင့်။  နိုင်ငံရေးစိတ်ဓာတ် ထက်သန်စ အဆင့်။  ကျွန်တော်တို့မှာ ဒီရေစုန်တွင် လိုက်ပါသွားခြင်း ဖြစ်သည်။

သို့သော် ယခု အာဏာဖီဆန်ရေးတွင်ကား သည်မျှ မကတော့။ နိုင်ငံရေးစာအုပ်များ ဖတ်စပြုလာပြီ။  ပတ်ဝန်းကျင် အတွေ့အကြုံက ကျယ်ပြန့်လာသည်။ မိမိဖတ်နေသော စာအုပ်များထဲမှ အဓိပ္ပါယ်ကို ရှာဖွေစ ပြုနေပြီ။  မိတ်ဆွေများနှင့် ဖတ်သမျှကို ညှိကြည့်နေပြီ။  ဟုတ်မဟုတ် ငြင်းခုံနေပြီ။  ဖတ်သည့်စာအုပ်ကလည်း ကြားဖူးနားဝ စာအုပ်မဟုတ်။  စာအုပ်အသစ်၊ အဘိဓမ္မာအသစ်၊  လူထုလှုပ်ရှားမှု၊ ဆိုရှယ်လစ်ဝါဒ၊ တော်လှန်ရေး။

မြို့မကျောင်းမှ ပုဇွန်တောင် လိပ်ကန်ပန်းခြံအထိ ချီတက်လာခဲ့သော အာဏာဖီဆန်ရေး ဆန္ဒပြပွဲကြီးမှ အပြန်ည အိမ်ခန်းသို့ ရောက်သောအခါ ရင်ခုန်ရင်း တွေးတောနေမိသည်။

အင်္ဂလိပ်အစိုးရကို အင်အားကြီးမားသော အုပ်စိုးသူဟု နားလည်ခဲ့သည်။  တက္ကသိုလ် မရောက်ခင် ကတည်းက ရာဇဝင် သင်လာခဲ့ရာ ဗြိတိသျှအင်ပိုင်ယာကြီးအကြောင်း ဖတ်ခဲ့ရသည်။  'နေမဝင်သော လက်နက်နိုင်ငံတော်ကြီး' ဟုပင် တင်စားခေါ်ခဲ့ကြသည်။  သူတို့၏ အမျိုးသား သီချင်း၌ 'အဏ္ဏဝါဗွေက လှိုင်းလုံးများကို အုပ်စိုးခဲ့ပြန်သည်'  ဟု လှပခံ့ညားစွာ သီကျူးထားခဲ့သည်။  အင်္ဂလိပ်အစိုးရမှာ ကျွန်တော်တို့ထက် အစစ အရာရာ အင်အားသာလွန်းနေသည်။  စီးပွါးရေးအင်အား၊ လက်နက်အင်အား မယှဉ်နိုင်။  သို့သော မနေ့ညနေက ကျွန်တော်တို့ ကျောင်းသားများသည် ယင်းသို့ အင်အားကြီးမားသော အင်္ဂလိပ်အစိုးရအား အာဏာဖီဆန်ခဲ့ကြ သည် မဟုတ်ပါလား။

လောလောလတ်လတ် ကျွန်တော် ဖတ်နေသော စာအုပ်မှ 'နိုင်ငံတော်နှင့် တော်လှန်ရေး'  အခန်းမှ ကောက်နှုတ် ဖော်ပြထားသော အရင်းရှင်စနစ်မှ ကွန်မြူနစ်စနစ်သို့ အသွင်ကူးပြောင်းရေးနှင့် ဆိုင်သော ကားလ်မတ်၏ အယူအဆကို လီနင်က ဖွင့်ဆိုထားသည်မှာ 'သို့ဖြစ်လေရာ အရင်းရှင် လူ့အဖွဲ့အစည်း၌ ဒီမိုကရေစီ ရှိသည် ဆိုရာမှာ ကျဉ်းကျုံ့ ထားသည်၊ ချုပ်ချယ်ထားသည်။  စိတ်ပျက်စရာ ကောင်းသည်။ ဒီမိုကရေစီ အတု ဖြစ်သည်။  လူချမ်းသာ လူနည်းစုအတွက် ဒီမိုကရေစီ ဖြစ်သည်'  တဲ့၊ ချုပ်ချယ်ထားသော ဒီမိုကရေစီ (ဝါ) အရင်းရှင် ဒီမိုကရေစီ။  အင်္ဂလိပ်အရင်းရှင် အစိုးရလက်ထက် ဒီမိုကရေစီ။  ယင်းအင်္ဂလိပ်အစိုးရအား အာဏာဖီဆန်သည်မှာ မှန်သည်။  မှန်လျှင် အောင်ရမည် မဟုတ်ပါလား။

မနေ့ညနေက အာဏာဖီဆန်စဉ်က ချီတက်ရာ လမ်းတလျှောက် လူအများက အားပေးထောက်ခံ ကြသည်။  မြန်မာသတင်းစာ အားလုံးကလည်း အပြည့်အစုံ ဖော်ပြကြသည်။  ရေနံမြေမှ ချီတက်လာသော အလုပ်သမား တပ်ကြီးမှာ အောင်လံသို့ ရောက်နေပေပြီ။  အာဏာဖီဆန်ရာတွင် အင်္ဂလိပ်အစိုးရက ဘာမှ မလုပ်၊ မဟန့်တားနိုင်။  ကျောင်းသားများ၏ စည်းလုံးညီညွတ်သော အင်အားကြောင့်ပင် မဟုတ်ပါလား။  မိမိအလုပ်ကို မိမိ ယုံကြည်လာလေပြီ။  အရေးတော်ပုံဟူသော စကားသည် လေးနက်လာသည်။  အရေးတော်ပုံဟူသော စကားလုံး သုံးနှုန်းသည်မှာ မကြာသေးပေ။

အရေးတော်ပုံ အောင်ပါစေ ဟု အော်လိုက်ရသည်မှာပင် မိမိပါဝင်သော အလုပ်ကို ယုံကြည်မှု အသံပါနေသည်ဟု ခံစားမိသည်။  အရေးတော်ပုံမှာ အတွင်းစိတ်ထဲသို့ ဝင်ရောက်လာခဲ့ပေပြီ။  မနေ့က အတိုင်းပင် စိတ်ခံစားမှု ရှိနေသည်။  ကဗျာဖတ်နေသော ရသခံစားမှုသည် ကဗျာကို ကိုယ်တိုင် ရေးဖွဲ့လာသောအခါ ပို၍ စိတ်ဝင်စားတာမျိုး၊ ပြောင်းလဲလာတာမျိုး၊ လေးနက်လာတာမျိုး၊ အပြင်လူမဟုတ်တော့ စမိပေပြီ။

ကိုလှရွှေ၏ နက်မှောင်သော အသားရောင်ထဲမှ မျက်မှန်သည် လက်နေ၏။

"မနေ့က ကျွန်တော်တို့ အာဏာဖီဆန်ကြတာတော့ အောင်မြင်တယ်။ ရှေ့ဆက်ပြီး ခြေလှမ်းသစ် လှမ်းကြရမှာပဲ။  ကဲ ဆွေးနွေးကြပါ"

အပြင်ပမှ သခင်လှဖေ(ဗိုလ်လက်ျာ) နှင့် သခင်သိန်းဖေ(ဦးသိန်းဖေမြင်) တို့ကို အစည်းအဝေး၏ ခွင့်ပြုချက်အရ တက်ရောက်ကြသည်။  ကိုလှရွှေက ခွင့်တောင်းသည်။  "သူတို့ဆီမှာ ရှာနိုင်တယ်"  ဟူ၍ ကိုလှရွှေက ပြုံးရယ်ကာ ပြောသည်။  ကျွန်တော်၏ အနားရှိ သခင်လှဖေ၏ အိတ်ထဲကို ကျွန်တော်က စမ်းကြည့်သည်။  ထို့နောက် ရယ်မောနေကြသည်။

တယောက်တပေါက် အကြံပေးကြသည်။  ဆူးလေဘုရားလမ်းဆုံတွင် တရားပွဲချရန် ကိုအေးကျော်က အကြံပေးသည်။  အချို့က သဘောကျကြသည်။  အချို့ သဘောမကျ။  လမ်းသွားလမ်းလာ ရပ်စဲကာ လူအများ အနှောက်အယှက်များ ဖြစ်မလားဟု စဉ်းစားကြသည်။

နောက်ဆုံး၌ ကိုသိန်းဖေ အကြံပေးသော အတွင်းဝန်ရုံးကို ဝိုင်းရန် ဟူသော အဆိုကို အားလုံးက လက်ခံလိုက်ကြသည်။

"ဒါကို သဘောတူရင် အသေးစိတ် စီစဉ်ကြရလိမ့်မယ်၊ ပထမ အတွင်းဝန်ရုံး ဂိတ်ပေါက်ဝတွေရဲ့ မြေပုံကြမ်းတခု လိုမယ်"  ဟု ကိုလှရွှေက ပြောသည်။

အတွင်းဝန်ရုံး အဝင်တံခါးများပါသော ပုံကြမ်းကို သွားရောက်ရေးဆွဲရန် ကျောင်းသားတစုအား တာဝန်ပေးလိုက် သည်။  နောက်တနေ့ည၌ မြေပုံကြီး အလယ်ချပြီး အသေးစိတ် အစီအစဉ်များ ပြုလုပ်ကြသည်။  ဝင်ပေါက်များကို တာဝန်ယူရန် လူများခွဲသည်။  ကျွန်တော့်ကို ဒါလဟိုဇီလမ်း အလယ်၊ အရှေ့တောင်တံခါးကို တာဝန်ချသည်။


အစီအစဉ်အားလုံးကို လျှို့  ဝှက်သိပ်သည်းစွာ ဆောင်ရွက်ကြသည်။  ဒီဇင်ဘာ ၂၀ ရက်နေ့ အတွင်းဝန်ရုံး ဝိုင်းမည်ဟူသော ဆုံးဖြတ်ချက်ကို  ၁၉ ရက်ကျမှ အတည်ပြု အသိပေးသည်။  ပိပိရိရိ လုပ်ကြသည်။  လျှို့ ဝှက်ချက်မပေါက်ကြားအောင် အထူး စောင့်ထိန်းကြသည်။

Thursday, September 4, 2014

စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၄)

စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၄)
စာမျက်နှာ [၉၄ - ၉၇]


(၂၀)

ညနေဘက်၌ မြို့မကျောင်းဝင်းသို့ ရန်ကုန်မြို့ရှိ ကျောင်းသားများ တသွင်သွင် စီးဝင်လာကြသည်။  ထောင်သောင်း ကျောင်းသားများ။  မြို့မကျောင်းဝင်းအတွင်းသို့ ကျောင်းတကျောင်းက ကျောင်းသားစုများ ဝင်လာတိုင်း ကြွေးကြော်သံများက သိမ့်သိမ့်ခါသွားသည်။

သခင်မျိုးဟေ့ ဒို့ဗမာ
မီးတုတ်မီးတုတ် ရှို့ ရှို့
ဓနရှင်အစိုးရ ပျက်စီးပါစေ
မတရားတဲ့ဥပဒေတွေ ရုပ်သိမ်းပေး
အရေးတော်ပုံ အောင်ပါစေ

တကယ်တော့ ကျွန်တော်မှာ လူကြောက်သူ။  လူစုလူဝေးကို ဘယ်လို ကြပ်မတ် ရမလဲ မသိ။  အတွေ့အကြုံ ကလည်း မရှိသေး။  ကျွန်တော့်မှာ ပထမတော့ ရင်ခုန်နေ၏။  ကုလား - ဗမာ အဓိကရုဏ်းတုန်းကလည်း ကြုံခဲ့ရသည်။  ၁၉၃၆ ကျောင်းသားသပိတ်နှင့်လည်း မတူ။  တကယ့် လှုပ်ရှားတက်ကြွနေသော လူထုကြီး ပါကလား။  ရေနံမြေ အလုပ်သမားအရေးမှ ရိုက်ခတ်ကာ တက်ကြွလာသော လူထုကြီး၊ လွတ်လပ်ရေး အသိစိတ်ဖြင့် တက်ကြွနိုးကြားနေသော ကျောင်းသားထုကြီး၊ သတင်းစာများ နေ့တိုင်းဖော်ပြပေး၍ ပြည်သူတရပ်လုံးကပါ စိတ်ဝင်စားကာ တက်ကြွနေသောအခါ……..

ကိုလှရွှေ စကားပြောရန် ထလာသောအခါ မိုးများ ရွာလာသည်။  ဒီဇင်ဘာလ ဆောင်းမိုးမို့ မိုးရေစက်များက အေးမြသည်။  လေတိုက်သောအခါ သာ၍ အေးလာသည်။  ကျောင်းသားများကား မအေးကြ၊ သူတို့၏ ရင်တွင်း၌ နွေးနေသည်။  လွတ်လပ်ရေးစိတ်က နွှေးပေးသည်။  အေးသည်ကို မမှု၊ ဘာရင်ဆိုင်ရ၊ ရင်ဆိုင်ရ။

ကိုလှရွှေ၏ စကားသံသည် မိုးပွါးကလေးများကြားမှ ထွက်ပေါ်လာသည်။  ကျောင်းသားထုကြီး၏ လက်ခုပ်သံများ က ဟိန်းလျက်ရှိသည်။  ကျွန်တော်၏ စိတ်လှုပ်ရှားမှုမှာ ကျ မသွား။  ရင်ခုန်နေသော်လည်း သွေးခုန်အတိုးမှာ မှန်မှန်၊ ညီညွတ် စည်းလုံးနေသော အင်အားကို ခံစားကာ ကြည်နူးနေသည်။  လွတ်လပ်ရေးကို ယုံကြည်လာသည်။  ကိုလှရွှေက အကြမ်းမဖက်ဘဲ စည်းကမ်းကျနစွာ အာဏာဖီဆန်ဖို့ မှာကြားနေသည်။  မိုးမှုန်များကြား၌ ကိုလှရွှေ၏ နဘေးမှ အလံနီကြီးသည် တဖျတ်ဖျတ် လွင့်နေပေသည်။  အလံနီကြီးကား တက်ကြွခြင်း၏ အထိမ်းအမှတ်။  အင်အား၏ အထိမ်းအမှတ်။

ထို့နောက် လေးယောက်တတွဲ မြို့မကျောင်းမှ ထွက်လာကြသည်။  ကျွန်တော်မှာ အရှေ့ဆုံးရှိ တပ်စုတစုကို တာဝန်ကျနေသည်။  တက္ကသိုလ် ကျောင်းသားများ၊ အခြားကျောင်းသားများ၊ အစိုးရကျောင်း၊ အမျိုးသားကျောင်း၊ မြူနီစပယ်ကျောင်း၊ ကျောင်းစုံမှ ကျောင်းသားများလည်း အသီးသီး နောက်မှ တန်းစီကာ လိုက်ပါလာကြသည်။

ဆေးကောလိပ်သို့ ရောက်သောအခါ မိုးသည် စဲစ ပြုလာလေပြီ။  ခဲသားရောင် တိမ်တိုက်ထဲမှ နေရောင် မြှားတံ များ ထိုးကျလာသည်။  ရွှေရောင်တလက်လက် ပစ်လွှတ်နေသည်။  ကျွန်တော်တို့သည် အရှေ့ဘက် ကော်မရှင်နာ လမ်း (ယခုဗိုလ်ချုပ်လမ်း) သို့ ကွေ့လိုက်ကြသည်။  သွားရမည့်လမ်းကို ကျွန်တော့်အား မှာကြားထားပြီ ဖြစ်သည်။  ထွက်စက အလံကို ကိုကြည်မောင် (တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီးဟောင်း)က ကိုင်သည်။  သူသည် ၁၉၃၈ က သမဂ္ဂ အမှုဆောင်ဖြစ်သည်။  ကျန်ရစ်ခဲ့သော လူတန်းကြီးကို စည်းကမ်းသေဝပ်ရေးအတွက် ကြပ်မတ် သွားနေ၍ ကျွန်တော်က အလံကို ကိုင်ရသည်။

ရွှေရောင်ထဲမှ အလံနီကြီးမှာ တလွှင့်လွှင့်။။  လေက ပင့်လိုက်သောအခါ အနီထဲ၌ တူတံစဉ်သည် အထင်းသား ပေါ်နေ၏။  ကျွန်တော်တို့ ဖတ်ခဲ့သော နိုင်ငံရေးစာအုပ်၊ မတ်လီနင် ကျမ်းထဲ၌ မြင်ခဲ့ရသော တူတံစဉ်အလံကို ကိုယ်တိုင်ထိတွေ့ ပွေ့ဖက်နေရပါတကား။  ကျွန်တော့်မှာ ရင်ခုန်နေမိသည်။  အထက်အညာမှ ချီတက်လာသော ရေနံမြေ အလုပ်သမားများမှာလည်း ယင်းကဲ့သို့ တူတံစဉ်အလံကြီးကို ကိုင်ကာ မိုင် (၂၀၀) ခရီးသို့ လာနေကြ ပါကလား။  ကျွန်တော်သည် အလံကြီးကို စိတ်လှုပ်ရှားစွာ ဆုပ်ထားမိသည်။

ကော်မရှင်နာလမ်းရောက်သောအခါ လမ်းဘေးမှ လူထုပရိသတ်ကြီးမှာ ပြည့်နေတော့သည်။  "သခင်မျိုးဟေ့ ဒို့ဗမာ၊ အရေးတော်ပုံ အောင်ပါစေ"  ဟု အော်ဟစ်ခါ နှုတ်ဆက်ကြသည်။  လက်ခုပ်တီးကာ အားပေးကြသည်။

ပုဒ်ထီးပုဒ်မ အလိုမရှိ
ပုဒ်မ ၁၄၄ ရုပ်သိမ်းပေး
ဓနရှင်အစိုးရ ပျက်စီးပါစေ

ဆေးရုံကြီး ကျော်လာပြီးနောက် လူအုပ်ကြီးမှာ လမ်းမပေါ်၌ ပို၍များလာသည်။  ရွှေတိဂုံဘုရားလမ်းအကူး၊ ဆေးကျောင်းအနီး(ယခု လေဟာပြင်ဈေးဟောင်းနေရာ) ၌ကား၊ လမ်းတခုလုံး ပြည့်နေတော့သည်။  လမ်းများကို ဖြတ်လိုက်သောအခါ အဝေး၌ သံချပ်ကာကားများကို တွေ့လိုက်ရသည်။  သည်တခါပဲ စစ်ကားကို မြင်ဖူးသည်။

ကျောင်းသားများမှာလည်း စည်းကမ်းသေဝပ်စွာပင် ချီတက်နေကြသည်။  အားလုံး တက်ကြွလျက် ရှိသည်။  ရဲရင့်ခြင်းသည် ကူးစက်၍ နေသည်။  သံချပ်ကာ စစ်ကားများကို မြင်ရသောအခါ ကျောင်းသားများ၏ အသံသည် ပို၍ ကျယ်လောင်လာသည်။

"ဓနရှင်အစိုးရ ပျက်စီးပါစေ၊ အရေးတော်ပုံ အောင်ပါစေ"

သံချပ်ကာကားနောက်မှ စစ်ပုလိပ်များ။  အဝေး၌ ရပ်နေကြခြင်း ဖြစ်သည်။  ကျောင်းသားများက ကော်မရှင်နာ လမ်းတလျှောက် ချီတက်လျက်။  မိုးရေကြောင့် ကတ္တရာလမ်းမကြီးမှာ ဝင်းပနေခဲ့၏။  ခဲရောင် တိမ်တိုက်သားပင် လွင့်စင်ကာ ကောင်းကင် နီလာရောင် အပြာသည် လင်းလာသည်။ လမ်းဘေးရှိ သစ်ပင်များသည် မြစိမ်းလွင်ကာ ဝင်းပစိုရွှန်းနေသည်။  သက်မဲ့ကမ္ဘာကြီး ပင်သည်လျှင် အရေးတော်ပုံဘက်မှ ရှိနေကြသည်။

ကျွန်တော်သည် အလံကို ပို၍ မြဲမြံစွာ ဆုပ်ကိုင်ထားမိသည်။  စာအုပ်ထဲ၌သာ တွေ့ခဲ့ရသော တူတံစဉ်အလံကို ယခု ထိတွေ့ခံစားရလေပြီ။  စာအုပ်ထဲမှ အမှန်တရားကို ယခု လက်ဖြင့် ထိကိုင်ရပေပြီ။  လက်တွေ့ တကယ့်အမှန်တရားကို အာရုံခံစား သိရှိလာပေပြီ။

သတ်မှတ်ထားသည့်အတိုင်း ပုဇွန်တောင် လိပ်ကန်ပန်းခြံ၌ လူစုခွဲလိုက်သည်။  ကိုလှရွှေက အာဏာဖီဆန်သည်မှာ အောင်မြင်ပြီ ဖြစ်ကြောင်း ကြေညာလိုက်သည်။

စိန်သရဖူမှ စိန်တလုံး လွင့်ကျသွားပေပြီ။

ကျွန်တော်ကား ထိုည၌ အိပ်မပျော်။


Wednesday, September 3, 2014

စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၃)

စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၃)
[စာမျက်နှာ ၈၈ - ၉၄]


(၁၉)


၁၉၃၈ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့ မကွေး၌ အဖမ်းခံရသော သတင်းသည် ကျောင်းသားလောက၌ ရိုက်ခတ်သွားခဲ့ပေသည်။

နောက်တနေ့ နံနက်၌ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သပိတ်စခန်း၌ ရှိသော ရေနံမြေ အလုပ်သမားတပ်ကြီး သည် ဆက်လက်ချီတက်ရန် ဟန်ပြင်သည်။  လှံစွပ်သေနတ်ကိုင် စစ်ပုလိပ်များက ချိန်ထားကြသည်။  ရေနံတပ်ကြီးသည် အတင်းတိုးထွက်သည်။  အလုပ်သမား တပ်ကြီးအပြင် မြို့သူမြို့သား ပရိသတ်ကလည်း မနည်း။  လှံစွပ်များ နောက်ဆုတ်သွားကြသည်။  ရေနံတပ်ကြီးက ရှေ့သို့ တိုးလာကြသည်။  ထိုအခါ မြင်းတပ်က ဝင်လာသော အလုပ်သမားများကို ဝင်တိုက်သည်။  အလုပ်သမားများကား နောက်ဆုတ်မသွား။  လဲသူလဲ၊ ပြဲသူပြဲ။  ထို့နောက် ပန်ချာပီ ပုလိပ်များက တုတ်နှင့် တအားရိုက်သည်။  သွေးထွက်သံယို၊ ဘေးက ကြည့်နေသော လူထုကြီးမှာ ဒေါသထွက်ခါ ပုလိပ်များအား ခဲနှင့်ပေါက်သည်၊ ရာဇဝတ်ဝန်ထောက် ခေါင်းကို ခဲထိသွားသည်။  သို့သော် ရေနံမြေ အလုပ်သမားများသည် နောက်သို့ မဆုတ်၊ မြင်းနှင့်တိုက်၊ တုတ်တွေနှင့် ရိုက်သဖြင့် ဖရိုဖရဲ ဖြစ်သွားသော်လည်း ခဏမျှသာ။  လူစုကား ကွဲမသွား။  ရှေ့သို့သာ တိုး၍ ချီတက်ကြသည်။  လှံစွပ်ကို မကြောက်၊ တုတ်ကို မကြောက်။

သခင်မျိုးဟေ့ ဒို့ဗမာ
သပိတ် သပိတ်၊ မှောက် မှောက်
မီးတုတ် မီးတုတ်၊ ရှို့ ရှို့
ဓနရှင်အစိုးရ ကျဆုံးပါစေ
အရေးတော်ပုံ အောင်ပါစေ

ကြွေးကြော်သံများသည် ပဲ့တင်ထပ်လျက် ရှိသည်။  အလုပ်သမားများကား တက်ကြွလျက် ရှိသည်။  ဘေးမှ ကြည့်နေသော မကွေးလူထုကလည်း တက်ကြွလျက် ရှိသည်။  အမိန့် ထပ်ပေးပြန်သည်။  အလုပ်သမားများ ဘက်သို့ သေနတ်ထုတ်ချိန်ထားကြသည်။  ပစ်မည် မှတ်၍ အလုပ်သမား အားလုံး ဝပ်လိုက်ကြသည်။  သေနတ်ကျည်ဆံကား ထွက်မလာ။

နံနက် ၇ နာရီ ထိုးလေပြီ။  ထောင်ကြီးဘက်ဆီမှ အသံများ ကြားရသည်။  အော်သံဟစ်သံ၊ အသံဗလံများ၊ ဝုန်းဝုန်းဒိုင်းဒိုင်း အသံများ၊ ပုလိပ်တပ်၊ စစ်တပ်များ ရုပ်သိမ်းကာ ထောင်ဘက်သို့ ပြေးသွားကြသည်။  ထောင်ကြီး ဆူနေလေပြီ။  ပုလိပ်နှင့် စစ်တပ်များ မရှိသောအခါ အလုပ်သမားများသည် ယခင်က မြင်းတပ် လှံစွပ်တပ်နှင့် တားထားသော လမ်းကို ဖောက်ကာ ကမ်းနားဘက်သို့ ချီတက်ကာ ဆက်လက်ထွက်ခွါသွားကြလေသည်။  ထောင်ထဲတွင် ရှိနေသော အဖမ်းခံ ကျောင်းသားများ၊ အလုပ်သမားများ၊ သခင်များက ဝိုင်းကာ ထောင်ကို လှန့်ပေးပြီး ဆူလိုက်ကြခြင်း ဖြစ်သည်။  မနေ့ကပင် အဖမ်းမခံရမီ ကိုဗဟိန်းက အလုပ်သမားများ မနက်ဖြန် ထွက်ဖြစ်အောင် ထွက်ကြပါဟု ဟောပြောခဲ့သေးသည် မဟုတ်ပါလား။

"အရေးတော်ပုံ အောင်ပါစေ" ဟူသော အလုပ်သမားများ၏ အသံသည် ကမ်းနားဘက် သောင်ပြင်ဆီမှ ထွက်ပေါ်လာတော့သည်။  ရေနံမြေ အလုပ်သမားများသည် သောင်ပြင်တလျှောက် ဆက်လက် ချီတက် လာကြပေပြီ။  ထောင်ဘက်မှ တဖန် မြင်းစီးပုလိပ်များ ရောက်လာကြပြန်သည်။  အလုပ်သမားများကို ဖမ်းသည်၊ တချို့ အကုန်မဖမ်းနိုင်၊ ခေါင်းဆောင်သူဟု ယူဆသူများ။  သည်တခါတွင်တော့ တား၍ မရတော့ပြီ၊ လမ်းကကျယ်။ တာကျိုးခဲ့ပြီ မဟုတ်လား။  ပုဒ်မ ၁၄၄ လည်း ပြယ်သွားပြီ မဟုတ်လား။ လူ စီတန်းလှည့်လည်ခြင်း မပြုရဟူသော အင်္ဂလိပ်အစိုးရ၏ အာဏာစက်ကို ဖီဆန်ခဲ့ပြီ မဟုတ်လား။

ကျွန်တော်တို့မှာ ရေနံမြေသတင်းကို ဖတ်ကာ အားရ တက်ကြွနေမိသည်။  ကျောင်းသားများမှာ စာသင်ခန်းများ သို့ သွားနေကြသော်လည်း ရင်ထဲ၌ကား သမဂ္ဂ ဥက္ကဌ၊ အတွင်းရေးမှူးတို့အား ဖမ်းခြင်း၊ အလုပ်သမားများ ပုလိပ်-စစ်တပ်ကြားမှ ဖောက်ထွက်ကာ ရန်ကုန်သို့ ဆက်လက်ချီတက်လာခြင်းများသည် ရိုက်ခတ်လျက် ရှိနေပေသည်။  ကျောင်းသားသမဂ္ဂ ဥက္ကဌ၊ အတွင်းရေးမှူး ဖမ်းခြင်းကား သူတို့ကို နှိုးဆွလိုက်သလို ဖြစ်နေသည်။  ကျောင်းသားကို ဖမ်းလိုက်သဖြင့် ရေနံမြေ အလုပ်သမားများကို စိတ်ဝင်စားလာမိကြသည်။  အလုပ်သမားများ အရေးကြောင့် ကျောင်းသားသမဂ္ဂ ဥက္ကဌ အဖမ်းခံရခြင်း မဟုတ်ပါလား။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂနှင့် တက္ကသိုလ်သမဂ္ဂသည်လည်း နေ၍ မရတော့။  သူတို့၏ ဥက္ကဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့အား ဖမ်းဆီးထားသည်ကို ကန့်ကွက်ရန် စဉ်းစားလာရတော့သည်။  မကွေး ရေနံမြေ အလုပ်သမားများ၏ သပိတ်စခန်း၌ ကိုဗဟိန်း ဟောပြောသော -  "  မြင်းခွါ တချက်ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေမယ်  "  ဟူသော စကားအတိုင်း မီးလျှံကား စတင်လေပြီ။

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တက္ကသိုလ်သမဂ္ဂ အသင်းတိုက်၌ တက္ကသိုလ်ကျောင်းသားထု အစည်းအဝေး ကျင်းပသည်။  အစည်းအဝေးသဘာပတိအဖြစ် ဒုဥက္ကဌ ကိုလှရွှေက ဆောင်ရွက်၍ အတွင်းရေးမှူးအဖြစ် တက္ကသိုလ်သမဂ္ဂအတွင်းရေးမှူး ဥပဒေတန်းသား ကိုအေးကျော်က ဆောင်ရွက်သည်။  ကိုလှရွှေမှာ ဥက္ကဌ ကိုဗဟိန်း အဖမ်းခံရ ကတည်းက သမဂ္ဂဥက္ကဌ နေရာ၌ ဆောင်ရွက်လာခဲ့ပေသည်။  မြန်မာဘုရင်မင်းမြတ် လက်ထက်များက စစ်ချီရာ၌ အသုံးပြုသော သူရဲကြီးအလံကို စိုက်ထူထားသည်။  မြန်မာအချုပ်အချာ အာဏာပိုင်မှုသဘော၊ မြန်မာ့လွတ်လပ်ရေးသဘော၊ တနည်းဆိုသော နယ်ချဲ့ဆန့်ကျင်ရေးသဘော အထိမ်းအမှတ်အဖြစ် သူရဲကြီးအလံကို စိုက်ထူထားခြင်း ဖြစ်သည်။ ကြွေးကြော်သံစက္ကူ အထူကဒ်ပြားများလည်း အစည်းအဝေးခန်းမ၌ ထောင်ထားကြသည်။  လူမိုက်အလိုရှိသည်။  ဗမာ့သတ္တိပြကြပါ။  လာမယ်ဘေး ပြေးတွေ့။  ညီညာမှ ပြည်သာမည်။  နိုင်ငံချဲ့စနစ် ပျက်စီးပါစေ။  ထိုအခါ ယခုကဲသို့ "နယ်ချဲ့" ဟူသော စကားလုံးအဖြစ် သိပ်မပီပြင်သေး၊ နိုင်ငံချဲ့ ဟုပင် သုံးနှုန်းကြသေးသည်။

သမဂ္ဂအသင်းတိုက် အပေါ်ထပ် စာကြည့်ခန်းတွင် ကျောင်းသားများ စုဝေးကာ ကြွေးကြော်သံများ ရေးကြသည်။  လူမိုက်အလိုရှိသည် ဟူသော ကြွေးကြော်သံမှာ လူအများကို ဖမ်းသော ကြွေးကြော်သံ။  မည်သူရေးလိုက်သည် ကိုတော့ မမှတ်မိတော့။  ရေးကြတုန်းကတော့ ကျွန်တော်တို့ ပါသည်။  ကျွန်တော်မှာ ပန်းချီဝါသနာပါသူ ဖြစ်၍ စုတ်တံကိုင်ရသည်ကို ကျေနပ်နေမိသည်။  ထိုနှစ်က ကျွန်တော်မှာ အမှုဆောင်ထဲ မရောက်သေး။  'အတွင်းစည်း' ထဲ၌သာ ရှိသေးသည်။

နောက်တခုကား ပေါရိသာဒဆေး ထိုးကြလော့ ဟူသော ကြွေးကြော်သံ။  လူအများကို ဖမ်းသော ကြွေးကြော်သံ။  ကျွန်တော့် စိတ်အထင်ကတော့ ကိုလှရွှေ ပေးသော စကားလုံး။  ထိုစည်းဝေးခန်းမ၌ပင် ကိုလှရွှေက "အလုပ်သမားတွေက ထမင်းတောင်းတယ်၊ ဓနရှင်အစိုးရက ပေါရိသာဒဆေး ထိုးပေးတယ်" ဟု ပြေားကြားသည် ကို မှတ်မိနေသေးသည်။  ကိုလှရွှေမှာ ဆန်းသစ်သော၊ လှုံ့ဆော်သော စကားလုံးများ ရတတ်သည်။

သမဂ္ဂခန်းမဆောင်မှာ ကျောင်းသားများဖြင့် ပြည့်လျှံသွားသည်။  ကျောင်းသားသမဂ္ဂ အသင်းဝင်ဆိုသည်မှာ ကျောင်းသားအများစု မဟုတ်သေး။  သို့သော်လည်း သမဂ္ဂအစည်းအဝေးများသို့ ကျောင်းသားများ တက်ရောက် နိုင်သည်။  ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဦးဘဖေ၊ ဒေါက်တာဘမော်၊ ဦးစော စသော နိုင်ငံကျော် ပုဂ္ဂိုလ်များ တရားဟောပြောလျှင် ကျောင်းသားပရိသတ် များပြားတတ်သည်။  ယခုည အစည်းအဝေးကား လူများ လျှံထွက် နေပုံကို ထောက်၍ ဥက္ကဌ၊ အတွင်းရေးမှူး ဖမ်းထားသည့်ကိစ္စကို ကျောင်းသားထုက မကျေနပ်ကြောင်း ကား ထင်ရှားပေသည်။

ထိုညက ကိုလှရွှေပြောသော စကားများမှာလည်း လူထုကို ထိခိုက် လှုပ်ရှားစေသည်။  ကိုလှရွှေမှာ ပထမနှစ်ဝက် က ဒုဥက္ကဌ အဖြစ်သာ ရှိသေး၍ သူ့စကားပြောသံ သိပ်မကြားခဲ့ရ၊ ယခုကား ဥက္ကဌအဖြစ် သူပြောသောစကား များကို နားထောင်ရသည်။  သူကား ဆရာဝန်သင်တန်း တက်နေသော ဆေးကျောင်းသား ဖြစ်၍ လူနာကို ဆက်ဆံသကဲ့သို့ ပျော့ပျောင်းသည်။  ညင်သာမည်ဟု သာမန်အားဖြင့် မှတ်ထင်ရသော်လည်း ယခုည အစည်းအဝေး၌ကား လှုံ့ဆော်ရေးသမား ဖြစ်နေပေပြီ။  လှုံ့ဆော်ရေးသမား ဖြစ်လာသောအခါ အသံသည် မာလာသည်။  အသံကို မြှင့်၍ ပြောလာသည်။  ကိုလှရွှေမှာ လူထုကို ဆွဲဆောင်နိုင်သော ဟန်ပန် အသံရှိကြောင်း နောက် တွေ့လာရသည်။

ဥက္ကဌ ကိုဗဟိန်း၊ အတွင်းရေးမှူး ကိုဗဆွေ တို့ကား ရာဇဝတ်ကျင့်ထုံး ကိုဓ ဥပဒေ (၁၀၇) အရ ဖမ်းဆီးထားခြင်း သည် မတရားဖမ်းဆီးထားခြင်း၊ တရားဥပဒေနှင့်မညီ၊ ထို့ကြောင့် ချက်ချင်း လွှတ်ပစ်ရန်၊ ပြည်သူ့လွတ်လပ်မှုကို ချုပ်ချယ်ထားသော ဥပဒေများကို ရုပ်သိမ်းရန်၊ ၃ ရက် သပိတ်မှောက်ရန် အဆိုများကို ကျောင်းသားထုက ထောက်ခံကြသည်။

နောက်တနေ့ ဒီဇင်ဘာ ၁၄ ရက် ညနေ၌လည်း ရွှေတိဂုံရင်ပြင်ပေါ်၌ ရန်ကုန်မြို့လုံးဆိုင်ရာ ကျောင်းသားများ အစည်းအဝေး ကျင်းပကာ သမဂ္ဂ ဥက္ကဌ၊ အတွင်းရေးမှူး ဖမ်းထားသည့်အတွက် ကန့်ကွက်ကြသည်။  လွှတ်ပစ်ရန်၊ ပြည်သူ့လွတ်လပ်မှုကို ချုပ်ချယ်သော ဥပဒေများ ရုပ်သိမ်းရန် တောင်းဆိုကြသည်။  တထစ်ပြီး တထစ်၊ တဆင့်ပြီး တဆင့်။

ရေနံမြေ အလုပ်သမားများလည်း ခြေလျင်ချီတက်လာကြရာ မြင်ကွင်း၊ မိချောင်းရဲ၊ ဆင်ပေါင်ဝဲ သို့ပင် ဝင်ကာ အာလံသို့ပင် နီးကပ်လာလေပြီ။  ရွှေတိဂုံ ရင်ပြင်၌ ကျောင်းသားများ စည်းဝေးသော ညနေကား ရေနံမြေ အလုပ်သမားများ ဆင်ပေါင်ဝဲ ရောက်သော ညနေ။  ၁၃၀၀ ပြည့်နှစ် နတ်တော်လဆုတ် ၈ ရက် မိုင် ၂၀၀ ကျော် ခရီးကို ချီတက်လာသူ သပိတ်မှောက် အလုပ်သမားများ၊ လမ်းမှ ဖြတ်သန်းလာသော မြို့ပြကျေးရွာများက သူတို့ကို ကောင်းစွာ ကျွေးမွေး စောင့်ရှောက်ကြသည်။

တကယ်ကတော့ 'ဥပဒေတွင်းတိုက်ပွဲ' ဟု ခေါ်ကြသော လွတ်လပ်ရေးသို့ ရှေးရှုသော လူထုလှုပ်ရှားမှု၏ အစ ပင်ဖြစ်သည်။  သည်တုန်းကတော့ အင်္ဂလိပ် အစိုးရက ကျွန်တော်တို့အား ဥပဒေပုဒ်မ အမျိုးမျိုးဖြင့် မတရားချုပ်ချယ် ထားသည်၊ ဖိနှိပ်ထားသည်ဟု ခံစားနေမိကြသည်။  ထိုအခါ ပြည်သူ့လွတ်လပ်မှုကို မတရား ချုပ်ချယ်ထားတဲ့   "ပုဒ်ထီး ပုဒ်မတွေ အလိုမရှိ" ဟု ကြွေးကြော်ကြသည်မှာ အမှန်၊ ကျွန်တော်တို့ ကန့်ကွက်ကြ သည်မှာ ပုဒ်မ ၁၄၄။  လူစီတန်း လှည့်လည်ခြင်းကို တားမြစ်သော ဥပဒေ၊ ရေနံမြေအလုပ်သမားများကိုလည်း ယင်းဥပဒေဖြင့် ချုပ်ချယ်ထားသည်။  ကျောင်းသားများနှင့်တကွ ပြည်သူလူထုကိုလည်း ယင်းဥပဒေဖြင့်ပင် ချုပ်ချယ်ထားသည်။  ရန်ကုန်သို့ ရောက်လျှင် ကျောင်းသားများကလည်း ကြိုဆိုကြမည်ဖြစ်ရာ ယင်းပုဒ်မ ၁၄၄ ကို ထုတ်ပြန်သည်။

ကျောင်းသားသမဂ္ဂ ဥက္ကဌ၊ အတွင်းရေးမှူးတို့ကို ဖမ်းဆီးထားခြင်းမှ မလွှတ်လျှင်၊ ချုပ်ချယ်ထားသော ဥပဒေများ မရုပ်သိမ်းလျှင် ဆက်လက်၍ တထစ်ပြီး တထစ် အင်္ဂလိပ် အစိုးရအား ဆန့်ကျင်လှုပ်ရှားသွားရန် ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများသမဂ္ဂက စီစဉ်ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ထိုအခါက ကျောင်းသားများ သုံးနှုန်းသော စကားတလုံး၊ ဓနရှင် အစိုးရအား ရာဇသံပေးလိုက်သည် ဟူသော စကားလုံး။  ရှေးအခါက မြန်မာမင်းများက အအုပ်စိုးခံ ပြည်သူများအား သုံးသော စကားလုံး။  ယခု ကျောင်းသားများက သို့မဟုတ် ပြည်သူများက အစိုးရအား ပြောသောစကားလုံးအဖြစ် သုံးနှုန်းလိုက်သည်မှာ နှလုံးတွေ့သော စကားလုံး ဖြစ်နေသည်။  ဘယ်နေ့ ဘယ်ရက်တွင် ဥက္ကဌ၊ အတွင်းရေးမှူးကို လွှတ်ပစ်ရမည်၊ ဘယ်ဥပဒေကို ရုပ်သိမ်းပေးရမည်။  မလွှတ်ပေးလျှင်၊ မရုပ်သိမ်းလျှင် တဆင့်တက်၍ ခြေလှမ်းသစ် လှမ်းရမည် ဖြစ်ကြောင်း ဓနရှင် အစိုးရအား ရာဇသံ ပေးလိုက်သည်။  ကြားရသူတို့မှာ ကြက်သီးမွေးညှင်း ထသွားကြသည်။

နောက်စကားတလုံးမှာ အာဏာဖီဆန်ခြင်း။  အိန္ဒိယနိုင်ငံတွင်ကား ဂန္ဒီအမှူးပြုသော နိုင်ငံရေးခေါင်းဆောင်များ သုံးသောနည်းလမ်း၊ အစိုးရ ထုတ်ထားသော ဥပဒေများ အာဏာများကို ဆန့်ကျင် ဖီလာပြုခြင်း၊ မလိုက်နာခြင်း၊ အကြမ်းမဖက်သောနည်းလမ်း၊ ဥပဒေဘောင်အတွင်းကသာ လှုပ်ရှားသောနည်းလမ်း။ အာဏာဖီဆန်လိုက်လျှင် အစိုးရက ထုတ်ပြန်ထားသော ဥပဒေအာဏာများ ပျက်ပြယ်သွားပြီဟု ယူဆကြသည်။  ပြည်သူ့ဘက်မှ ဒီမိုကရေစီ ဘောင်ကျယ်လာခြင်းဟု နားလည်ကြသည်။  ဒီမိုကရေစီ အခွင့်အရေး တိုက်ပွဲသဘောပင် ဖြစ်သည်။  တဆင့်ပြီး တဆင့်၊ တထစ်ပြီး တထစ် လှုပ်ရှားရသောဥပဒေတွင်း တိုက်ပွဲမျိုး၊ ဒီမိုကရေစီဘောင်ကို ချဲ့သော တိုက်ပွဲ၊ ဥပဒေချိုးဖောက်လျှင် အာဏာဖီဆန်လိုက်လျှင် အနည်းဆုံး အစိုးရဘက်က ဖမ်းနိုင်သည်။  အများဆုံးကတော့ လူစု ခွဲပစ်ခြင်း၊ ရိုက်နှက်သောနည်း၊ ရေပိုက်လုံးဖြင့် ပက်သောနည်း၊ ပစ်ခတ်သောနည်း သုံးနိုင်သည်။

ထို့ကြောင့် လူထုဘက်က စည်းကမ်းရှိကြရမည်။  သေသပ်ရမည်။  စည်းကမ်းသေဝပ်အောင် အထူးထိမ်းသိမ်း စောင့်ရှောက်ရမည်။  စီတန်းလှည့်လျှင် စည်းကမ်းကျနအောင် ထိမ်းသိမ်းရေးကို သေချာစွာ စီစဉ်ရသည်။  ထိန်းသိမ်းစောင့်ရှောက်ရန် လူရွေးထားရသည်။  တာဝန်ယူကြရသည်။ ၁၄ ရက် ည ကတည်းက မနက်ဖြန် အာဏာဖီဆန်ပွဲအတွက် ပြင်ဆင်ကြသည်။  လိုက်နာရမည့် စည်းကမ်းဥပဒေများကို အထူးမှာကြားထားရသည်။  ဇာတ်တိုက်ထားကြ ရသည်။  စီတန်း လှည့်လည်သောအခါ တပ်စုကလေးတွေ ခွဲကာ သူ့တပ်စုနှင့်သူ တာဝန်ယူရန် လူ လျာထား သတ်မှတ် ပေးထားသည်။  အစိုးရဘက် အကြမ်းဘက် လူစုခွဲမည်။  မိမိတို့ဘက်က မတုံ့ပြန်ရ။  အကြမ်းမဖက်ရ။  ချီတက်လာသော တပ်မကြီး မပြိုကွဲအောင်သာ ထိန်းသိမ်းရမည်။


ကျွန်တော်မှာ တပ်စုတစုကို ကြပ်မတ်ရန် တာဝန်ကျသည်။  ကျွန်တော်မှာ သည်လိုနေရာမျိုး၌ မသင့်လျော်ဟု ကျွန်တော့်ကိုယ် ကျွန်တော် နားလည်ထားခဲ့သည်။  ကြေညာစာတမ်း ရေးတာမျိုး၊ ကြွေးကြော်သံ ရေးတာမျိုး၊ ဖတ်ရှုလေ့လာတာမျိုး၊ ကျွန်တော်နှင့် ကိုက်သည်။  ကျွန်တော်က အနုပညာသမား၊ စိတ်ကူးသမား၊ အရေးသမား၊ အတွေးသမား၊ ခက်နေပြီ။  သို့သော် ငြင်း၍ မရတော့။  ဘာကြောင့် သူတို့က ကျွန်တော့်ကို သည်တာဝန်မျိုး ချပါလိမ့်။  ကျွန်တော် နားမလည်။  မနက်ဖြန် ၁၅ ရက်နေ့ အာဏာ ဖီဆန်ကြမည်။ ခြေလှမ်း နောက်တထစ်။

Tuesday, September 2, 2014

စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၂)

စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၂)
[စာမျက်နှာ ၈၂ - ၈၈]


(၁၈)

ကျွန်တော်တို့ ပတ်ဝန်းကျင်ကား ခါတိုင်းကဲ့သို့ပင် စိမ်းလန်းတင့်ရွှန်းလျက် ရှိနေပေသည်။  စာသင်ခန်းမှ မှန်တံခါးရောင်မှာ တိမ်ပြာရိပ် ထလျက်ရှိသည်။  အဝါနုရောင်နံရံမှာ အမြဲတမ်း သစ်လွင်လျက် ရှိနေသည်။  ကြမ်းပြင်မှာ ဖယောင်းဆီဖြင့် တောက်ပချောလက်၍ နေသည်။  ဖယောင်းပုဆိုးကွက် ကြမ်းပြင် မှန်ရိပ်၌ ပိုးရောင်ဖဲရောင်၊ သက္ကလတ်ရောင်၊ ကတ္တီပါဖိနပ်ရောင်၊ ရှူးဖိနပ်ရောင်၊ ခုံမြင့်ဖိနပ်ရောင်တို့သည် ဝင်းပြက်လျက် ရှိနေသည်။  ရေမွှေးနံ့တို့သည်လည်း သင်းပျံ့ကြိုင်လှိုင်လျက် ရှိနေသည်။

မနက် အိပ်ရာထလျှင် ဗဟိုထမင်းစားခန်းဆောင်သို့ သွားကာ ကော်ဖီနှင့် ပေါင်မုန့်လုံးတခု သွားစားလိုက်သည်။  ရေချိုး ပြင်ဆင်ပြီး ၉ နာရီခွဲ ကျောင်းအမီ နံနက်စာ စားကြသည်။  ဟင်း ၅ ခွက်၊ အချိုပွဲပါ၊ နေ့လယ်တွင် ထမင်းလက်သုပ် သို့မဟုတ် အုန်းနို့ခေါက်ဆွဲ သို့မဟုတ် ပလာတာနှင့်ဆိတ်သားလုံး သို့မဟုတ် ပလာတာနှင့် မလိုင်လုံး။  ညနေ ၃ နာရီခွဲတွင် ကော်ဖီနှင့် ပေါင်မုန့်ယိုသုတ်၊ ထောပတ်သုတ်၊ ညစာ ဟင်းလျာတမျိုး။  ညစာ အချိုပွဲကိုတော့ ကြိုက်ကြပုံရသည်။  ရေခဲမုန့်၊ နှင်းသီး၊ စပျစ်သီးခြောက် မလိုင်မျှော၊ ပြောင်းဖူးကြွတ်ရွ နို့ဆမ်း စသည်တို့ တလှည့်စီ။  ဒါတောင် ကျွန်တော်တို့မှာ မကျေနပ်ကြ။  သထုံဆောင် ဘေးရှိ ကုလားဆိုင်၊ တရုတ်ဆိုင်မှ ဝက်အူချောင်းကြော်၊ ဆိတ်သားကြော်များ မှာစားကြသည်။  အိမ်မှ ငပိကြော် မှာကြသည်။  ဒိန်းမတ်ပြည်မှ ထောပတ် ဝယ်ထားကြသည်။  ကျောင်းကပေးသော ထောပတ်က ညံ့သည်ဟု ယူဆသည်။  ညဘက် အပြင် ထွက်ကာ ဘူးသီးကြော်၊ အာလူးအကျွတ်ကြော် ဝယ်စားကြလေသည်။  ကျောင်းဟင်း ငြီးငွေ့၍ မြို့ထဲ ထွက်ကာ လမ်းဘေးတရုတ်ဆိုင်မှ အခေါက်ကင် တပဲ၊ အသားကင် တပဲ၊ ထမင်း နှစ်ပြား၊ တူနှင့် စားရသည်ကို ကျေနပ်နေ ကြသည်။  ဟင်းအပြောင်းအလဲ သဘောမျိုး။

ခါတိုင်းကဲ့သို့ပင် ဆောင်းလေသည် အင်းလျားကန်မှ ဖြတ်သန်းကာ မရမ်းပင်၊ စိန်ပန်းပင် ရွက်ကြိုရွက်ကြားမှ ပြေးလွှား လာနေသည်။  ကံ့ကော်ပင်များမှာ ပေါက်စ ရှိသေးသည်။  လေမှာ လတ်ဆတ်၍ နှင်းရနံ့ သင်းမြနေပေ  သည်။ ငွေလရောင်သည် ရွှန်းမြလျက် ရှိနေပေသည်။

ယင်းသို့လျှင် သာယာလှပသော နိုဝင်ဘာလကုန်၌ ရေနံမြေ ချောက်မှ သပိတ်မှောက် အလုပ်သမား ၂၀၀၀ ကျော်သည် ရေနံချောင်း မကွေးတို့မှ ဖြတ်သန်းကာ ရန်ကုန်သို့ ချီတက်လာကြသည် ဟူသော သတင်းမှာ စိန်ပန်းပင်ရိပ်သို့ ရိုက်ခတ်လာတော့သည်။

တကယ်တော့ အလုပ်သမားများမှာ ကျွန်တော်တို့နှင့် နီးစပ်ကြသည် မဟုတ်ပေ။  ကျွန်တော်တို့မှာ ငယ်စဉ် ကတည်းက လယ်ယာချောင်းမြောင်း၊ လယ်သမား၊ ကိုင်းသမားများနှင့်ကတော့ နီးစပ်သည်။  သို့သော် စက်ရုံ အလုပ်ရုံတို့မှာ တောနယ်များ၌ သိပ်ရှိလှသည် မဟုတ်။  ကျွန်တော်တို့ ကြီးပြင်းရသော ဖြစ်ဝကျွန်းပေါ်ဒေသ ပတ်ဝန်းကျင်မှာ လယ်ယာ၊ လယ်သမား။  အလုပ်သမားဆို၍ ဆန်စက်များ၌ လုပ်ကိုင်သော စက်အလုပ်သမား၊ စပါးသယ် ကူလီများသာ။  ဆန်စက်များမှာ မြို့အစွန်၌သာ တည်ထားကြသည်။  ကျွန်တော်တို့ နေတာက မြို့လည်ခေါင်၊ တခါတရံသာ ဆန်စက်ဝင်းအတွင်း ရောက်သည်။  ဆန်စက် အလုပ်သမားဘဝကိုတော့  ပြင်ပကသာ တစေ့တစောင်း မြင်ဖူးရုံမျှသာ။

ရေနံမြေမှ အလုပ်သမားများ ချီတက်လာရုံမက လယ်သမားများကလည်း တပ်နှင့်ချီ၍ ပဲခူးဘက်၊ ဝေါဘက်မှ လာကြဦးမည်ဟု တဆင့်သိရသည်။  လယ်သမားတပ်ကြီးကလည်း သောင်းကျော်။  လယ်သမားတပ်ကြီးကို စိတ်ဝင်စားမိသည်။  အလုပ်သမားများကို စိတ်မဝင်စားတာတော့ မဟုတ်။ ဘဝချင်းက ဆက်စပ်မှု မရှိသဖြင့် တကယ့် အလုပ်သမား ရုပ်ပုံမှာ ကျွန်တော့်ဘဝရိပ်ထဲ၌ မထင်ရှားလာသေး။  ထင်ထင်ရှားရှား ပီပီသသ ပေါ်မလာ သေး။

သို့သော် ကျွန်တော်၏ စိတ်ကူးစက်ဝန်းထဲ၌ အလုပ်သမား ရုပ်ပုံသည် ထင်ဟပ်နေပြီ။  မတ်လီနင် ကျမ်းစာအုပ်များ ဖတ်သောအခါ  'အလုပ်သမားလူတန်းစား'  ဟူသော စကားလုံး နောက်ကွယ်မှ အလုပ်သမားရုပ်ပုံကို မှတ်သားနေမိသည်။  အနောက်နိုင်ငံ ဝတ္ထုများထဲမှ အလုပ်သမား ရုပ်ပုံသည် ကျွန်တော်၏ စိတ်ကူးမှန်ရိပ်၌ ထင်နေပြီ။ တကယ့် စက်ရုံ အလုပ်ရုံ အလုပ်သမားကိုကား အကောင်အထည်နှင့် မတွေ့ထိ ရသေး။  စကားမပြောဘူးသေး။

လီနင်၏ မတ်၊ အိန်ဂျယ် မတ်ဝါဒ ကျမ်းစာအုပ်များ ဖတ်သောအခါ အလုပ်သမား လှုပ်ရှားမှုများကို သိရသည်။  ကားလ်မတ်၏ စီးပွါးရေး သဘောတရား၊ အရင်းကျမ်းမှ ဘောဂဗေဒတရားကို ဖတ်ရင်း တန်ဖိုး၊ အစွန်းထွက် တန်ဘိုး၊ လူသုံးကုန်ပစ္စည်း စသည်များကို သိရသည်။  စိတ်ဝင်စားလာ၍ ခဲတန်နီဖြင့် အသုံးတန်ဖိုး၊ လဲလှယ်တန်ဖိုး စသော အသစ်တွေ့ရှိသော ဝေါဟာရများကို မျဉ်းသားမိသည်။  သူတို့ ရေးသားထားတာက ဥရောပက အနောက်နိုင်ငံ အရင်းရှင်စနစ် ဖြစ်ပေါ် တိုးတက်လာပုံ အကြောင်း။  စာအုပ်ထဲမှ တွေ့ရသော အရာများ၊ စာအုပ်မှ တွေ့ရသော အလုပ်သမားများ၊ အရင်းရှင်များ။ အားလုံး ကျွန်တော့်အဖို့ အသစ်အဆန်းချည်း ဖြစ်နေသည်။  စိတ်ကူးဖြင့်သာ ပုံဖော်ယူရသည်။

ရှယ်လီ၏ ကဗျာဖတ်ရတော့ တမျိုး၊ သည်လိုမဟုတ်။  ကားလ်မတ်၊ လီနင်တို့၏ ကျမ်းစာအုပ်များနှင့် မတူ။

နှင်းဆီပွင့်ကြွေကျပြီးနောက်
နှင်းဆီရွက်များက
ချစ်သူ့အိပ်ရာထက်၌
စုပုံလျက်ပါတကား။

ကျွန်တော် ခံစား၍ရသည်။  နှင်းဆီမှာ ကျွန်တော်၏ စိတ်ကူးထဲမှ ပန်းပွင့်မဟုတ်။  ကျွန်တော် ငယ်စဉ် ကတည်းက ရင်းနှီးခဲ့သော နှင်းဆီ၊ ဘာသာစကား ခြားနားသော်လည်း နှင်းဆီကို ကျွန်တော်သိသည်။  နှင်းဆီအနီကို ခံစားသည်။  နှင်းဆီရနံ့ကို ခံစားသည်။  နှင်းဆီ၏ အာရုံအားလုံးကို ကျွန်တော် ခံစား၍ ရသည်။  နှင်းဆီသည် ကျွန်တော်၏ ဘဝ၌ တကယ်ရှိသည်။  နှင်းဆီသည် အမှန်တရား။

ဝေါလတာဒီလာမဲယား၏ ကဗျာတပုဒ်၌ -
ဒီမှာ ဘယ်သူရှိလဲဟု
ခရီးသည်က
လရောင်ရွှန်းပြက်တံခါးကို
ခေါက်ကာမေးလိုက်သည်။

ဟု စ, ထားပြီး လရောင်၏ တိတ်ဆိတ်ခြင်း မှောင်သော လှေကားမှ လရောင် ဖျော့ဖျော့များ ဖွဲ့ထားသည်။  ကျွန်တော် ခံစား၍ ရသည်။  ကျွန်တော်တို့ ဆီမှာလည်း သည်လရောင် ရှိသည်။  ဥရောပမှာသာ မဟုတ်။  လရောင်ကို ကျွန်တော် ခံစားသည်။  လရောင်၏ အမှန်တရားကို ကျွန်တော် သိပေသည်။

မတ်လီနင် ကျမ်းစာအုပ်များထဲမှ ရရှိသော အလုပ်သမား ရုပ်ပုံကိုကား ကျွန်တော်၏ စိတ်ကူးထဲတွင်သာ တွေ့ထားသည်။  အမှန်တရား မဟုတ်သေး။  ယခု ရေနံမြေ အလုပ်သမားများ ချီတက်လာသည် ဆိုသောအခါ ကျွန်တော်သည် စိတ်ဝင်စားလာသည်။  အမှန်တရားကို တကယ် တွေ့ထိရတော့မည်။

မကွေး၌ အလုပ်သမားတပ်ကြီးသည် ရပ်တန့်နေတော့သည်။  မကွေးရာဇဝတ်ဝန်က ပုဒ်မ ၁၄၄ ထုတ်ကာ ဆက်၍ မသွားရန် တားမြစ်ထား၍ ရပ်တန့်နေခြင်း ဖြစ်သည်။

သည်တော့ ကျွန်တော်တို့မှာ မနေနိုင်တော့။  သတင်းစာ စောင့်ဖတ်နေရသည်။  ကိုဗဟိန်းကို မေးရသည်။  သူတို့လည်း အလုပ် ရှုပ်နေကြတော့သည်။  ဒို့ဗမာ အစည်းအရုံး သွားရသည်။  ကြေးနန်းသတင်းကို ထောက်လှမ်း ရသည်။  သတင်းစာများတွင်လည်း ရေနံမြေ အလုပ်သမားတပ်ကြီး၏ အခြေအနေကို နေ့စဉ်ပင် ဖော်ပြကြသည်။  အလုပ်သမားတပ်ကြီးမှာ ရှေ့သို့ ဆက်မချီတက်နိုင်တော့။  ခေါင်းဆောင်များကို ဖမ်းသည်။  ပုလိပ်နှင့် မြင်းစီးစစ် ပုလိပ်များက ရှေ့က တားဆီးထားသည်။  ပုဒ်မ ၁၄၄ ထုတ်ပြန်ထား၍ လူစုလူဝေးနှင့် စီတန်းလှည့်လည်ခြင်း မပြုရ။  သပိတ်တပ်ကြီးမှာ ချမ်းအေးလှသော အညာဆောင်းတွင်း၌ အနွေးထည် လုံလောက်အောင် မပါဘဲ မြေကြီးပေါ်၌ အိပ်ကြရသည်။  သွပ်မိုးတန်ဆောင်ကြီးထဲ၌ တချို့။  ငပိကြော် ဟင်းတခွက်၊ တခါတရံ တနပ်။  ကုလား အလုပ်သမားကတော့ ပဲဟင်းတခွက်၊ အလုပ်သမားတပ်ကြီး သည် မကွေး၌ တပတ်ခန့် ကြာနေပေပြီ။

ကျွန်တော်တို့မှာ စိတ်ထိခိုက်နေမိသည်။

ကျွန်တော် ဖတ်နေဆဲ စာအုပ်၏ 'နိုင်ငံတော်နှင့်တော်လှန်ရေး' စာအုပ် ကောက်နှုတ်ချက် အခန်းမှ 'အရင်းရှင်ဒီမိုကရေစီ' ဟူသော သဘောတရားကို သွား၍ ဆုပ်မိသည်။  အလုပ်သမားကို ချုပ်ချယ် ဖိနှိပ်ထားခြင်း များသည် ဒက်ခနဲ ပေါ်လာကာ အရင်းရှင်ဒီမိုကရေစီ ဟူသော စကားနှင့် သွားဟပ်သည်။  အား. ဟုတ်သား ပါကလား။  လီနင်က မတ်၏ တော်လှန်ရေး အသွင်ကူးပြောင်းခြင်းတရားကို ရှင်းပြထားသည်။  လီနင်က "ဘာမှ အရေးမကြီးသော လူနည်းစုအတွက် ဒီမိုကရေစီ၊ ချမ်းသာသူ ဓနပေါသူများအတွက် ဒီမိုကရေစီ။  သည်ဟာသည် အရင်းရှင် လူ့အဖွဲ့အစည်းအတွက် ဒီမိုကရေစီ" ဟု ဖော်ပြထားသည်။

ဟုတ်သားပဲ။  ရေနံကုမ္ပဏီ ဓနရှင်တွေကို ကာကွယ်ပေးထားတဲ့၊ လူနည်းစုကို ကာကွယ်ပေးထားတဲ့ ဒီမိုကရေစီပဲ။  အင်္ဂလိပ် ဓနရှင် အစိုးရ။  သူတို့ ဒီမိုကရေစီပဲ မဟုတ်လား။  ထိုအခါက ဤစာပိုဒ်ကလေးကို ခဲတံနီဖြင့် ဘေးက မျဉ်းသားထားခဲ့သည်။  ယခုတော့ အနှစ် (၄၀) ခန့်ပင် ရှိပြီ ဖြစ်၍ အနီရောင်မှာ ဖျော့နေပါပြီ။

အလုပ်သမားတို့၏ နစ်နာချက် တောင်းဆိုချက်များကို ပြန်၍ ဖတ်ကြည့်သည်။  ဟုတ်သားပဲ။  သူတို့တောင်းတာ တရားတာပဲ။  ခဲတံနီဖြင့် မျဉ်းသားထားတာ တပိုဒ် ရှိသေးသည်။  "လွတ်မြောက်ရေးအတွက် ဆင်းရဲသားတို့သည် ဓနရှင်ကို ဖြုတ်ချပစ်ရမည်။  နိုင်ငံရေးအာဏာကို အောင်ပွဲ အရယူရမည်။  ထို့နောက် မိမိတို့၏ တော်လှန်ရေး အုပ်စိုးမှုစနစ်ကို တည်ထောင်ရမည်"  ထိုအခါကတော့ မြန်မာနိုင်ငံရေး ဝေါဟာရ စကားများပင် ပီပီသသ မရှိသေး။

'ဆင်းရဲသား' ဟူသော စကားကတော့ အသုံးများသည်။  နောက် 'ပစ္စည်းမဲ့' ဟု ဘာသာပြန် သုံးကြသည်။  'အုပ်စိုးမှု' ကိုတော့ နောက် 'အာဏာရှင်စနစ်' ဟု သုံးကြသည်။  တိုက်ရိုက် ဘာသာပြန် သုံးခြင်း ဖြစ်သည်။  စကားအဟန့်ကတော့ ကောင်းသည်။  လက်တင် မူလစကားလုံး အမိန့်ဟူသော သဘောမှ ဆင်းသက်လာသည်။  သတ်ပုံ လေ့ကျင့်ခန်းစာ ခေါ်သော အဓိပ္ပါယ်က မူလစကား။  အာဏာရှင်ဆိုတာကတော့ အဓိပ္ပါယ် မကောင်း။  တယောက်တည်း မင်းဧကရာဇ်ကဲ့သို့ ထင်ရာလုပ်သူကို ခေါ်သည့် စကားလုံး။  အာဏာရှင် ဟစ်တလာ။  ဘာသာပြန် ဝေါဟာရ စကားလုံးများကြောင့် မြန်မာစာ သက်သက် စာဖတ်သူများ အဓိပ္ပါယ်အမျိုးမျိုး ကောက်ယူနားလည်ပုံကို နောင် တွေ့ရသည်။

အလုပ်သမားတွေ အင်္ဂလိပ် ဓနရှင် အစိုးရ၏ ချုပ်ချယ်ဖိနှိပ်မှုမှ လွတ်မြောက်ရေး။  သို့မဟုတ် အမျိုးသား လွတ်လပ်ရေး။ လွတ်လပ်ရေး ရအောင်တော့ ဓနရှင် အစိုးရကို ဖြုတ်ချရမည် မဟုတ်ပါလား။  ကျောင်းသားများ လည်း အင်္ဂလိပ်ဓနရှင် လက်အောက်ခံ။  ဘဝတူ၊ ကျောင်းသားများနှင့် အလုပ်သမားများ ဘဝတူ။  ကျွန်တော်တို့ သည် မကွေး၌ အဆင်းရဲခံနေကြသော အဖိနှိပ် အချုပ်ချယ် ခံနေရသော ရေနံမြေ အလုပ်သမားများ အကြောင်း ကြားရင်း ခံစားလာမိကြသည်။  တကယ်တော့ ခံစားမှု၏ အစနိဒါန်းမျှသာ။  လူမှုလက်တွေ့ မဟုတ်သေးသော် လည်း စိတ်ဓာတ်ရေးရာအားဖြင့် ဆက်စပ်သော ခံစားမှု ဓေဒနာပင် ဖြစ်ပေသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂနှင့် တက္ကသိုလ်သမဂ္ဂ ဥက္ကဌ ကိုဗဟိန်း နှင့် အတွင်းရေးမှူး ကိုဗဆွေတို့သည် ရေနံချောင်း ကျောင်း ကိစ္စဖြင့် ရေနံချောင်းသို့ သွားကြသည်။  လမ်း၌ မကွေးတွင် အလုပ်သမားတပ်ကြီးနှင့်တွေ့ရာ အလုပ်သမားများ၏ နေရပုံကို ခံစားကာ မနေနိုင်တော့ဘဲ ကိုဗဟိန်းက သပိတ်စခန်းများက အလုပ်သမားများအား အားပေးစကား ပြောကြားသည်။  ကိုဗဟိန်း တရားဟောအပြီး မကွေးရာဇဝတ်ဝန်က ဖမ်းလိုက်သည်။  တရားပင် မဟောရသေးသော ကိုဗဆွေလည်း အဖမ်းခံရသည်။

ကိုဗဟိန်းက သူ၏ နိဂုံးတွင် "မြင်းခွါတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေ့မယ်" ဟု နယ်ချဲ့ အင်္ဂလိပ် အစိုးရအား ကြုံးဝါးလိုက်သည်။  ရာဇဝင်တွင်သော ကိုဗဟိန်း၏ စကားရပ်။  ကျွန်တော်တို့မှာ ကြက်သီးမွေးညှင်း ထသွားကြသည်။  မနီးမဝေး၌ကား အလုပ်သမား တပ်ကြီးကို တားဆီးထားသော မြင်းစီးပုလိပ်တပ်နှင့် တုတ်ကိုင် ပုလိပ်များ။  နိုဝင်ဘာ ၁၁ ရက်၊ ၁၉၃၈။  ကိုဗဟိန်း၏ စကားလုံးများသည် တပြည်လုံး ပဲ့တင်ထပ်သွားသည်။

အိန်ဂျယ်၏ 'ဟောစာတမ်း' ကို သွားအမှတ်ရလိုက်မိသည်။  စကားလုံးကတော့ စိတ်ကူးယဉ်ဆန်သော စကားလုံး။  ရသပါသော စကားလုံး။  ၁၈၈၇ က သုံးသော စကားလုံးများ။  "လမ်းဘေး လူသွားစင်္ကြံပေါ်၌ သရဖူများ လိမ့်နေ ကြသည်။  ဘယ်သူမှ မကောက်ကြတဲ့။  နောက်ဆုံး အောင်ပွဲကတော့ အလုပ်သမား လူတန်းစား "  တဲ့။


ကိုဗဟိန်း၏ စကားလုံးကလည်း လှပပါသည်။  မြန်မာပြည်ထဲရောက်နေသော၊ ယခု မကွေး၌ ပျံဝဲဝင်းလက် နေသော စိန်စီ မြစီ အင်္ဂလိပ်သရဖူကို လမ်းဘေး ဖုတ်တောထဲ ရောက်အောင် လုပ်ရမှာပါကလား။  ကျွန်တော်တို့၏ ခံစားမှုသည် ပေါက်ကွဲလာကြတော့သည်။

Saturday, August 30, 2014

စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ

ပန်းနုရောင်နှစ်ကာလများ
စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ
စာမျက်နှာ [၇၆ - ၈၂]



စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ (၁)

(၁၇)

အတိတ်မှ မှန်ရိပ်များသည် တဖျတ်ဖျတ် ပေါ်လာကြသည်။  နှင်းများ ကွဲလာပြီ။  နှင်းကမ္ဘာထဲမှ အရိပ်များ ရေးရေးပေါ်လာပြန်သည်။  သမဂ္ဂစာရေး ကိုဇင်၏ လက်နှိပ်စက် ရိုက်သံမှာ တဘက်ကမ်းစပ်မှ လှိုင်းပုတ်သံမျှသာ။  ကျွန်တော့်အား ၁၉၃၉ - ၄၀ နှစ် တက္ကသိုလ်သမဂ္ဂ အမှုဆောင်အဖွဲ့ဝင် ဖြစ်အောင် လုပ်ကြသော ကိုဗဟိန်း၊ ကိုလှရွှေ စသူများ၏ စကားသံ ရယ်သံများသည် ဝေးလံသော အရပ်ဒေသက အသံမျှသာ။  မကြားတချက်၊ ကြားတချက်။  ကြားသော်လည်း စကားလုံးများမှာ မသဲကွဲ။  မပီသ၊ အဓိပ္ပါယ်မပေါ်။  ကျွန်တော့်အတင်း ပြောနေတာလည်း ဖြစ်ချင် ဖြစ်မည်။  နှင်းများ ပြန်၍ ဝေလာပြန်သည်။  အသံအားလုံး သဲ့သဲ့ ကြားနေရာမှ နောက် လုံးဝမကြားရတော့။  နီရဲသော မှန်တချပ် လာ၍ ထင်နေသည်။  စိမ်းသော၊ ပြာလဲ့သော၊ ခိုရောင်နုသော မှန်ကားများအပေါ် လွှမ်းကာ နီရဲတောက်ပသော မှန်ကားတချပ်။  အားလုံးသော မှန်ရိပ်များကို ကန့်လန့်ဖြတ်ကာ ပေါ်လွင်ထင်ရှားနေသော မှန်ရိပ်။

++++++++++++                                    ++++++++++++++                                +++++++++++++++

သည်နှစ်၊ အရင်နှစ် ၁၉၃၈ နှစ်ကာလမှာ သက်တမ်း ဘာမျှ မရှိသော်လည်း ပတ်ဝန်းကျင်သစ်၏ ရိုက်ခတ်မှုမှာ မသေးငယ်လှ၊ ပထမ ပညာသင်နှစ်ကာလ၌ ကုလား - ဗမာ အဓိကရုဏ်း၏ ရိုက်ခတ်မှုကြောင့် စိတ်လှုပ်ရှားခဲ့ရသည်။  လူအများ၏ သဘာဝကို ကိုယ်တိုင် တွေ့ကြုံခဲ့ရသည်။  စိတ်လှုပ်ရှားမှု စတုန်းကတော့ တယောက်။  သို့သော် တယောက်က အစ တရာ၊ တထောင်၊ သိန်း သောင်းလည်း ပွါးလာနိုင်သည်။  ရင်ထဲကတော့ ခံစားနေကြသည်။  သို့သော် တယောက်က စ, ကာ ဖွင့်ဟလိုက် သောအခါ ခံစားမှု တူသူများ ထကြွ နိုးကြားလာသည်။  ခံစားမှုများ စုပေါင်းကာ အင်အား ဖြစ်လာသည်။  အင်အား ဖြစ်လာသောအခါ အရည်အချင်းသစ် အဖြစ် လူထုလှုပ်ရှားမှု ဖြစ်ပေါ် တိုးတက်လာခြင်း ဖြစ်သည်။  'လှုံ့ဆော်မှု' ဟူသော စကားလုံးကို ရာဇဝတ်မှုခင်းဆိုင်ရာ မှတ်တမ်းရေးသူ အရာရှိများက သုံးနှုန်းတတ်ကြသည်။  ဂါတ်တဲရှိ စာရေး စားပွဲ၌ ထိုင်ကာ မှတ်ချက်ချသော စကားလုံး ဖြစ်သည်။  တကယ်ကတော့ လှုံ့ဆောင်မှုသည် ဘာမှ မဟုတ်။  တကယ့်ဖြစ်ရပ် အကြောင်းအရာကသာလျှင် အခြေခံ ဖြစ်ပေသည်။  လှုံ့ဆော်မှုသည် အကြောင်းရင်း မဟုတ်ပေ။  သို့သော် မှုခင်းဆိုင်ရာ ရာဇဝတ်အုပ်တို့က သူ၏ အစီရင်ခံစာ၌ လှုံ့ဆော်သူကို တရားခံအဖြစ် တွေ့ရှိ မှတ်တမ်းတင်ထားခြင်း ဖြစ်ပေသည်။  လှုံ့ဆော်မှုသည် မီးပွါးကလေးမျှသာ။  သေးငယ်လှသည်။  ရေခဲတုံးပေါ်၌ မီးပွါးကျလို့ကတော့ ဘာမျှမဖြစ်။  သို့သော မီးကျီးခဲကို ပြာက ဖုံးနေသည်။  မီးပွါးကျလိုက်သောအခါ ဟုန်းကနဲ ထတောက်ခြင်း ဖြစ်သည်။

၁၉၃၈ နှစ် ဒုတိယနှစ်ဝက် သီတင်းကျွတ် ကျောင်းပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်သောအခါ ခါတိုင်းလိုပင်။  ဘာမျှ ထူးခြားမှု မရှိသေး။  သို့သော် သမဂ္ဂမှာ အမှုဆောင် ပြောင်းလဲမှု နည်းနည်းပါးပါး ရှိသည်။  ဥက္ကဌ ကိုအောင်ဆန်းမှာ ဒို့ဗမာအစည်းအရုံးသို့ ဝင်သွားသည်။  သူသည် နိုင်ငံရေးကို လုံးလုံးလျားလျား လုပ်တော့မည်ဟု ဆုံးဖြတ်လိုက်ဟန် တူသည်။  ဒို့ဗမာအစည်းအရုံမှာ လွတ်လပ်ရေးအတွက် တိုက်နေသော နယ်ချဲ့ ဆန့်ကျင်ရေး တပ်ဦးဖြစ်နေပေပြီ။

၁၉၃၆ ကျောင်းသားသပိတ်မှ မွေးဖွါးသော ကျောင်းသားခေါင်းဆောင်များသည် ဒို့ဗမာအစည်းအရုံးသို့ ဝင်သွားကြသည်။  သခင်နု၊ သခင်လှဖေ(ဗိုလ်လက်ျာ)၊ မတ်လီနင်ဝါဒ ကျမ်းစာအုပ်များ ဖတ်ရှုလေ့လာသူ လူငယ်များသည် သခင်ဖြစ်သွားကြသည်။  သခင်စိုး၊ သခင်သန်းထွန်း။

ကိုအောင်ဆန်းထွက်သွားသောအခါ သမဂ္ဂဥက္ကဌမှာ အတွင်းရေးမှူးလုပ်နေသော ကိုဗဟိန်း ဖြစ်လာသည်။  ကိုဗဟိန်းမှာနောက်ဆုံးနှစ် ဘီအေတန်းတွင် ကျောင်းတက်လျက် ရှိနေသည်။  သူ၏ အတွင်းရေးမှူးနေရာကို ဥပဒေတန်းတက်နေသော ကိုအေးကျော်က ယူလိုက်သည်။  ကိုဗဟိန်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသမဂ္ဂ တွင်လည်း တွဲ၍ ဥက္ကဌ လုပ်ရတော့သည်။  ယင်း ဗကသ၏ အတွင်းရေးမှူးမှာ ကိုဗဆွေ၊ ယင်းသို့ ဒုတိယနှစ်ဝက် တွင် ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းများ၌ နေရာ အပြောင်းအလဲများ ဖြစ်သည်။  မနှစ်က ၁၉၃၇ - ၃၈ က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂနှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ဥက္ကဌနေရာများကို တယောက်တည်းက တွဲ၍ တာဝန်မယူရ။  ထိုကြောင့်ပင် ကိုအောင်ဆန်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကိုသာ တာဝန်ယူပြီး တက္ကသိုလ် သမဂ္ဂတွင် ဥက္ကဌ မလုပ်ခဲ့ရ။

၁၉၃၈ - ၃၉ တွင်ကား ယင်းသို့ မဟုတ်တော့။  တွဲ၍ တာဝန်ယူရန် သဘောပေါက်လာကြသည်။  မူလ သူတို့၏ ဆုံးဖြတ်ချက်များကို ပြောင်းလဲ ပြင်ဆင်ကြသည်။  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၌ ဌာနချုပ် နေရာမရှိ။ သို့ ဖြစ်ရာ တက္ကသိုလ်သမဂ္ဂ ဥက္ကဌ နေရာနှင့်ပါ တွဲတာဝန်ယူမှ ဖြစ်မည်ဟုဆိုကာ ပြင်ဆင်ကြခြင်း ဖြစ်သည်ဟု သိရသည်။

နိုဝင်ဘာလတွင်ကား စိတ်လှုပ်ရှားဖွယ်ရာ အလုပ်သမားသပိတ် မှောက် သတင်းများ ကြားလာရသည်။ ရေနံမြေမှ အလုပ်သမား သပိတ်မှောက်အကြောင်းများ သတင်းစာတွင် ဖတ်လာရသည်။  သပိတ်ကတော့ ချောက်မြို့ ဘီအိုစီ ရေနံကုမ္ပဏီမှ စတင်ခြင်း ဖြစ်သည်။  ၁၉၃၈ နှစ်စ ကတည်းက ဖြစ်သည်။  ဘီအိုစီ ကုမ္ပဏီ အလုပ်သမားများက စတင်သော်လည်း အခြားသော အိုင်၊ ဘီ၊ ပီ၊ အင်၊ အို၊ စီ စသော ကုမ္ပဏီအလုပ်သမား များကလည်း ဘဝတူ အလုပ်သမားများ အတွက် ထောက်ခံသော အားဖြင့် သပိတ်မှောက်ကြသည်။  လမ်းရွာ၊ စဥ့်ကူး၊ ရေနံကျပ်၊ ရေနံချောင်း စသော ရေနံမြေများသို့ ကူးစက်သွားသည်။

၁၉၃၈ ပထမနှစ်ဝက်တွင် ကုလား - ဗမာ အဓိကရုဏ်းကြောင့် အလုပ်သမား သပိတ်အရေးမှာ မြုပ်သလို ဖြစ်နေသည်။  ကျွန်တော်တို့ ကျောင်းသားများအဖို့ ကုလား - ဗမာ အဓိကရုဏ်း အရေးအခင်းက ရိုက်ခတ်မှု ပြင်းနေသည်။  ရေနံမြေ အလုပ်သမား အရေးမှာ မှိန်နေခဲ့သည်။  သို့သော် နိုဝင်ဘာလတွင်တော့ မီးလျှံသည် တောက်လာပြန်သည်။

ရေနံမြေ အလုပ်သမားများ၏ နစ်နာချက် တောင်းဆိုသံများကို သတင်းစာများတွင် ရံဖန်ရံခါ ဖတ်ကြရသည်။  သို့သော် ခံစားမှုက သိတ်မပြင်းသေး။  ရေနံကုမ္ပဏီ အလုပ်ရှင်များက အလုပ်သမားများကို ဖိနှိပ်သည်။  ချုပ်ချယ်သည်ဟုသာ သာမန် နားလည်မိသည်။

ထိုအခါ ကျွန်တော်သည် လက်ဝဲ စာအုပ်များကို ဖတ်စပြုနေပြီ။  လီနင် ရေးသော မတ်၊ အိန်ဂျယ်၊ မတ်ဝါဒ စာအုပ်များကို ဝယ်ဖတ်လိုက်သည်။  ပထမဆုံး ဖတ်သော စာအုပ်။  ထို့နောက် စာအုပ်ငယ်များ ဖတ်ရသည်။  ယင်း စာအုပ်များ ဖတ်ပြီး 'ဘုံဝါဒနှင့်စစ်မက်ရေး' အမည်ဖြင့် ဒဂုန်မဂ္ဂဇင်း (အောက်တိုဘာ ၁၉၃၈) ၌ ဆောင်းပါးတပုဒ် ရေးလိုက်သည်။  တကယ်ကတော့ စာဖတ်ပညာ လေ့ကျင့်ခန်း တမျိုးပင် ဖြစ်သည်။  ကိုယ်ကာယ လေ့ကျင့်ခန်းကဲ့သို့ပင်။  ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်မှသာ ကြွက်သားများ မာကျစ်လာမည်။  သန်စွမ်းလာမည်။  စာဖတ်ပြီး မိမိဖတ်ပြီးသမျှ အခြား အလားတူ ဖတ်သူနှင့် ဆွေးနွေး သို့မဟုတ်က ဖတ်ပြီးသား အကြောင်းအရာများကို အကျဉ်းချုပ်ကာ ပြန်လည် ရေးသားခြင်းမျိုး။  သို့မဟုတ်က အနှစ်သာရများကို ထုတ်နှုတ်၍ မှတ်စုချုပ်ကာ ရေးသားခြင်းမျိုး။  ယင်းကို စာဖတ်ပညာ လေ့ကျင့်ခန်းဟု ခေါ်နိုင်သည်။

သဘောတရား စာအုပ်များ ဖတ်သောအခါ အခြားစာအုပ်များ ဖတ်တာနှင့် မတူ။  မသိသေးသော စကားလုံးများကို အဘိဓာန်၌ ရှာဖွေရုံနှင့် နားလည်သည်မဟုတ်။  အဘိဓာန်မှာ စကားလုံး၏ အဓိပ္ပါယ်ကိုသာ ပြောပြမည်။  ရှင်းပြမည်။  သို့သော် လက်တွေ့ အဓိပ္ပါယ်ကို ဖော်ပြခြင်း မရှိ။  လက်တွေ့ အဓိပ္ပါယ် ဆိုသည်မှာ မိမိကိုယ်တိုင် တွေ့ကြုံခံစားကာ သိရှိနားလည်သော အဓိပ္ပါယ် ဖြစ်သည်။  မိမိမသိသော စကားလုံးကို အဘိဓာန်တွင် ရှာဖွေကြည့်ရှုသောအခါ နားလည်ခြင်းမှာ တကယ်နားလည်ခြင်း မဟုတ်သေး။ သိသလိုလို။  နားလည်သလိုလို ရှိခြင်းပင် ဖြစ်သည်။  တကယ် သဘောပေါက်ခြင်း မဟုတ်သေး။  သို့မဟုတ် စကားလုံး၏ အဓိပ္ပါယ် တဝက်တပျက်ကို နားလည်ခြင်းသာ ဖြစ်သည်။  အပြည့်အစုံ ကုန်စင်အောင် နားလည်ခြင်း မဟုတ်ပေ။  ဥပမာ လူမျိုးရေး ပြသနာ ဟူသော စကားလုံး။  တကယ်တော့ အဘိဓာန်ပင် လှန်ကြည့်စရာ မလိုသော စကားလုံး။  သို့သော် မြန်မာမှအပ အခြားလူမျိုးများ၊ အမျိုးသားများနှင့် ပေါင်းသင်းဆက်ဆံကာ တွေ့ထိပြီးမှ ရေးရေးမျှ သိလာရသည်။  ကျွန်တော်ဆိုလျှင် ရှမ်းပြည်ရောက်ဖူးသွားပြီးမှ လူမျိုးရေးဟူသော စကားလုံး၏ အစတစကို ဖမ်းမိရုံ ရှိခဲ့သည်ကို တွေ့ရသည်။  ထိမိရုံဟုဆိုလျှင် ပိုမှန်သည်။  တကယ်တော့ ရေးရေးယောင်ယောင် မျှသာ။  'လူမျိုး' ဟူသော စကားလုံး၏ အဓိပ္ပါယ်ဖွင့်ဆိုပုံမှာပင် ကျယ်ဝန်းနက်နဲ လှပေသည်။

လီနင်ရေးသော 'မတ်ဝါဒနှင့် ပရောက်ဒွန်ဝါဒတို့၏ လူမျိုးရေးပြသနာပေါ် သဘောထား'  ဟူသော ဆောင်းပါးကို ဖတ်မိသည်။  သဒ္ဒါကို နားလည်ပါ၏။  စကားလုံးများ၏ တခုချင်း အဓိပ္ပါယ်ကိုလည်း နားလည်ပါ၏။ သို့သော် သဘောတရားကို နားမလည်ဟု ဆိုချင်ပါသည်။  လူမျိုးရေးနှင့် ပါတ်သက်၍ ကျွန်တော့်တွင် ထိတွေ့မှု မရှိခဲ့ပေ။ ထို့ကြောင့်ပင် ထိုဆောင်းပါးကို ဖတ်ပြီး ခဲတံနီဖြင့် မျဉ်းသားထားခြင်းပင် မပြုခဲ့ပေ။  မျဉ်းသားလျှင် စာအုပ်က နည်းနည်းတော့ ဖမ်းထားပြီဟု ကိုယ့်ကိုယ်ကို သတိထားမိပြီ။  စာဖတ်ရာ၌ ဘယ်အပိုဒ် ဘယ်သဘောတရားကို နားမလည်သေးပါကလားဟု နားလည်အောင် ပထမ ကြိုးစားရသည်။  မိမိ တကယ် နားလည် မလည်ကို ခွဲခြားသိရှိပြီးမှသာ ရှေဆက် ဖတ်၍ ရပေသည်။  စစ်အတွင်း ဂျပန်ခေတ်က ကရင်လူမျိုးများနှင့် ထိတွေ့မိသည်။  သူတို့၏ ခံစားမှုကို ကြားသိရသည်။  ထိုအခါ 'လူမျိုးရေး' ဟူသော အဓိပ္ပါယ်ကို တဆင့်ပို၍ နားလည် သိရှိလာရသည်။  ထိုအခါ လူမျိုးရေး ဆောင်းပါးကို ပြန်၍ ဖတ်ရသည်။  စဉ်းစားတွေးခေါ် ကြည့်ရသည်။  ရေးရေး ပေါ်လာပြီ။  စာဖတ်ခြင်းနှင့် လူမှုလက်တွေ့မှာ မဆက်စပ်၍ မရ။  မဆက်စပ်လျှင် စာကို နားမလည်။

'ကိုလိုနီစနစ်' ဟူသော စကားလုံး။  ထိုအခါက ကျွတော်သည် အသင့်အတင့် နားလည်သည်ဟု ဆိုနိုင်ပေသည်။  ကျွန်တော်သည် အင်္ဂလိပ် လက်အောက်ခံဘဝ၌ နေထိုင်လျက်ရှိရာ ယင်းလက်တွေ့ဘဝက ကိုလိုနီစနစ်ဟူသော စကားလုံးကို နားလည်အောင် သင်ကြးပေးလျက် ရှိသည် မဟုတ်ပါလား။

ယင်း နိုင်ငံရေး သဘောတရား စာအုပ်များ ဖတ်ရှုခြင်းနှင့် အခြား စာများ ဖတ်ရှုခြင်းမတူ။  ထိုအခါက ကျောင်း၌ ရှိတ်စပီးယား၏  'ဂျူးလိယက်ဆီဇာ' ပြဇာတ်သင်ရသည်။  သင်ကြားပို့ချသူမှာ ပါမောက္ခ ရုတ်။  ရှိတ်စပိယား၏ ပြဇာတ်များ ဖတ်သောအခါ မသိသော စကားလုံးများ အတော်များပါသည်။  အတန်းထဲတွင် ဆရာရှင်းပြတာနှင့် မလုံလောက်။  အခန်းသို့ ပြန်ရောက်သောအခါ အဘိဓာန်ကို အကူအညီ ယူရသည်။  စကားလုံးများ၏ အဓိပ္ပါယ်ကို ရှာတွေ့သည်။  အဘိဓာန်တခုနှင့် မလုံလောက်သေးလျှင် နောက်အဘိဓာန်တခု၌ ရှာနိုင်သေးသည်။  တိတိကျကျ ဇစ်ဇစ်မြစ်မြစ် ဂဃနဏ သိလိုသေးလျှင်လည်း ရှိတ်စပိယား၏ အရေးအသားနှင့် ပတ်သက်သော လမ်းညွှန်များ၊ အဘိဓာန်များ၌ ရှာဖွေနိုင်သည်။

ရှိတ်စပိယား၏ ပြဇာတ်များမှာ ရသစာပေဖြစ်၍ လူသားတို့၏ ခံစားမှု ဝေဒနာကို ဖွဲ့နွဲ့ထားသည်။  တောတောင် ရေမြေ၊ သစ်ပင် ပန်းမန်၊ ကြယ်၊ လ၊ နေ စသော ရုပ်ကမ္ဘာကြီး၏ အလှအပကို ဖွဲ့နွဲ့ထားသည်။  ယင်းဖွဲ့နွဲ့မှု စကားလုံးများမှာ ကျနစွာ ဖတ်လျှင် နားမလည်စရာ မရှိတော့။  လူသားတို့၏ ရသခံစားပုံကို ရေးထားသော စာပေကို လူက ဖတ်ခြင်း ဖြစ်၍ လူက ခံစား ဖတ်နိုင်သည်။  ခံစားမှု အတိုင်းအတာသာ ခြားနားသည်။  နိုင်ငံရေး သဘောတရား ကျမ်းစာအုပ်များကျတော့ သည်လိုမဟုတ်။

ထိုအခါက အရင်းရှင်တော်လှန်ရေး၊ လူထုလှုပ်ရှားမှု စသော ယနေ့ခေတ် လူသုံးများနေသော မြန်မာစကားလုံး ဝေါဟာရများပင် ပီပီသသ မပေါ်သေး။  ဓနရှင် ဟူသော အသုံးအနှုန်းက တွင်ကျယ်နေသည်။  တော်လှန်ရေး သို့မဟုတ် လူထုအုံကြွမှု၊ လူထုလှုပ်ရှားမှုနှင့် အဓိပ္ပါယ်တူသော အရေးတော်ပုံ ဟူသော စကားလုံးက ခေတ်စားခါစ ဖြစ်သည်။  လူမျိုးရေး၊ လူမှုရေး ပြသနာ ဟူသော စကားလုံးလည်း ထို့အတူ။  မပီသသေး။  မပေါ်ပေါက်သေး။  ကျွန်တော်တို့မှာ အင်္ဂလိပ်စာအုပ်များ ဖတ်ရင်း လေ့လာသိရှိနေကြသည်။  မျိုးချစ်စိတ်ဟူသော စကားလုံးနှင့် အတွေးအခေါ်က ခေတ်စားနေခဲ့သည်။

မျိုးချစ်စိတ် ဟူသည်မှာ မိမိအမျိုးသားကို ချစ်ခြင်းဟူသော အဓိပ္ပါယ်။  တခြားလူမျိုးများကို မချစ်ရဟူသော နောက်ဆက်တွဲ ယှဉ်တွဲ အဓိပ္ပါယ်ကလည်း မသိမသာ သက်ရောက်နေသည်။  ပထမနှစ်ဝက်က တွေ့ကြုံလိုက်ရ သော ကုလား - ဗမာ အဓိကရုဏ်းက မျိုးချစ်စိတ်ဟူသော စိတ်ဓါတ်ကို ပီသ လေးနက်လာစေသည်။  ထို့အပြင် နိုင်ငံခြားသား အင်္ဂလိပ်အစိုးရလက်မှ လွတ်မြောက်လိုသော လွတ်လပ်ရေးစိတ် (ဝါ) အမျိုးသားလွတ်လပ်ရေး စိတ်ကလည်း မျိုးချစ်စိတ်ဟူသော အသိကို အားကောင်း လာစေသည်။  အမျိုးသား လွတ်လပ်ရေး စိတ်နှင့် မျိုးချစ်စိတ်သည်လည်း အဓိပ္ပါယ်တူသကဲ့သို့ တူညီခြင်းသဘော ရှိနေသည်။


ထိုစဉ်က အင်္ဂလိပ်အစိုးရ၏ စိုးမိုးခြင်း၊ ချုပ်ခြယ်ခြင်း၊ ဖိနှိပ်ခြင်းတို့မှ လွတ်မြောက်သော 'ကိုယ့်မင်းကိုယ့်ချင်း' ဘဝ (ဝါ) လွတ်လပ်သော လူမျိုးဘဝကို မျှော်မှန်းခြင်းသည် မျိုးချစ်စိတ်ဟု နားလည်နေကြသည်။  လူမျိုးခြား ကုလား၊ တရုတ်၊ အင်္ဂလိပ်ဆိုင်များမှ မဝယ်ဘဲ မြန်မာဆိုင်များမှ ဝယ်ခြင်းသည် မျိုးချစ်စိတ်ဟု နားလည်နေကြသည်။  မျိုးချစ်စိတ်သည် လွတ်လပ်ရေးနှင့် ဆက်နေသည်။

Thursday, May 8, 2014

- ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏စာပေအနုပညာ (၀ါ) မှိုင်းဗေဒ



ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏စာပေအနုပညာ (၀ါ) မှိုင်းဗေဒ



ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာ (၀ါ) မှိုင်းဗေဒကို ဖော်ပြရန်မှာ ကျမ်းကြီးကျမ်းခိုင် တဆူတဖွဲ့ ဖြစ်ရပါလိမ့်မည်။ ဆရာကြီး ရေးခဲ့သမျှသော ကဗျာ၊ စကားပြေများကို ပြည့်စုံ ခိုင်လုံ ကျယ်ပြန့်စွာ ကိုးကားညွှန်ပြရန် လိုပါလိမ့်မည်။ သို့သော် ယခု စာတန်းငယ်တွင် ဆရာကြီး၏ စာပေအနုပညာသဘောကို နိဒါန်းပျိုးရုံလောက်၊ မိတ်ဆက်ပေး ရုံလောက်၊ အဓိပ္ပါယ်ဖွင့်ဆိုရုံမျှလောက်သာလျှင် တတ်နိုင်မည် ဖြစ်၍ ခွင့်လွှတ်ရန် တောင်းပန်လိုပါသည်။

(၁)

ရှေးဦးစွာ 'သခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာ' ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်ကို ရှင်းပြရပေမည်။ အနုပညာဆိုသည်မှာ လူ့စိတ်ကူးဖြင့် လူတို့၏ဘ၀ကို ရသပေါ်အောင် ဖွဲ့နွဲ့သော အာရုံခံစားမှု ပုံသဏ္ဍာန် ဖြစ်ပါသည်။ တနည်းပြောရရင် လူတို့၏ဘ၀တွင် ထိတွေ့ခံစားရသော အာရုံခံစားမှု အတွေ့အကြုံ၊ စီးပွါးရေး၊ နိုင်ငံရေး၊ လူမှုရေးဘ၀အတွေ့အကြုံ တို့ကို ပိရိသတ်အား မိမိကဲ့သို့ ခံစားရလေအောင် ရသအမူအရာဖြင့် လှပစွာ တင်ပြဖော်ကျူး သော အရာသည် အနုပညာဖြစ်သည်ဟု အဆိုရှိပေသည်။

အသံဖြင့် သီဆို တီးမှုတ်ဖော်ပြသည်။ ကိုယ်လက်လှုပ်ရှားမှု ကပြမှုတို့ဖြင့် ဖော်ပြသည်။ အရောင်အဆင်း၊ မျဉ်းကြောင်းတို့ဖြင့် ဆေးရေးဖော်ပြသည်။ အ၀န်း အပြား အလုံး အကြွတို့ဖြင့် သွန်းထုဖော်ပြသည်။ စကားလုံးတို့ဖြင့် သီကုံးဖော်ပြသည်။ ယင်းသို့သော ဂီတအနုပညာ၊ အကအနုပညာ၊ သဘင်အနုပညာ၊ ပန်းချီ ပန်းပု အနုပညာ စသဖြင့် အနုပညာများ ရှိသည့်အနက် စာပေ အနုပညာသည်လည်း အနုပညာတရပ်အဖြစ် ပါဝင်ပေသည်။

စာပေ၌လည်း စကားပြေ၊ ကဗျာ ဟူသော စာပေပုံသဏ္ဍာန်များ ရှိလေရာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် စကားပြေရော ကဗျာပါ စာပေပုံသဏ္ဍာန် နှစ်မျိုးစလုံး အသုံးပြုသူ ဖြစ်ပေသည်။ စကားပြေ၌ ၀တ္ထု၊ ပြဇာတ်နှင့် ဋီကာ၊ ဂဏ္ဍိဟုခေါ်သော ဆောင်းပါးအမျိုးအစား များ ရေး၍ ကဗျာ၌ လေးချိုးကြီးကို အများဆုံး အထူးပြု ရေးခဲ့ပေသည်။

ယင်းသို့ ဆရာကြီးသည် စာပေများကို ရေးသားရာတွင် ဆရာကြီး၏ စာပေ၌ မည်သူ နှင့်မျှ မတူအောင်ထူးခြားဆန်းသစ်သော၊ သမိုင်းခေတ်အဆက်ဆက် ပြည်သူများ နှစ်သက် စွဲလန်းနိုင်သော အာရုံခံစားနိုင်သော ရသပညာ ရှိသည်။ ယင်းသို့ ဆရာကြီးသခင် ကိုယ်တော် မှိုင်းတည်းဟူသော ပုဂ္ဂိုလ်သာလျှင် ဖန်တီးနိုင်စွမ်းရှိသော၊ ထူးခြားခြင်းရှိသော၊ အနုပညာ ၀ိသေသ ဂုဏ်ထူးကို အစွဲပြုလျက် သခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာဟူသော စာဝေါဟာရသစ်ဖြင့် သုံးနှုန်းလိုက်ရခြင်း ဖြစ်ပေသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာသည် မည်သို့ ထူးခြားလေသလဲ။ အခြားသော စာအနုပညာတို့နှင့် ကွာခြားပါသလား၊ မည်မျှ ထူးကဲပါသလဲ။

(၂)

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အနုပညာသည် မည်သည့်ခံစားမှု ဝေဒနာမှ ဆင်းသက်လာပါသလဲ။ ဤအချက်မှာ ထင်လင်းလှပေသည်။

ဆရာကြီး၏ စာပေအနုပညာသည် ဆရာကြီး၏ ဘ၀ခံစားမှုဝေဒနာမှ ဆင်းသက်လာ ပေသည်။ တနည်းပြောရလျှင် ဆရာကြီး၏ ဘာသည် တကိုယ်တော်ဘ၀ မဟုတ်။ အုပ်စိုးသော လူတန်းစားများ နေထိုင်ရာ မှန်စီရွှေချ စံအိမ်တော်မဟုတ်။ အဖိနှိပ်ခံ အအုပ်စိုးခံ ပြည်သူတို့၏ ဘ၀အောက်ခြေ မြေဇာမြက်ပင်များ၏ ဘ၀နှင့် ဆက်စပ်နေသည်။ တနည်းပြောရလျှင် ဆရာကြီး၏ အနုပညာသည် ဆရာကြီး ဖြတ်သန်းကြီးပြင်းလာရသော မျက်မှောက်ခေတ်နှင့် ဆက်စပ်နေသည်။ တနည်းပြောရလျှင် ဆရာကြီး၏ စာပေအနုပညာသည် ယနေ့ မျက်မှောက် ခေတ်၏ အခြင်းအရာတရပ်ဖြစ်သော ပြည်သူတို့၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး မှ ဆင်းသက်လာခြင်း ဖြစ်သည်။

အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ကျယ်ပြန့်လှပေသည်။ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဆိုရှယ်လစ်ရေး ဟူ၍ တိုက်ပွဲ အခန်းခန်း ရှိပေ သည်။ ဆရာကြီးသည် ယင်း လွတ်လပ်ရေးလှုပ်ရှားမှု၊ ဒီမိုကရေစီရေးလှုပ်ရှားမှု၊ ညီညွတ်ရေး လှုပ်ရှားမှု၊ ငြိမ်းချမ်းရေးလှုပ်ရှားမှု၊ ဆိုရှယ်လစ်ရေး ဦးတည်လှုပ်ရှားမှုများတွင် ပါဝင်ဆောင် ရွက်ပြီး၊ ယင်းတိုက်ပွဲ အခန်းခန်းတို့ကို စာပေ၌ထင်ဟပ်သော အနုပညာကား ဆရာကြီး၏ အနုပညာဖြစ်ပေသည်။

ဆရာကြီးသည် မှန်ခန်းဆောင်၌ ငိုက်မှေးရီဝေနေသူ မဟုတ်။ စိန်ပန်းပြာရိပ်အောက်၌ ခိုနားနေသူမဟုတ်၊ အဖိနှိပ်ခံပြည်သူတို့၏ တိုက်ပွဲအဆက်ဆက်၌ အမြဲတမ်းပါဝင်သူ ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ရှေးဝံသာနုခေတ်မှ ယနေ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုခေတ်အထိ အရွယ်အားဖြင့် အသက် ၈၀ ကျော်မှ ဆယ်ကျော်သက် လူငယ်များအထိ အကြည်ညိုခံရဆုံး ပြည်သူ့ခေါင်းဆောင် စာပေပညာရှင်ကြီးအဖြစ် ရပ်တည်နေခြင်း ဖြစ်၏။

ဆရာကြီးသည် တိုးတက်သော လူငယ်များနှင့် ခေတ်အဆက်ဆက် လက်တွဲခဲ့သည်။ မနေ့က တိုးတက်သော လူငယ်သည် ယနေ့ဖောက်ပြန်လာလျှင် ယင်းလူငယ်ဟောင်းနှင့် လက်တွဲဖြုတ်ခဲ့ကာ နောက်တခေတ် တိုးတက်သော လူငယ်အသစ်နှင့် လက်တွဲပြန်သည်။ သမိုင်းခေတ်အဆက်ဆက်တွင် အဖိနှိပ်ခံ ပြည်သူဘက်မှ အစဉ်ရပ်တည်ခဲ့သူ ဖြစ်သည်။ ယင်းသို့ တိုးတက်သော၊ တော်လှန်သော၊ အဖိနှိပ်ခံ ပြည်သူတို့ဘက်မှ ရပ်တည်သဖြင့်လည်း ယင်း ဆရာကြီး၏ နိုင်ငံရေးခံစားမှု ဝေဒနာကို စကားပြေနှင့် ကဗျာများသည် ပြည်သူတို့၏ ခံစားမှုအသံ (၀ါ) ပြည်သူ့အသံ ဖြစ်လာတော့သည်။ ယင်းသည်ကား ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ အနုပညာ ဖြစ်သည်။

(၃)

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အနုပညာဝါဒသည်ကား ဘာလဲ။ ဆရာကြီး၏ အနုပညာဝါဒသည်ကား ဘက်လိုက်ရေး (၀ါ) ပြည်သူ့ဘက်လိုက်ရေး ဖြစ်သည်။

အောင်မြန်မာ သတင်းစာ (၁၉၂၉) သို့ပေးသော ဆောင်းပါးအမှာစာ၌ 'အမောင်တပည့်တို့၊ ယခုထုတ်ဝေလတ္တံ့သော အောင်မြန်မာသတင်းစာမှာ (မည်သည့်ဂိုဏ်း ဂဏ ၀ါဒ တို့တွင်မှ ပါဝင်ခြင်းမရှိဘဲ) ဟူသောအချက်ကို စာမျက်နှာ ၂ တွင် တွေ့မြင်ရကြောင်း၊ ၎င်းကဲ့သို့ အချင်းအရာကို ဆရာမနှစ်မျို့နိုင်ပေ။ အကြောင်းကို ဆိုချေလျင် အကြင်လောကီသူ လောကီသားတို့ ကြီးပွါးဘို့၊ လွတ်လပ်ဘို့ စသော ဂီဟိကမ္မလူတို့ ကိစ္စဟူသမျှတို့မှာ မူလအားဖြင့် အများတည်းဟူသော အသင်းအပင်း ဂိုဏ်ဂဏ တို့နှင့် ၀ိုင်းမှ ရုန်းဆောင်မှ သာလျှင် အောင်မြင် ထမြောက်နိုင်ရာသည်' စသည်ဖြင့် ဖော်ပြပါရှိရာ ဆရာကြီး၏ ဘက်လိုက်ရေးဝါဒမှာ ယနေ့ ကမ္ဘာ့ဆိုရှယ်လစ်နိုင်ငံရေး သဘောတရား သုခမိန်များ၏ ၀ါဒနှင့် တသားတည်း ကိုက်ညီနေသည်ကို တွေ့ရပေသည်။

ဆရာကြီး၏ အခြားအနုပညာဝါမှာ ယနေ့ ဝေါဟာရအားဖြင့် ခေါ်ဝေါ်နေကြသော သရုပ်ဖော်စာပေ၀ါဒပင် ဖြစ်သည်ကို ဆရာကြီး၏ ၀တ္ထုနှင့် လေးချိုးကြီးများတွင် ထင်ရှားစွာ တွေ့နိုင်ပေသည်။ တနည်းပြောရလျှင် ဆရာကြီးသည် ဆရာကြီးနှင့် ခေတ်ပြိုင်လှုပ်ရှားမှုကို အမြဲတမ်းဖွဲ့နွဲ့ သရုပ်ဖော်သော သရုပ်ဖော်ဝါဒကို ကိုင်စွဲသူ ဖြစ်ပေသည်။ ခေတ်ပြိုင်လှုပ်ရှားမှု ကား အခြားမဟုတ်၊ အဖိနှိပ်ခံရသူက ဖိနှိပ်သူကို တော်လှန်ခုခံသော လှုပ်ရှားမှု ဖြစ်သည်။ ထိုအခါ၌ ဆရာကြီးသည် အာဏာရသွားသောသူ (၀ါ) ဖိနှိပ်သူကို ကဲ့ရဲ့ရှုတ်ချပြီး အဖိနှိပ်ခံရသူ ၏ တော်လှန်ခုခံရေးကို ချီးမွမ်းဂုဏ်ပြုသည်။ ယင်းသည်ကား ဆရာကြီး၏ သရုပ်ဖော်စာပေ၌ သုံးသော အနုပညာ ၀ါဒတရပ်ပင် ဖြစ်ပေသည်။

ယင်းသဘောကို ဆရာကြီး၏ လေးချိုးကြီးများ၌ အထင်အရှား တွေ့ရပေသည်။ ဆရာကြီး၏ ၀တ္ထုများ၌ လူ့ဘ၀ လူ့သဘာဝအဖွဲ့အနွဲ့တို့ကို တွေ့နိုင်ပေသည်။ ဆရာကြီး၏ ဋီကာ၊ ဂဏ္ဍိ စသော ဆောင်းပါးများတွင် ဆရာကြီးနှင့် ခေတ်ပြိုင် တော်လှန်ရေးလှုပ်ရှားမှုများ၏ မှတ်တမ်းကို ရသဟန်ဖြင့် ဖွဲ့နွဲ့ဖော်ပြထားသည်ကို တွေ့နိုင်ပေသည်။

ဆရာကြီးသည် သူ၏ အနုပညာပေါ်၌ ရိုးသားဖြောင့်မတ်သည်။ လုပ်သလိုပြော၍ ပြောသလို လုပ်သည်။ အကျင့်တခြား အရေးတခြားမဟုတ်။ ထို့ကြောင့်ပင်လျှင် ပြည်သူတို့က သခင်ကိုယ်တော်မှိုင်းတည်းဟူသော အဖိနှိပ်ခံ ပြည်သူ့ဘက်တော်သား လူပုဂ္ဂိုလ်ကို ခင်သဖြင့် သူ၏ တရားကိုလည်း မင်ခြင်း ဖြစ်ပေသည်။ ယင်းဆရာကြီး၏ အနုပညာအပေါ်၊ ခေတ်အဆက်ဆက် ပြည်သူ့အပေါ် ရိုးဖြောင့်သော သဘောထားသည် ဆရာကြီး၏ အနုပညာဟန် ဖြစ်လာသည်။ ဆရာကြီး၏ လေးချိုးကြီးများသည် ရပ်ရွာထဲမှ ပြည်သူတို့၏ အသံ၊ အမျိုးသားဟန်တို့ဖြင့် ထုံမွှမ်းသည်ဖြစ်၍ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာဟူ၍ ယနေ့ တော်လှန်သော ပြည်သူ့စာပေသစ်၌ ကဏ္ဍကြီးတရပ်အဖြစ် ထူထောင်ကျော်ကြားရခြင်း ဖြစ်ပေသည်။ ယင်း ဆရာကြီး၏ အနုပညာစာပေအစဉ်အလာ၊ စာပေရေစီးကြောင်းကြီးသည် ယနေ့ခေတ်၌ စွမ်းသန်သော အင်အားအဟုန်ဖြင့် စီးဆင်းလျက် ရှိနေဆဲ ဖြစ်ပေသည်။


(၁၉၇၂ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ (၉၆) နှစ်မြောက် မွေးနေ့အခမ်းအနားမှာ ဒဂုန်တာရာ ဖတ်ကြားတဲ့ စာတမ်း ဖြစ်ပါတယ်။ ဒဂုန်တာရာ ရဲ့ 'စာလုံး၊ ဆေးစက် စောင်းကြိုး နှင့် ကတ္တီပါကားလိပ်' ၁၉၇၄ ဧပြီလ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်)

Wednesday, May 7, 2014

အလှရှာတော်ပုံ



အလှရှာတော်ပုံ

(၁)

အနုပညာနှင့် ပတ်သက်သော  သဘောတရားရေးရာ စာအုပ်များကား ကျွန်တော်တို့ နိုင်ငံ၌ ရှားပါးလှသည်။ အနုပညာနှင့် ပတ်သက်သော ကျောင်းများပင်လျှင် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်သည်မှာ သိပ်မကြာသေးပေ။

လွတ်လပ်သော နိုင်ငံတနိုင်ငံ၏ ကြန်အင်မှာ အမျိုးသားအင်အားများ စွမ်းသန်နိုင်ရေး ဖြစ်ပေသည်။ အမျိုးသား အင်အားများ လွတ်လပ်စွာ စွမ်းသန်နိုင်သော အခြေအနေရှိခြင်းကို အမျိုးသား လွတ်လပ်ရေး၏ အနှစ်သာရအဖြစ် မှတ်ယူရပေမည်။ အမျိုးသား အင်အားရပ်ထဲ၌ ယဉ်ကျေးမှု အင်အားစုလည်း ပါဝင်ပေသည်။

ကျွန်တော်တို့ နိုင်ငံ၌ အလှအပကို ချစ်သောသူများ၊ ဆန်းသစ် ဖန်တီးလိုသူများ ရှိကြသည်။ သို့သော် အလှအပ ချစ်ခွင့်၊ ဆန်းသစ်ဖန်တီးခွင့် မရကြ။ စာပေအနုပညာနှင့် ပတ်သက်သော သဘောတရားရေးရာ၊ ဝေဖန်ရေးရာ စာအုပ်များမှာ ရှားပါး၍ မိမိဖါသာပင်လျှင် ကြိုးစား အားထုတ်ကြရသည်။

ယဉ်ကျေးမှု ဆိုသည်ကား ပြုစုပျိုးထောင်၍ လေ့ကျင့်ယူရသော ပညာရပ် ဖြစ်သည်။ သီချင်းကြီး တပုဒ်ကို နားလည်ရန်အတွက် သီချင်းကြီး များစွာကို နားထောင်ကာ ပျိုးထောင်ပေးရသည်။ ပန်းချီကားတချပ်ကို နားလည်ရန်အတွက် ပန်းချီကား များစွာကို ငေးမောကြည့်ရှုကာ ပျိုးထောင်ပေးရသည်။ ပျို့ ကဗျာ လင်္ကာလည်း ထိုနည်းအတူပင် ဖြစ်သည်။ အကသဘင်လည်း ထိုနည်းအတူပင် ဖြစ်သည်။

ယင်းသို့ ဆိုသဖြင့် ယဉ်ကျေးမှု ပညာရပ်များသည် ခက်ခဲနက်နဲသည်ဟု အဓိပ္ပါယ်ကောက်ရန် မဟုတ်ပေ။

မခက်ခဲ မနက်နဲပါ။

တေးသီချင်း နားထောင်ချင်သည်။ အိမ်၌ အသံဖမ်းစက်၊ သို့မဟုတ် ဓါတ်စက်မရှိပါ။ စန္ဒရား တီးတတ်ချင်သည်။ အိမ်၌ စန္ဒရားယူသော တူရိယာ မရှိပါ။ ပန်းချီရေးချင်သည်။ အိမ်၌ ဆီဆေးဗူးနှင့် စုတ်တံ မရှိပါ။ ယင်းတို့သည်ကား အခွင့်အလမ်း မရှိခြင်း ဖြစ်သည်။ တနည်းဆိုရလျှင် အခွင့်အရေးမ၇ှိခြင်းပင် ဖြစ်သည်။ ပညာရပ်က ခက်ခဲခြင်း၊ နက်နဲခြင်း မဟုတ်ပါ။ ပညာရပ်ကို လေ့လာဆည်းပူးရန်၊ လေ့ကျင့်ပျိုးထောင်ရန် အခြေအနေက ခက်ခဲနေခြင်းသာ ဖြစ်ပေသည်။

ယင်းသို့သော အခွင့်အရေး သဘောသည် အမျိုးသား လွတ်လပ်ရေးသဘော ဖြစ်သည်။ တနည်းဆိုလျှင် ဒီမိုကရေစီသဘော ဖြစ်သည်။ ပြည်သူတို့က မိမိတို့၏ အင်အားကို လွတ်လပ်စွာ ရှင်သန်ဖွံ့ဖြိုးအောင် လုပ်နိုင်သည့် အခွင့်အရေး သဘောပင်ဖြစ်သည်။

ထို့ကြောင့်ပင်လျှင် ပြည်သူ့အာဏာခေတ်ကို ဦးတည်ခဲ့သော ကျွန်တော်တို့၏ နိုင်ငံရေး ခေါင်းဆောင်မှုက လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေး ဟူသော သမူဟကို လမ်းစဉ်ချခဲ့သည် မဟုတ်လော။

(၂)

အမျိုးသား အင်အားကို ထူထောင်ကြရာ၌ ပြည်သူ့ဘက်မှလည်း တယောက်တလက် ပါဝင်ကြရပေမည်။

ယခု ပေါ်သစ်၏ စာအုပ်သည် ယဉ်ကျေးမှုစွမ်းအားစုကို ထူထောင်ရာ၌ အားထုတ်မှု တခုဖြစ်သည်ဟု ယုံကြည်မိပေသည်။

ဝတ္ထု ကဗျာများ ထွက်နေရုံနှင့် မပြီး။ စာပေရေးရာ သဘောတရား ရှင်းလင်းချက်များ ထုတ်ဝေခြင်းဖြင့်လည်း စာဖတ်ပရိသတ်အား စာပေအနုပညာ သဘာဝကို နားလည်အောင် ပျိုးထောင် ပြုစုပေးရပေမည်။ ထို့အတူ ပန်းချီပြခန်းများ ဖွင့်လှစ်ပေးရုံနှင့်မပြီး။ ပန်းချီ ပရိသတ်အား ပန်းချီအနုပညာကို ခံစားစေရန် သဘောတရားများကို ဖြန့်ဝေ ပေးရပေမည်။

ပန်းချီကားများ ပေါ်ထွက်လာရုံနှင့် မပြီး။ ပန်းချီအလှ ခံစားသော ပရိသတ် ကျယ်ဝန်းလာဘို့လည်း လိုသည်။ အနုပညာနှင့် အနုပညာခံစားမှုပရိသတ်၊ တနည်းဆိုလျှင် ယဉ်ကျေးမှု နှင့် ပြည်သူသည် ရေမြင့်မှ ကြာတင့်ပေမည်။

ကျွန်တော်တို့ အနောက်နိုင်ငံသို့ လည်ပတ်စဉ်က ဘဲလေးဟုခေါ်သော အကဇာတ်များ ကြည့်ရသည်။ မကြည့်ရခင် ယင်းအကဇာတ်၏ ဇာတ်လမ်း ဇာတ်ကွက် နှင့်တကွ အကဇာတ်ရေးသူ ဇာတ်ဆရာ၊ ပါဝင်ကပြသူ မင်းသမီး မင်းသား၊ အကဇာတ် အဓိပ္ပါယ်စသော အစီအစဉ် စာအုပ်ကို ကြိုတင် ဖတ်ရှုထားရသည်။ ကျွန်တော်တို့လို ဧည့်သည်များသာ မဟုတ်။ သူတို့ ပြည်တွင်း ပရိသတ်များကလည်း ယင်းစာအုပ်ကို ဖတ်ကြသည်။ ကျွန်တော်တို့နှင့် အတူပါသော စကားပြန်များကလည်း စာအုပ်ကို ဖတ်၍ ကျွန်တော်တို့ကို ရှင်းပြရသည်။ တခါတရံ ကျွန်တော်တို့ မေးမြန်းသော မေးခွန်းကိုပင် ပြေလည်အောင် မဖြေတတ်။ ယင်းသို့သော အနုပညာ လမ်းညွှန်စာအုပ်များ ဖတ်ရှုပြီး တဖြည်းဖြည်း အကဇာတ်ကို နားလည်စ ပြုလာသည်။ အခြားသော အကဇာတ် အကြောင်း ရှင်းလင်းဖော်ပြသည့် စာအုပ်စာတမ်းများ ဖတ်ရှုပြီး ကြည့်ရင်း ကြည့်ရင်းနှင့် အရသာ တွေ့လာသည်။ ယင်းသို့လျှင် စာအုပ်စာတမ်း အကူအညီဖြင့် အနုပညာ ခံစားမှုကို ပြုစုပျိုးထောင်ပေးကာ စိတ်၌ ယဉ်ကျေး လာရပေသည်။

ကျွန်တော်တို့သည် အင်္ဂလိပ်လက်အောက်၌ နှစ်ပေါင်း ၆၀ ခန့် နေခဲ့ကြရာ၊ အနောက်နိုင်ငံ ယဉ်ကျေးမှု သြဇာ အနည်းနှင့် အများဆိုသလို သက်ရောက်ခဲ့သည်။ ကမ္ဘာ့ရာဇဝင်ကို အင်္ဂလိပ် ဘာသာမှတဆင့် သိခဲ့ကြရသည်။

ယဉ်ကျေးမှုရေးရာ၊ အထူးသဖြင့် ပန်းချီအနုပညာ ရေးရာ၌ အနောက်သြဇာသည် သက်ရောက်သည်။ ယနေ့ မြန်မာပန်းချီမှာ မြို့နေ ပန်းချီဆရာများမှ တဆင့် ပြန့်ပွါးလာခဲ့ရသဖြင့် ယင်းသို့ ဖြစ်ဟန် တူပေသည်။

ယင်းသို့ ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံသို့ အရင်းရှင်နယ်ချဲ့စနစ် ရောက်လာခြင်းကြောင့် ဖြစ်ပေသည်။

အမျိုးသား လွတ်လပ်ရေးအင်အားကို ခိုင်မာအောင် လုပ်ရာ၌ နယ်ချဲ့ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဆိုရှယ်လစ်ရေး စသည်အားဖြင့် ဆက်စပ်ကာ ဦးတည်လှုပ်ရှား သွားကြရပေမည်။ ဤ ကွင်းများ ပြတ်သွားလျှင် အမျိုးသား အင်အား တည်ဆောက်ရေးမှာ ပျက်ပြား ယုတ်လျော့ သွားမည်သာ ဖြစ်ပေသည်။ ပြည်သူ့အာဏာစက်နှင့်လည်း ဝေး၍ ဝေး၍ သာ သွားမည် ဖြစ်ပေသည်။

ကျွန်တော်တို့သည် အနောက်တိုင်း ပန်းချီကိုသာမက အရှေ့တိုင်း ပန်းချီတို့ကိုလည်း လေ့လာသင့်ပေသည်။ အထူးသဖြင့် အိမ်နီးနာချင်း နိုင်ငံများ၏ ပန်းချီတို့ကို လေ့လာသင့်ပေသည်။ အရှေ့ အနောက် ခွဲခြားဖော်ပြရာ၌ အရှေ့နှင့် အနောက် ပန်းချီပညာမှုမှာ အနုပညာ ပုံသဏ္ဍန်တို့တွင် မတူကြသောကြာင့် ဖြစ်ပေသည်။ ကျွန်တော်တို့၏ ရိုးရာပန်းချီမှာ အရှေ့တိုင်း အမျိုးအနွယ် ဖြစ်ပေသည်။

အနောက်တိုင်း ပန်းချီနည်းနာများကို မသုံးရဟု မဆိုလိုပေ။ အနောက်တိုင်းနည်းနာသည် တကမ္ဘာလုံး ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရသည်။ သို့သော် မိမိတို့၏ အမျိုးသား ပုံသဏ္ဍန်ကိုလည်း ထိမ်းသိမ်းထားရပေမည်။ အမျိုးသား ပုံသဏ္ဍန်ပေါ်မှ အခြေခံလျက် ပြည်သူ့လိုအပ်ချက်နှင့်အညီ ဖွံ့ဖြိုး တိုးတက်ကြရန် ဖြစ်ပေသည်။

အနောက်တိုင်း အရင်းရှင် အနုပညာ သဘောရေးဆရာများက 'ကမ္ဘာသုံးဝါဒ' ဟူ၍ အရင်းရှင် နယ်ချဲ့ ယဉ်ကျေးမှုတို့ကို သွတ်သွင်းလေ့ ရှိကြသည်။ ယင်းကို သတိပြုအပ်ပေသည်။

ယနေ့ ခေတ်သစ်သည် ကျယ်ပြန့်လျက် ရှိသည်။ ကျဉ်းမြောင်းသော လူမျိုးရေး ဘောင်အတွင်း၌သာလျှင် ကုပ်ကပ်ကာ တသီးတခြား နေရန် မဟုတ်ပေ။ ယဉ်ကျေးမှုရေးရာ၌ ကူးလူးဆက်ဆံမှုကြောင့် အပြန်အလှန် သြဇာသက်ရောက်ခြင်းများ ရှိနိုင်သည်။ ယနေ့ ခေတ်သစ် ပန်းချီ၌  အရှေ့တိုင်း နည်းနာပင် ဝင်ရောက် သြဇာသက်ဝင်လျက် ရှိသည်ကို တွေ့ရပေသည်။ (ကောက်ကြောင်းသဘောများ ကဲလာခြင်း၊ မျက်မြင်အကွာ အဝေးသဘော မဲ့လာခြင်း)

ယနေ့ မြန်မာပန်းချီ လောက၌ အမျိုးသား အနုပညာ ပုံသဏ္ဍန် ပြန်လည်ဆန်းသစ်ရေး၊ ရှာဖွေရေး၊ အကြောင်းအရာ ရွေးချယ်ရေးတို့သည် ပြဿနာများ ဖြစ်ပေသည်။ အမျိုးသား အနုပညာပုံသဏ္ဍန်ကို မည်သည့်နေရာ၌ လေ့လာရမည်နည်း။ အင်ဗွိုင်းခန်းမ ပန်းချီပန်းပု ပြပွဲတို့၌လော၊ မဂ္ဂဇင်း စာအုပ်များ၌လော၊ မြို့ပြ၌လော၊ တောကျေးလက်၌လော၊ ဘုရားပုထိုး ကျောင်းသင်္ခမ်း တို့၌လော၊ ဘုန်းကြီးပျံ၌လော၊ တောဘုရားပွဲ၌လော။

ဆီဆေး မင်ဗူး ဖြင့်လော၊ ဟင်္သပြဒါး၊ မြေနီမြေဝါ၊ မဲနယ်၊ ဒုဌာတို့ဖြင့်လော။

ဧည့်ခန်းဆောင် လှပရေးအတွက်လော၊ လူထုလှုပ်ရှားမှု လှုံ့ဆော်ရေးအတွက်လော။

လူတန်းစားတိုက်ပွဲ ရှိနေသကဲ့သို့ပင် ဤ ပဋိပက္ခများသည် ရှိနေပေသည်။ ယင်း ပဋိပက္ခများ၏ ညီညွတ်ရေးသည် ပန်းချီသစ်တရပ် ဖြစ်ပေသည်။ ယနေ့ နိုင်ငံရေး ပြဿနာသည် ယနေ့ အနုပညာ ပြဿနာ ဖြစ်ပေသည်။

(၃)

ယခု ပေါ်သစ်၏ 'အလှရှာတော်ပုံ' စာအုပ်သည် ယနေ့ ပန်းချီအနုပညာ ပြဿနာများကို ကြည့်မြင်ရာ၌ အထောက်အကူပြုသော ပညာရေး စာအုပ် ဖြစ်ပေသည်။

အနုပညာ သဘောတရားရေးနှင့် ကမ္ဘာ့ပန်းချီ ရာဇဝင် နောက်ကား ခံကာ မြန်မာ ပန်းချီရာဇဝင်ချုပ်နှင့် ယနေ့ ပန်းချီပညာ ပြဿနာများကို ပြည့်စုံစွာ ဖော်ပြထားပေရာ ပန်းချီအနုပညာ အကုဖြတ်မှုများ၏ လက်စွဲ ဖြစ်သင့်ပေသည်။ ယဉ်ကျေးမှု အင်အားဖြည့်တင်းရေး၌ ပြည်သူဘက်မှ အားတအား ဖြစ်စေသတည်း။


[ဒဂုန်တာရာ ရေးတဲ့ ပေါ်သစ်စာအုပ်အမှာ၊ ၁၉-၆-၆၇]

သခင်ကိုယ်တော်မှိုင်းနှင့် နေရခဲ့သောရက်များ

၁)

၁၉၆၇ ဖေဖော်ဝါရီလ ၅ ရက်၊ အင်းစိန်မှထွက်လာသော ဒတ်ဆန်းကားသည် ကြည့်မြင်တိုင်၊ လမ်းမတော် စသည့်ရပ်ကွက်များ၌ လူအချို့ကို ချခဲ့ပြီးနောက် ဘုရားလမ်းသို့ ကွေ့လိုက်လေသည်။

သစ်ပင်၊ တိုက်တာ၊ အိမ်ယာ၊ ဈေးဆိုင်၊ လူများ၊ ကားများသည် ပန်းရောင် မြူမင်းလွင်အောက်၌ ယိမ်းထိုးနေကြသည်။ ပြာသိုလမို့ မြူရိပ်မစင်၊ နှင်းငွေ့ကျန်၊ ကတ္တရာစေး လမ်းမကြီးမှာ ဖဲကြိုးအနက်ခင်းထား၍ ကားကွေ့လိုက်သောအခါ တွန့်သွား၏။ ကောင်းကင်ပြာ ထဲမှ ရွှေဝါရောင် ကြယ်ပွင့်ကြီးမှာ ကြီးလှပါကလား။ ဆေးရုံကြီးဝင်းထဲ၌ ဆေးသုတ်ထားသော ကစားစရာ သေတ္တာခွံကြီး ဘယ်တုန်းက ရောက်နေပါလိမ့်။ သံပတ်ပေးထားသော မိန်းမရုပ်များ သည် တတောက်တောက် ခုတ်မောင်းနေကြ၏။ ကစားစရာ စက်ရုံမှ ပုံစံထုတ်ဆရာမှာ ကုလားသွေးပါသည်ထင့်၊ မှားယွင်း၍ ၀ါသော၊ ဖြူသော၊ မဲသော၊ ကွက်သော ဗိုက်သားတို့ကို ဖော်ပေးထားကြ၏။ ဖဲပြားအနက်ကြီးသည် တွန့်ကာ ချိုင့်သွား၏။ သစ်ကိုင်းများသည် ကျွန်တော့်ကို လာ၍ ထိခတ်သည်။ ခြင်္သေ့ကြီး ၂ ကောင်သည် လည်ဆံမွေးထလျက် ကျွန်တော့်ထံ ပြေးလာလေပြီ။ အလို....။

'ဖြေးဖြေးမောင်းပါဗျာ'

ကားမောင်းပို့သူ စစ်ဗိုလ်သည် ပြုံးမြမြလုပ်နေ၏။ ကားအရှိန်သည် အနည်းငယ် လျော့လာသည်။

မဟာရွှေစေတီကြီးမှ ရွှေရောင်သည် မြင်ကွင်းကို လာ၍ ရိုက်လိုက်သည်။ စိမ်းသော သစ်ကိုင်းများသည် ငုံ့မိုးညွတ်ကိုင်းနေရမှ အပေါ်သို့ ပြန်တက်သွားကြလေပြီ။

လမ်း၏ လက်ဝဲဘက်မှ ဆရာကြီး မဟာသခင်ကိုယ်တော်မှိုင်း၏ဂူကို လှမ်းမြင်လိုက် ရသည်။ စောစောက သွေးအားနည်းနေသဖြင့် မူးဝေသော ဝေဒနာသည် လွင့်သွားလေပြီ။ ကျွန်တော့်ရင်သည် တဒိတ်ဒိတ် ခုန်လာသည်။ ဖြူသော ကျောက်ဖြူဂူကြီးသည် မားမားကြီး ရပ်တည်လျက်၊ လေးဒေါင့်တိုင်ကြီးများသည် ကျွန်တော့်အား သူ့လိုမတ်ရန် အားစွမ်းကူး ပေး လိုက်သည်။ မျက်နှာစာမှ စာအုပ်၊ ဒေါင်း၊ ချိုးဖြူ၊ တူတံစဉ် အထိမ်းအမှတ် သဏ္ဍာန်ကို ဖျတ်ခနဲ မြင်ရင်း၊ ဖျန်းကနဲ၊ ဖျန်းကနဲ မွှေးညင်းတို့ ထောင်ကာ၊ သွေးတို့သည် နှလုံးသည်းပွတ် အကြောတလျောက် စီးဆင်းလာကုန်သည်။ ရင်တဒိတ်ဒိတ် ခုန်လာပြန်သည်။ ကဗျာ၊ အမျိုးသားလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ အလုပ်သမား၊ လယ်သမားတို့၏ ပြည်သူ့အာဏာ ရရေး။

ကျွန်တော်သည် ရင်ခုန်သံဖြင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား အလေးပြုရင်း၊ ကားသည် ဆက်မောင်းနှင်သွားသည်။ ရွှေတိဂုံစေတီတော် ပြသဒ်တန်ဆောင်များသည် တရိပ်ရိပ် နောက်တွင် ကျန်ရစ်ခဲကြပေပြီ။ ကျွန်တော့်အာရုံထဲတွင် အလုပ်သမား၊ လယ်သမား လူထုကြီးသည် သိင်္ဂုတ္တရကုန်းမြေသို့ ချီတက် စုဝေးနေကြသည်။ အတိတ်မှ အသံများ ပဲ့တင်ထပ်လာသည်။ ၁၃၀၀ ရာပြည့် အရေးတော်ပုံမှ အသံများ၊ နယ်ချဲ့အစိုးရ ကျဆုံးပါစေ၊ ဓနရှင်စနစ် ပျက်စီးပါစေ၊ သူပုန် သူပုန် ထထ၊ မီးဒုတ် မီးဒုတ် ရှို့ရှို့၊ အရေးတော်ပုံ အောင်ပါစေ၊ ဗဟန်းမြေမှ သစ်ပင်တို့ကို တရိပ်ရိပ် ဖြတ်သန်းခဲ့သည်။ ကန်တော်ကြီး ရေပြင်သည် လှိုင်းတံပိုးတို့ဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်နေကုန်ကြသည်။ ဖဆပလ ခေတ်က ပြည်ထောင်စု ကလပ် အဆောက်အဦသည် ရိပ်ကနဲ နောက်တွင်ကျန်ရစ်သည်။ ဘိလိယက် ဘောလုံးချင်း ထိသံ၊ မာကျောက်ဖဲမွှေသံ၊ အငြိမ့်မင်းသမီး ညုသံ၊ မူရာသံ၊ ပူဆာသံ၊ ဖန်ခွက်ချင်းထိသံ၊ ရေစီးသံ၊ အော့သံ၊ အံသံ။

ကားသည် တရိပ်ရိပ်ပြေးလျက်ရှိသည်။ ကားသည် ကျိုက္ကစံကို ကွေ့လိုက်သည်။ မြင်းပြေးသံ၊ ဘရင်လေးကွ အော်သံ၊ ဟစ်သံ၊ ကျွန်တော့်နားထဲတွင် အသံဘလံ အားလုံးတို့သည် ရောယှက်စီညံနေသည်။ ဤရာဇ၀င် ကားချပ်များသည် တခုနှင့်တခု ဇောက်ထိုး ပြောင်းပြန်ထပ်ကာ နောက် ကစဥ့်ကလျား ဖြစ်သွားကြသည်။

ကျွန်တော်ကား ရင်တဒိတ်ဒိတ်ခုန်လျက်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဗျာ တေးသံသည် ရာဇ၀င်အာရုံ အားလုံးကို လွှမ်းမိုးလိုက်သည်။

'ကောင်းကျိုးအထွေထွေရယ်နဲ့
ချွန်စေ မြစေသော
ဒေါင်းအိုးဝေရယ်နဲ့
တွန်စေ ကစေသော.......'

(၂)

ကျွန်တော် ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို စတွေ့ကြုံကာ သိကျွမ်းရသောအခါ ကျောင်းသားဘ၀ အသက် (၂၀) အရွယ်က ဖြစ်သည်။ ထိုအခါက ဆရာကြီးမှာ အသက် (၆၅) အရွယ် ဖြစ်လေရာ၊ ကျွန်တော့်ထက်များစွာ ကြီးသည်။

ကျွန်တော်သည် ဆရာကြီး ကဗျာ၊ ဋီကာ၊ ဂဏ္ဍိ စသော စာများကို ဖတ်ခဲ့သည်မှာ ၇-၈ တန်း ကတည်းက ဖြစ်သည်။ ဆရာကြီး၏ စာများကို လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ၀တ္ထုများလောက် မစွဲငြိခဲ့။ ထိုအခါက အနုအယဉ်၊ အနွဲ့အပျောင်းတို့ကိုသာ တပ်မက်ခဲ့၏။ ကျွန်တော့်မှာ အိမ်တံစက်မြိတ်မှ မထွက်ခဲ့။ ပန်းပွင့်များသာ အလှဟု ထင်လျက်ရှိသည်။ ငွေလရောင်သည် ကမ္ဘာကြီးဟု အောက်မေ့ခဲ့၏။

၁၉၃၆- ကျောင်းသားသပိတ်ပြီးသောအခါ ဆရာကြီး၏ ဒေါင်းဋီကာကို ရှာဖွေရမှန်း သိလာပေပြီ။ ဘွိုင်းကောက်ဋီကာ စာအုပ်ကို လိုက်ရှာလာပေပြီ။ ကျောင်းသားသပိတ် အတွေ့ အကြုံသည် ကျွန်တော့်အား ဆရာကြီးထံပါးသို့ ပို့ဆောင်လိုက်ပေပြီ။

'သြ....... ဝေးခရီးကပေမယ့်
အရေးကြီးလျင်ဖြင့်
သွေးနီးရာပါစမြဲပေမို့
.............................
ထီမထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ်မှ ခေါင်းအပေါ်ဖျားမှာလ
မင်းရို့ဆရာကို
စာရင်းတို့ကာသာထားလိုက်ကြပေတော့'

လူထုလှုပ်ရှားမှုထဲမှ ထွက်လာသော ဆရာကြီး၏ တေးသံကို ခံစားရမှန်း သိလာပေပြီ။

ဆရာကြီးသည် အခန်းတံခါးကို ပိတ်၍ ကဗျာရေးသူလော၊ မဟုတ်ပေ။ ဗဟန်းကောလိပ် (၀ါ) အမျိုးသားတက္ကသိုလ်၌ မြန်မာစာပေ၊ ရာဇ၀င်ပါမောက္ခအဖြစ် နယ်ချဲံဆန့်ကျင်ရေး၊ ပညာရေးသူပုန် ပါမောက္ခလုပ်နေသည်။ ထို့ကြောင့်သာ မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ဖို့ မှာကြားခဲ့ခြင်း ဖြစ်သည်။

ထိုအခါ ဆရာကြီး စိတ်ကူးရည်မှန်းချက်ထဲ၌

'မြှောက်လိုက်မကွယ့်
မောက်လိုက် မဟဲ့လို့
ဆောက်လိုက်မဲ့ ယူနီဗာစီတီတွေအများ'

စသည်ဖြင့် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားတက္ကသိုလ်များကို တမ်းတခဲ့ပေသည်။

ထိုအခါက ၁၉၀၀ ကျော် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းများ စတင်ဖွဲ့စည်းကာ ညီညွတ် စည်းလုံးလာခဲ့သော အမျိုးသားအင်အားကြီး (၀ံသာနု)သည် ၁၉၂၀ ပထမ ကျောင်းသား သပိတ်၌ တံခွန်စိုက်ခဲ့သည်။

ထိုအခါ နယ်ချဲ့သမားက ဒိုင်အာခီအုပ်ချုပ်ရေးဖြင့် ငါးထောင်စား ၀န်ကြီးရာထူးများပေး ကာ အမျိုးသားညီညွတ်ရေးအင်အားကို ဖြိုခွဲလိုက်လေသည်။ ဂျီစီဘီအေ ခေါ်သော မြန်မာ အသင်းချုပ်ကြီးမှာ ဆက်လက်၍ ရာထူးသပိတ်မှောက်ကာ ကိုလိုနီဆန့်ကျင်သောအပိုင်းနှင့် ရာထူးယူပြီး 'အတွင်းဝင်ပူးသတ်ရမည်' ဟုဆိုသော စေ့စပ်ရေး အပိုင်းဟူ၍ ၂ ခြမ်းကွဲသွား လေတော့သည်။ (လှိုင်ပုကျော်ဂိုဏ်း နှင့် ၂၁ ဦး) ယင်းသို့ ညီညွတ်ရေး ပြိုကွဲသောအခါ ဗဟန်း ကောလိပ်သည်လည်း ပျက်ရလေတော့သည်။ ထိုအခါ ဆရာကြီးက.....

'လှိုင်-ပု-ကျော် သပိတ်သမားတွေရဲ့အပြင်
ပဋိက္ကရား နှူးကာနှပ်သလိုပ
နှစ်ကျိပ်တပါး မူးလျာမတ်တွေကလဲ
ပူးကာသတ်မယ် ကောင်စီဝင်လို့မို့
အနှောင်ပြည်အင် ကွဲရှာသနေ့ရယ်က
တကောင်ကောင်ထီမထင်
ဇွဲမာမာနဲ့ဝှေ့ကြလေတော်......'

-ဟု ညီညွတ်ရေးပျက်ပြားမှုကို ဒေါသဝေဒနာ ခံစားခဲ့ လေသည်။

၁၉၃၀-၃၁ ၌ ရာဇ၀င်မြောက်သော ဂဠုန်ဆရာစံ၏ တောင်သူလယ်သမား လက်နက်ကိုင် သူပုန်ကြီး ပေါ်ပေါက်လေသည်။ ဆရာကြီးသည် ယင်း လယ်သမား သူပုန်ကြီး အား......

'ရဂုံစံ ချစ်စရာတပည့်တို့မှာဖြင့်
ဥုံအရဟံ သစ္စာဂတိတွေနှင့်
ဂဠုန်သရဏံဂစ္ဆာမိကြပေတော့'

ဟု အလေးပြုခဲ့ပေသည်။

လယ်သမား သူပုန်ကြီးပြီးနောက် တို့ဗမာ အစည်းအရုံး ပေါ်လာရာ၊ ဆရာကြီးသည် ရေနံချောင်း သခင်ညီလာခံသို့ တက်ရောက်ကာ 'မစ္စတာမောင်မှိုင်း' အမည်စွန့်၍ 'သခင်' အမည် ခံလိုက်လေသည်။

'တို့ဗမာတခွင် သခင် ထိုအကျော် အမော်ဂိုဏ်းတွင်ဖြင့်
မျှိ့ ရတနာသဘင် အကြင်ဗြဟ္မစိုရ် ဇော်ကသိုဏ်းတွေနှင့်
ပလ္လင်ဗဟိုတနှိုင်းပေပ ဇမ္ဗူသမိုင်းပျော်စရာအခြေ
အိုကွယ်..... သခင်ကိုယ်တော်မှိုင်းရယ်လို့ လူတိုင်းခေါ်ကြစေ.....'

၁၃၀၀- ပြည့် အရေးတော်ပုံဟု ထင်ရှားသော ၁၉၃၈-၁၉၃၉ အထွေထွေသပိတ်ကြီးမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ပညာရှင်တို့ လက်တွဲသော ပြည်သူ့အာဏာခေတ် သို့ ဦးတည်သော လူထု လှုပ်ရှားမှုကြီးဖြစ်ရာ တို့ဗမာ အစည်းအရုံးနှင့် ကျောင်းသားသမဂ္ဂသည် တော်လှန်ရေးတပ်ဦး ဖြစ်လာသည်။ ဆရာကြီးသည် ယင်း နယ်ချဲ့ ဆန့်ကျင်ရေး အင်အားဘက်မှ မားမားမတ်မတ် ရပ်ခဲ့ပေသည်။

'သြော်.... အထက်နဂိုက
ပျက်ပြိုလို့ကျခဲ့တဲ့
ကနက်ဗဟိုပလ္လင် လက်စအကြွင်းပေထင့်
တက္ကသိုလ်သဘင် သမဂ္ဂအသင်းဆီက
....................................
အိုကွယ် တက်မဟ အတင်းဟေ့လို့
အကွက်ကျကျ နင်းနင်းပြီး
ခက်သမျှရှင်းပေမည့်
သတင်းဒေါင်းအိုးဝေ'

ကျွန်တော်သည် ဆရာကြီး၏ ကဗျာများကို ခံစားရမှန်းသိစ၊ ၁၃၀၀ ပြည့်အရေးတော်ပုံ အတွင်း၌ ဆရာကြီးနှင့် သိကျွမ်းလာခဲ့ရသည်။ ဆရာကြီးမှာ ကျွန်တော်တို့ဘက်က ပါကလား ဟူသော အသိသည် ဆရာကြီး၏ ကဗျာကို ခံစားရမှန်း သိစေသည်။

(၃)

ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အမြဲတမ်း ခေတ်အဆက်ဆက်တိုင်း တော်လှန်ရေး ဘက်ကသာ နေသည်။

ကျွန်တော်တို့ မီသော တို့ဗမာ အစည်းအရုံး နှစ်ခြမ်းကွဲခေတ်၌ ဆရာကြီးသည် တော်လှန်သော ဂိုဏ်းဘက်က ရပ်တည်ခဲ့သည်ကို သတိရသေးသည်။

ဆရာကြီးသည် ဖောက်ပြန်သည့်ဘက်ကို ကဲ့ရဲ့ရှုတ်ချ၍ တော်လှန်ရေးဘက်ကို ချီးကျူးဂုဏ်ပြုသည်။ ဤကား ဆရာကြီး၏ အနုပညာဝါဒ ဖြစ်သည်။

ဝံသာနု လှုပ်ရှားမှု တိုးတက်နေစဉ်က......

'သြော်...... ပြေအမှုပေမို့
ငွေခရုငယ်နှင့်
ဇေယျတုပါကွယ့်
သပြေနုချိန် တင်ရန်ပန်းတွေကလဲ များပါဘိသနှင့်
ဖေပုရှိန် အင်္ဂလန်နန်းမြေသွားတို့မှာဖြင့်......'

ဟု ဘိလပ်သွားအဖွဲ့ကို ဂုဏ်ပြုခဲ့သည်။ သို့သော် ယင်း ၀ံသာနုအဖွဲ့ပင် ဒိုင်အာခီ ရာထူးပေးကာ နယ်ချဲသမားနှင့် စေ့စပ်ပူးပေါင်းသွားသောအခါ....

'ခွေးရူးပြန် မသာ၏ အလောင်းလိုပ
အခါအလှည့် မကောင်းစေဘို့
အစားချောင်စရာကြံ
မယားတောင်ညာခံတွေနှင့်
စံသည်တကား
အိုကွယ်... ငါးထောင်သပြာစားမာန်ရယ်နှင့်
မာန်ဖီဖီပွါး'

ဟူ၍ ဖောက်ပြန်သည့်ဘက်ကို ရှုတ်ချခဲ့ပေသည်။

ဂျပန်ခေတ်၌ကား ကျွန်တော်သည် ဆရာကြီးနှင့် နီးနီးကပ်ကပ် နေခွင့်ရခဲ့သည်။ တို့ဗမာအစည်းအရုံး ဥက္ကဌဟောင်း သခင်တင်မောင်နှင့်အတူ သွားတက်ကာ တခါတရံ ဆရာကြီး၏ အိမ်မှာပင် ညအိပ်ရသည်။ နေ့လယ်နေ့ခင်းတွင် ဆရာကြီး၏ လက်ဖက်ဝိုင်း၌ ထိုင်မိကာ စာပေရေးရာ၊ နိုင်ငံရေးရာ ရှေးဟောင်းနှေင်းဖြစ်များကို ကြားနာခဲ့ရသည်။ ဆရာကြီးမှာ အသက်ထင်ရှားရှိနေသော အမျိုးသားလွတ်မြောက်ရေး ရာဇ၀င် ဂန္ထ၀င် ကျမ်းကြီးတဆူ ဖြစ်ပေသည်။

ဆရာကြီးသည် ဖက်ဆစ်ခေတ် အတွေ့အကြုံကို.....

'ကြမ္မာဝေဖန် ကောက်ကျစ်တဲ့ အကျိုးပေထင့်
မဟာရွှေဂျပန် စောက်ကျင့်ဆိုးသော်လဲ
ပဂိုးငရမန် ပုဂံမှာ မှားသလိုပ
သြော်.... ရှေးရဲ့အဖို့မှာတော့
ဘုရင် အကျော်အမော် ဧကရာဇ်တပါးပေပေါ့
အို... အဓိပတိကြီးရဲ့
အေးစဖွဲ့ အရေးနွဲ့ရှာသနဲ့
သြော်.... တွေးတဲ့လို့ တင်နော်ဟေကာသနား။
(၀ါ) တနည်းတထွေမှာတော့
နေမျိုး နေမျိုး သဝေထိုးလေပြီတကား'

စသည်ဖြင့် ဟာသဥာဏ်ဖြင့် သရုပ်ဖော်ထားပေသည်။ လွတ်လပ်ရေး ရသောအခါ ဆရာကြီးသည်.....

'လောကသမားပီပီ သခင်တပဲ့တွေနဲ့
အတွင်လှဲ့ကာ တောင်ခြေကဆင်းပြီး
အောင်မြေနင်းပါလို့
အပင်းအဆိပ် စားသကဲ့သို့သော
အင်္ဂလိပ်များကို ဂျောင်းလကွာ ဂျောင်းလကွာနှင့်
မောင်းကာ ထုတ်လိုက်သမို့
အဟုတ်ပင် တကယ်လွတ်သော်လဲ
ဘယ်ဝဋ်ဖန်သာ ကံကြမ္မာပေးလေဘိ
သြော်... အင်္ဂလန်က၊ ယခင်အဖန်ဖန်
တင်ပြန်တယ်ဆိုတဲ့ ကြွေးတွေရဲ့အပြင်
ငွေမရှိပြန်လျှင်၊ အမေရိကန်ထံချေးရတဲ့
ကြွေးမျိုးစုံ ကုဋေကုဋာဖြင့်
ပြေရွာမှာ သေတာလောက် မကောင်းချိန်မို့....'

စသည်ဖြင့်.... နိုင်ငံရေး အရ လွတ်လပ်သော်လည်း စီးပွါးရေအရ မလွတ်လပ်ပုံကို နားလည်ပေသည်။

လွတ်လပ်ရေးရပြီး ပြည်တွင်း မငြိမ်းမချမ်း ဖြစ်သောအခါ ဆရာကြီးသည် ငြိမ်းချမ်းရေး ဗိသုကာ ဖြစ်လာတော့သည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့အစည်းတို့၌ ဦးစီဦးကိုင် ဖြစ်လာပေသည်။

ပြည်တွင်း မငြိမ်းမချမ်း ဖြစ်သည်နှင့် ပတ်သက်၍ ဆရာကြီးက......

'တို့ဗမာ သခင်ဗဟိုဝယ်
တို့သာလျှင် တဗိုလ်ကျမဟဲ့ဆိုတဲ့
အလိုမငယ် ဆိုရှယ်လစ်ကယ်နှင့်
တံခွန်တလူလူ ကွန်မြူနစ်ကယ်တို့
မချစ်သာ မေတ္တာကင်းပြန်သနဲ့
အချင်းချင်းပင် တငြင်းထဲ ငြင်းငြင်းပြီး
မင်းပွဲအတုမှာ ထမင်းခဲလုကာလယ်မျိုခဲပါလို့
ပွဲချင်ပြီး အသေအကြေ၊ တအူအူအသံဗလံနှင့်
တဆူဆူ တညံညံကိုက်ကြ၊ တိုက်ကြ၊ မိုက်ကြတော့.......'

စသည်ဖြင့် တို့ဗမာ သခင်ခေတ်က တပည့်ကျော်များအား ကရုဏာဒေါသော ဖြစ်ရပြန်လေသည်။

(၄)
၁၃၀၀- ပြည့် အရေးတော်ပုံမှ စ၍ ၁၉၆၃- အထိ အနှစ်အစိတ်လောက်သော ကာလအတွင်း ကျွန်တော်သည် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ထွန်းညှိခဲ့သော မီးရှူးတန်ဆောင် လင်းပြရာ လမ်းမ၌ လျှောက်ခဲ့ရပေသည်။ ဆရာကြီး၏ လက်ဖက်ဝိုင်း၌ စကားနာသူ၊ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့အစည်းဥက္ကဌ ဆရာကြီး၏ လက်ထောက်၊ နိုင်ငံခြားသို့ အစည်းအဝေးတက်၊ မိတ်ဆက်ချစ်ကြည်ရေးခရီး အတူသွားရသူ၊ မြစ်ဝကျွန်းပေါ်နှင့် အညာတခွင် ငြိမ်းချမ်းရေး ခရီးစဉ်၌ အတူပါရသူ၊ စသည်အားဖြင့် ဆရာကြီးထံပါး၌ နေခဲ့ရသည်။

ထိုအခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟူသော ပုဂ္ဂိုလ်ကို နာလည်ကာ ခင်လာပါတော့သည်။ ထိုပုဂ္ဂိုလ်ကား ပြည်သူ့ခေါင်းဆောင် ပြည်သူ့ကဗျာဓိရ်ကြီး ဖြစ်သည်။ ထိုအခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကဗျာတရားတို့ကို မင်လာပါတော့သည်။ ပုဂ္ဂိုလ်နှင့်တရားကို တခြားစီ ခွဲ၍ မရပါ။ ရှင်းပါအံ့။

ကျွန်တော်တို့၏ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု၌ တော်လှန်ရေး အကွေ့များကို ဖြတ်ကျော်ခဲ့ကြရသည်။ တကွေ့တကွေ့တွင် ခေါင်းဆောင်မှုပိုင်း၌ ဖောက်ပြန်ရေး၊ စေ့စပ်ရေးအစုနှင့် တိုးတက်သော တော်လှန်သောအစုတို့ လမ်းခွဲသောအခါတိုင်း ဆရာကြီးသည် တိုးတက်သော တော်လှန်သောဘက်က ရပ်တည်သည်။ ထိုအခါ ဆရာကြီးသည် ကဗျာဖြင့် ဖောက်ပြန်သည့် ဘက်ကို ရှုတ်ချကဲ့ရဲ့ကာ တိုးတက်သည့်ဘက်ကို ဂုဏ်ပြုသည်။ ထိုအကွေ့၌ ဖောက်ပြန်ရေးသမားများကို ထားရစ်ခဲ့ကာ တော်လှန်ရေးသမား များနှင့် လက်တွဲ၍ ဆက်လက်ချီတက်သွားသည်။

ထို့အတူ နောက်တကွေ့တွင်လည်း ယခင်တကွေ့တုန်းက တိုးတက်ခဲ့သော ခေါင်းဆောင်မှုသည် ဖောက်ပြန်လာသောအခါ သူတို့ကိုလည်း ထားရစ်ခဲ့ရပြန်ကာ တော်လှန် ရေး အင်အားသစ်ဘက်နှင့် လက်တွဲဆက်လက် ချီတက်သွားပြန်သည်။

ထို့ကြောင့် ဆရာကြီးအား အမြဲတမ်း တိုးတက်သည့်ဘက်၊ တော်လှန်သည့်ဘက်တွင် မြင်နေရခြင်း ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ဆရာကြီးနှင့် ၀ံသာနုခေတ်က လုပ်ဖော်ကိုင်ဖက် အသက် ၈၀ ကျော်အရွယ် ခေါင်းဆောင်အိုကြီးများမှာ သူတို့၏ ရာဇ၀င်ခန်းကုန်၍ နောက်တွင် ကျန်ရစ်ခဲ့စဉ် ဆရာကြီးမှာ အသက် ၁၄- ၅ နှစ် တက်သစ်စ တိုးတက် တော်လှန်သော ကျောင်းသားလူငယ်များနှင့် လက်တွဲလျက် ရှိနေပေသည်။

ဘာကြောင့် ဆရာကြီးသည် ခေတ်တိုင်း ခေတ်တိုင်း တိုးတက်သော၊ တော်လှန်သော အင်အားသစ်များ၏ နာယကကြီး ဖြစ်နေရသနည်း။

ဆရာကြီး၏ လုပ်ငန်းစဉ်မှာ ရှင်းသည်။ ဆရာကြီးသည် အမြဲတမ်း အဖိနှိပ်ခံ ပြည်သူ့ဘက်က နေခြင်းဖြစ်သည်။ ဖိနှိပ်သော လူတန်းစားဘက်၊ အုပ်စိုးသောဘက်က ဆရာကြီး ဘယ်တော့မှ မနေ။

တချိုက ဆရာကြီးကို 'ခေါ်ယင်လိုက်တာဘဲ၊ ခေတ်မမီတော့ဘူး၊ အတိုက်အခံ နိုင်ငံရေးပါတီတွေက အသုံးချနေတာ' ဟု ယူဆကြသည်။

ကျွန်တော်က ဤကဲ့သို့ မမြင်။

ဆရာကြီးသည် အံ့သြဘွယ်ရာ ကောင်းလောက်အောင်ပင် ပါးသည်။ ထက်မြက်သည်။ အခြေအနေကို သိမြင်နေသည်။ အဖိနှိပ်ခံဘက်က ခေါ်လျှင်သာ လိုက်သည်။ တိုးတက်သော ဘက်၊ တော်လှန်သောဘက်၌ အမြဲတမ်း တည်ရှိသော ဆရာကြီးထက် မည်သူက ခေတ်မှီဦးမည်နည်း။

ဆရာကြီးအား နိုင်ငံရေးပါတီများက အသုံးချသည်ဟူသော ထင်မြင်ချက်နှင့် ပတ်သက်၍ ဆရာကြီး၏ စေတနာမှာ မှတ်သားဖွယ်ကောင်းလှ၏။ တခါက ဆရာကြီးသည် ကွမ်းစားရင်း 'ဟေ့ တာရာ၊ ဆရာ့ကို အသုံးချတယ် ဘာတယ် ညာတယ် ပြောကြတာ ဆရာသိသားဘဲ၊ ဒီမယ် တာရာ ရ၊ ငြိမ်းချမ်းရေးအတွက်ဆိုရင် ဆရာ့ကို အသုံးချကြစမ်းပါ ဆရာခံ ပါ့မယ်'

ကျွန်တော့်မှာ ဆရာကြီး၏ စကားများအတွက် ရင်ထဲတွင် ကြေကွဲ ထိခိုက်မိလာသည်။

ဆရာကြီးသည် အခြေအနေနှင့် ဘယ်တော့မှ မကင်းကွာ၊ အမြဲတမ်း နောက်ဆုံး အခြေအနေကို သိပြီး ဖြစ်နေသည်။

ဆရာကြီးသည် ရှုပ်ထွေးပွေလီသော၊ မဲနက်သော နိုင်ငံရေး ၀င်္ကပါများကို သိသည်။ ဆရာကြီး၏ နိုင်ငံရေး အတွေ့အကြုံကား ကျွန်တော်တို့၏ အမျိုးသားလွတ်မြောက်ရေး သမိုင်း လောက် သက်တမ်းရင့်သည် မဟုတ်လော။ ဆရာကြီးသည် တခါတရံ.......

'သြော်.... သက္ကရာဇ်ကယ်နှင့်
အသက်စစ်လိုက်တော့
သက်ရှစ်ဆယ် တခုယုတ်အတွင်းတွင်မှ
သြော်... တက်ခေတ် တက်ခေတ်နှင့်
တဖက်ဖက် ညစ်ချင်တဲ့
ဖက်ဆစ်သဖွယ် ယခုတသုတ်မင်းတွင်ဖြင့်
အပြု ကျွန်ပ်မကင်းသူတွေနဲ့
ဘုရားထဲ တရားပွဲသဘင်
(အိုကွယ်) ဘသူ့အရှုပ်အရှင်းကိုမှ
ကြားလဲ မကြားချင်။
သြော်... ဘုရားအလုပ် တရားအလုပ်ကိုဖြင့်
အားထုတ်မယ် ကြံစည်ပေမယ့်.......'
စသည်ဖြင့် ညည်းမိသည်မှာ ဓမ္မတာပင် ဖြစ်သည်။

ဆရာကြီး၏ ဘ၀ အတွေ့အကြုံကား ကုံလုံကြွယ်ဝလှသည်။ ဆရာကြီး၏ ဘ၀ မာတိကာစဉ်ကား များထွေလှသည်။ ဘုန်းကြီးကျောင်း စာသင်သား၊ အညာခရီးသည်၊ စာစီသမား၊ စာပြင်ဆရာ၊ အယ်ဒီတာ၊ ဆောင်းပါးရှင်၊ ရာဇ၀င်ကျမ်းပြုဆရာ၊ စာပေကျမ်းပြုဆရာ၊ ၀တ္ထုရေးဆရာ၊ ပြဇာတ်ဆရာ၊ မြန်မာစာပါမောက္ခ၊ သတင်းစာဆရာ၊ ကဗျာဆရာ၊ ဒို့ဗမာအစည်းအရုံးနာယက၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်ငြိမ်းချမ်းရေး အဖွဲ့အစည်းဥက္ကဌ၊ စတာလင် နိုင်ငံတကာ ငြိမ်းချမ်းရေးဆုရ၊ အင်္လကာကျော်စွာ ဘွဲ့ရ၊ ဂျာမဏီတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရ။

ဤ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟူသော ပုဂ္ဂိုလ်ကို ခင်ပြီးနောက် ဘာကြောင့် ဆရာကြီး၏ ကဗျာတရားတို့ကို မမင်ဘဲ နေနိုင်မည်နည်း။

ဆရာကြီးသည် သူရေးသည့်အတိုင်း လုပ်သည်။ ဆရာကြီး၏ တရားသည် ဆရာကြီး၏ အလုပ်မှ ထွက်ပေါ်လာသည်။ ဤအချက်မှာ အထူးခြားဆုံးဖြစ်၏။

နိုင်ငံရေးလောက၌ ပြောသလို လုပ်သူ ရှားသည်။ အပြောတခြား အလုပ်တခြားက များသည်။ ပုဂ္ဂိုလ်နှင့်တရား ဘာမျှမဆိုင်ကြ။

ဆရာကြီးသည် အခန်းထဲမှ ကဗျာသက်သက် ရေးသူ မဟုတ်ပေ။ မှန်တံခါးအတွင်းမှ နေ၍ လယ်ထွန်စက်ကို ဖွဲ့သော လယ်သမား အလုပ်သမား တဆိပ်တပ် သုခမိန် မဟုတ်ပေ။ ဆရာကြီးသည် ပြည်သူကြား၌ နေကာ ပြည်သူတို့၏ ရင်ခုန်သံကို ဖော်ကျူးသည်။ ဆရာကြီး၏ အမျိုးသားလွတ်မြောက်ရေး ရဲတင်းသံကြောင့် ပြည်သူတို့ ရဲရင့်ရသည်။ ဆရာကြီး၏ ငြိမ်းချမ်းရေး ရဲတင်းသံကြောင့် ပြည်သူတို့ အားသစ်လန်းရသည်။

ဆရာကြီး၏ ကဗျာများကို လေ့လာခြင်းသည် ပြည်သူ့စပ၏ သဘောတရားကို လေ့လာခြင်း မည်ပေသည်။

ဆရာကြီးသည် ကဗျာအတွက် ကဗျာရေးသူ မဟုတ်ပေ။ ဆရာကြီးသည် ပိဋိကတ် စကားများကို မသုံးနှုန်း၊ အရပ်စကား လူထုစကားကိုသာ သုံးသည်။ ကဗျာကို က၀ိ၏ ဥစ္စာဟု ခက်ခဲနက်နဲအောင် ဘယ်တော့မှ မကြီးကျယ်၊ မ၀င့်ဝါ။ ထိုကြောင့် ဆရာကြီးသည် မဟာသခင်ကိုယ်တော်မှိုင်း။

ကျွန်တော်သည် ဆရာကြီး၏ ရဲတင်းသံကို ကြားရင်း ရင်ခုန်လာသည်။ သွေးသစ်တိုး လာသည်။

(၅)

ဒတ်ဆန်းကားလေးသည် ၃ နှစ်ကျော် ကွဲကွာနေခဲ့သော လမ်းကလေးသို့ ချိုးဝင်လိုက် သည်။

စိမ်းသော သစ်ပင်များသည် မြရွက်တို့ဖြင့် မြူးကနေကြသည်။ သစ်ရိပ်ပြောက်ကျား ထဲမှ နေ၀န်းနီနီသည် ကျွန်တော့်ထံ ပြေးလာ၏။

ဒဂုန်တာရာ
ငွေတာရီမဂ္ဂဇင်း၊ ၁၉၆၇၊ ဇူလိုင်။
{ဒဂုန်တာရာ ရဲ့ 'စာလုံး၊ ဆေးစက် စောင်းကြိုး နှင့် ကတ္တီပါကားလိပ်' ၁၉၇၄ ဧပြီလ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်}